နိုင်ငံပေါင်း ၆၅နိုင်ငံက
ကျွမ်းကျင်ပညာရှင်တွေဟာ အာရှနဲ့ပစိဖိတ်ဒေသက အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေး
လုပ်ငန်းတွေအကြောင်း ဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံမှာ တနင်္ဂနွေနေ့က စုရုံး ရောက်ရှိလာခဲ့ကြပါတယ်။
ဘာလီအပန်းဖြေ ကျွန်းမှာပြုလုပ်တဲ့
ကိုးကြိမ်မြောက်အာရှ - ပစိဖိတ်ဒေသ အေ့ဒ်စ်ရောဂါ ဆိုင်ရာ နိုင်ငံတကာ ကွန်ဂရက်ကို
အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘန်းယူဒိုယိုနိုက ဖွင့်လှစ် ပေးတာဖြစ်ပါတယ်။ ကွန်ဂရက်မှာ
အေအာရ်ဗီ (antiretroviral) ဆေးဝါးကုသမှု ကမ္ဘာအနှံ့ရရှိနိုင်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို
အဖြေရှာသွားမယ်လို့ ကွန်ဂရက်ဥက္ကဌ ဆူဘရီဂျော့ဘန်းကဆိုပါတယ်။
အာရှပစိဖိတ်ဒေသက အေ့ဒ်စ်ဝေဒနာသည်
၁.၇ သန်း အနက် လေးပုံတစ်ပုံသာ ဆေးဝါးရရှိနေတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့လည်း
အာရှပစိဖိတ်ဒေသက အိပ်ခ်ျအိုင်ဗီပိုး ပျံ့နှံ့မှုဟာ အာဖရိကဒေသနဲ့ယှဉ်ရင်
နိမ့်ကျနေဆဲပဲလို့ ဆိုပါတယ်။
တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ
ရောဂါပျံ့နှံ့မှု ၀.၃ ရာခိုင်နှုန်း ရှိပြီး ဆာဟာရ အောက်ပိုင်း အာဖရိကဒေသမှာ ငါးရာခိုင်နှုန်း
ရှိတယ်လို့ ဂျော့ဘန်းကနှိုင်းယှဉ်ပြပါတယ်။
(ဩဂုတ်(၁၄) ၂၀၀၉ ခုနှစ်ထုတ် မော်ဒန်
သတင်းဂျာနယ်တွင် ဖော်ပြသည်။)




