မြန်မာနိုင်ငံအတွင်း
HIV/ AIDS ခံစားနေရသူတွေအတွက် သက်သာစေနိုင်တဲ့ ART (antiretroviral
treatment) ကုသမှုကို လောလောဆယ် ထောက်ပံ့နိုင်တဲ့ အနေအထားထက် ပိုပြီး
လိုအပ်နေပြီလို့ MSF ခေါ်
နယ်စည်းမခြား ဆရာဝန်များအဖွဲ့က နိုဝင်ဘာ ၂၅ ရက်နေ့မှာ အစီရင်ခံစာ
ထုတ်ပြန်လိုက်ပါတယ်။
၁၉၉၃ ခုနှစ်ကတည်းက
မြန်မာနိုင်ငံထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ပံ့ပိုးနေတဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က မြန်မာနိုင်ငံအတွင်း HIV/ AIDS ဝေဒနာရှင်တွေကို လက်ရှိ ART ကုသမှုနှုန်းဟာ
လုံလောက်မှု မရှိပဲ ပိုမိုမြှင့်တင်သင့်တယ်လို့ စစ်အစိုးရနဲ့ နိုင်ငံတကာ
အဖွဲ့အစည်းတွေကို ဆော်သြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ
HIV / AIDS ဝေဒနာရှင်ပေါင်း
၂သိန်း ၄ သောင်းဝန်းကျင်ရှိတဲ့ထဲ
၇၆,၀၀၀လောက်က ART ကုသမှုကို
အမြန်လိုအပ်နေပြီး - အဲဒီထဲ က ART ကုသမှု ရရှိနေတဲ့
ဦးရေဟာ ၂၀ ရာခိုင်နှုန်းတောင် မရှိဘူးလို့ MSF က
ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ
HIV/ AIDS ဝေဒနာရှင်
အရေအတွက်နဲ့ ပတ်သက်ရင် စစ်အစိုးရသတ်မှတ်တဲ့ ဦးရေနဲ့ နိုင်ငံတကာ ပညာရှင်တွေကြား
သတ်မှတ်တဲ့ ဦးရေအကြား အမြဲအငြင်းပွားနေတာ ဖြစ်ပြီး နိုင်ငံတကာ ပညာရှင်တွေကတော့
စစ်အစိုးရ သတ်မှတ်တဲ့ ဦးရေဟာ အမှန်တကယ် ရှိနေတဲ့ ဝေဒနာရှင်ဦးရေထက် အများကြီးနည်းသေးတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇
ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ HIV/ AIDS ကြောင့် သေဆုံးသူပေါင်း ၂ သောင်း ၅ ထောင်ရှိတယ်လို့
ဆိုပါတယ်။ MSF အနေနဲ့ ဝေဒနာရှင်တွေကို ရောဂါ သက်သာအောင် ကုသပေးတဲ့ နေရာမှာ
ဆေးမလုံလောက်တဲ့ အတွက် ရွေးချယ်ကုသပေးနေရပုံကို MSF မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Frank
Smithuis က ရှင်းပြပါတယ်။
အရင်တုံးကဆိုရင်
MSF အနေနဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး ၊ လူနာတွေ ဆေးခန်းကို
ရောက်လာတာနဲ့ မှတ်ပုံတင်၊ နံမယ် စာရင်းသွင်းပြီးပြီဆိုရင်
ချက်ချင်းကုသပေးနိုင်ပါတယ်။ အခုဆိုရင် ကုသပေးနိုင်တဲ့ လူနာဦးရေအပေါ်
ကန့်သတ်ထားရပါတယ်။ ပထမအုပ်စုကတော့ အရင်ကတည်းက MSF ဆေးခန်းတွေမှာ နံမယ်
စာရင်းဝင်ပြီးသား လူနာတွေပါ။ သူတို့အနေနဲ့ ART ကုသမှု
လိုလာပြီဆိုရင် ချက်ချင်း လိုအပ်တဲ့ ကုသမှုကို ပေးလိုက်ပါတယ်။ မိသားစုဝင်ထဲက HIV/ AIDS ဝေဒနာသည်ဖြစ်နေပြီး ART ကုသမှုကို
ခံယူပြီးသားသူတွေဆိုရင်လည်း ကုသပေးပါတယ်။ အဲလို လုပ်ရတဲ့ အကြောင်းရင်းကတော့
လူနာတဦးက တခြားမိသားစုဝင်တွေနဲ့ ဆေးကိုမျှ မှီဝဲနေမယ်ဆိုရင် ကုသမှုက ထိရောက်မှု
မရှိတော့တာကြောင့်လို့ Mr. Frank Smithuis ကရှင်းပြပါတယ်။
စစ်အစိုးရဟာ ၂၀၀၇
ခုနှစ်အတွင်း မြန်မာနိုင်ငံသားတဦးအတွက် အမေရိကန် ဒေါ်လာငွေ ၇ ပြားဖိုးပဲ အကုန်အကျခံခဲ့တာ ဖြစ်ပြီး HIV/ AIDS
အတွက် ၂၀၀၈ခုနှစ် တနှစ်လုံးအတွက် အမေရိကန်ဒေါ်လာ ၂သိန်းပဲ အသုံးပြုခဲ့တယ်လို့ MSF က
ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအတွင်း
လုပ်ငန်းတွေဖော်ဆောင်ရတာ အကျပ်အတည်းတွေ အများကြီးရှိပေမဲ့ လူတွေ အသက်ကို ပိုမိုကယ်တင်နိုင်တဲ့
အခြေအနေတွေ အများကြီးရှိပါတယ်လို့လည်း MSF က ထုတ်ပြန်
ကြေညာထားပါတယ်။
သတင်း
အေ့ဒ်စ်ရောဂါကုသရေးအတွက်
ဆေးဝါးများ ပိုမိုလိုအပ်လျက်ရှိ




