22
Feb

အေ့စ်ကလေးငယ်များ ပြုစု စောင့်ရှောက်နေသော ပုလဲမေတ္တာ ရန်ပုံငွေ လိုအပ်နေ

မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ပုလဲမေတ္တာ ဂေဟာတွင် HIV/AIDS ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ် ၁ဝ ဦးကို ပြုစု စောင့်ရှောက် ပေးထားကြောင်း အဆိုပါ ဂေဟာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုလဲမေတ္တာမှ ပြုစုစောင့်ရှောက် ထားသော ကလေးငယ်များသည် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့မှ ကလေး များ ဖြစ်ပြီး ကလေး အများစုသည် မိဘများ ထံမှ ရောဂါ ကူးစက်မှုခံရ သူများဖြစ် ကာ နောက်ဆုံးအဆင့် ဆေးသောက် နေရသူ ကလေးငယ် လေးဦး ပါဝင် ကြောင်း၊ အဆိုပါ ကလေး ၁ဝ ဦးကို ပြုစု စောင့်ရှောက်ရန် အတွက် တစ်လလျှင် ငွေကျပ် ၁၅ သိန်းခန့် ကုန်ကျပြီး တစ်နှစ်တစ်ခါ အလှူရှင်ကို ရှာဖွေနေ ရသဖြင့် အခက်အခဲ များ ရှိ နေကြောင်း တာဝန်ခံ ဆရာမတစ်ဦး ကပြောသည်။

ပုလဲမေတ္တာကို ၂ဝ၁ဝ ခုနှစ်၊ မေလတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ကလေးငယ်များ အတွက် လိုအပ်လျက် ရှိသော ဆေးနှင့် ဆေးပစ္စည်း များကို AZG (MSF.H) (နယ်စည်း မထား ဆရာဝန်များ အဖွဲ့ ဟော်လန်) နှင့် ရတနာမေတ္တာ တို့မှ ကူညီပံ့ပိုး ပေးထားကြောင်း ၄င်းကပြောသည်။

”သမီးက ရခိုင်ပြည်နယ်ကပါ။ ဆေးသောက်ရတာ ၇ နှစ်၊ ၈ နှစ် ရှိပါပြီ။ ဆေးဝယ်ရတာ အခက်အခဲ ရှိပြီး မမှန်တဲ့ အတွက် အခုဆိုရင် နောက်ဆုံး အဆင့်ဆေး ကို သောက် နေရပါတယ်။ သမီးရောဂါက ဆေး ထိုးအပ်က တစ်ဆင့် ကူးတာပါ”ဟု ဝေဒနာရှင် သမီးငယ်လေး မချမ်းအေး စံက ပြောသည်။

HIV/AIDS ရောဂါအတွယ် သောက်ရသည့်ဆေး များသည် ပထမအဆင့် အတွက် တစ်လလျှင် ငွေကျပ် ၆၅ဝဝဝ ပေးရပြီး နောက် ဆုံးအဆင့် အတွက် ဆေး ကိုငွေကျပ် တစ်သိန်းကျော် ပေးရသောကြောင့် ဝေဒနာ ရှင်များ အိမ်တွင် ဆေးသောက် ရန် ခက်ခဲကြခြင်း ဖြစ်သည်။

”ကျွန်မတို့က ကလေးတွေ အတွက် ကျန်းမာရေး၊ ပညာရေးကို အဓိက ပြုစုစောင့်ရှောက် ပေးတာပါ။ သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ သက်တမ်းစေ့ နေနိုင်ဖို့ ကျွန်မတို့ ကြိုးစား နေပါတယ်။ ဒီအတွက် ငွေကြေး လိုအပ်ပါတယ်။ ကျွန်မတို့ဆီ မှာ အမြဲတမ်း အလှူရှင် မရှိပါဘူး။ ဟော်လန် နိုင်ငံသား တစ်ဦးရဲ့ အကူ အညီနဲ့ တစ်နှစ် တစ်ခါ အလှူရှင်ရှာ နေရတာပါ။ ဒီအတွက် မည်သူမဆို လှူဒါန်းနိုင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ပုလဲမေတ္တာသို့ ဆက်သွယ် လိုပါက အမှတ်-၂၁၂၊ စံပယ်လမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံ မြို့နယ်၊ ရန် ကုန်၊ ဖုန်း-ဝ၉-၄၉၂၇၆၄၆၉ သို့ ဆက်သွယ်နိုင်သည်။

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ)

Popularmyanmar - အေ့စ်ကလေးငယ်များ ပြုစု စောင့်ရှောက်နေသော ပုလဲမေတ္တာ ရန်ပုံငွေ လိုအပ်နေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top