ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်၊ အစိုးရ ကျန်းမာရေး ဌာနနှင့် NGOs network အဖွဲ့များက getting to zero 2011 ဆောင်ပုဒ်ဖြင့် ပူးပေါင်းပြုလုပ်သည့် ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ပူးပေါင်း ပါဝင်ခဲ့သည်။ FEDသည် NGOs network အဖွဲ့ဝင် တခုလည်းဖြစ်ပြီး ယခုလို ပူးပေါင်း ပါဝင်ခြင်းသည် (၆)ကြိမ်မြောက် ဖြစ်သည်။
အခမ်းအနား ဖွင့်ပွဲ၌ လက်ထောက် မြို့နယ်မှူးက အမှာစကား ပြောကြားရာတွင် ဖန်ခရိုင်အတွင်း HIV ပိုးကူးစက် ခံထားရသူ (၄၀၀၀)ထောင်ကျော် ရှိပြီး (၃၀၀၀)ကျော်မှာ သေဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ရောဂါရှင်များကို အားပေး နှစ်သိမ့်မှုနှင့် လူထုများကို ပညာပေးမှု အပိုင်းမှာ လိုအပ်ချက်များ ရှိနေသည်ကို သိသာ စေပါကြောင်း ထို့ကြောင့် တက်ရောက်လာသည့် အဖွဲ့အစည်းများနှင့် တက်ရောက်လာသူများ အနေဖြင့် ၀ိုင်းဝန်းကြိုးစား ဆောင်ရွက်ပေကြဖို့ တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့သည်။
အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အဓိက သုံးစွဲနေရသည့် ARVဆေး ရရှိမှုမှာ ထိုင်းနိုင်ငံ ရေးကြီးနေခြင်းကြောင့် အခက်အခဲများ ရှိနေကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)မှ ကျန်းမာရေးဌာန တာဝန်ခံ ကိုအောင်ကြည်က အခုလို ပြောပြသည်။
“ထိုင်းနိုင်ငံမှာ ရေကြီးနေလို့ ထိုင်းလူမျိုးတွေတောင် ARV ဆေးရဖို့ လက်ရှိမှာ ခက်ခဲနေပါတယ်။ ကျွန်တော်တို့ ရွှေ့ ပြောင်း အလုပ်သမားတွေ အနေနဲ့က ပိုဆိုးပါတယ်။ တချို့ ဆေးရုံရက်ချိန်း တစ်ခါကို နှစ်လစာ ဆေးရနေတဲ့ လူနာတွေတောင် တစ်လစာပဲ ရတယ်။ တချို့ ဆေးရုံတွေက ဆေးရဖို့ အာမခံချက် မရှိလို့ မြန်မာပြည် ပြန်သူတွေတောင် ရှိတယ်။ ဆိုလိုတာက မဖြစ်ခင် ကြိုတင်ကာကွယ်မှု အပိုင်းမှာ ပိုပြီး အရေးကြီးလာပါပြီ”
အခမ်းအနားကို ယခုလ (၁)ရက်နေ့ မနက် (၈)နာရီ (၁၅)မိနစ်တွင် လမ်းလျှောက် ချီတက်ခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ပြီးနောက် အကပဒေသာများဖြင့် ဖြေဖျော်ခြင်း၊ HIV/AIDSနှင့် သက်ဆိုင်သော ဗဟုသုတများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အမေးအဖြေ မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အစိုးရ ကျန်းမာရေးဌာန ၀န်ထမ်းများ၊ NGOs ၀န်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း လူဦးရေ (၆၀၀)ကျော် တက်ရောက်ခဲ့ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ နေ့လည် (၁)နာရီတွင် အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
GHRE - အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အခမ်းအနားအား FED ပူးပေါင်း ပါဝင်




