27
Mar

အေ့ဒ်စ်ရောဂါသည်ပါဟု ခေါင်းစဉ်တပ်၍ တောင်းရမ်းသူများရှိလာ


 

ရန်ကုန်မြို့တွင်း လမ်းဘေး ငွေကြေးတောင်းခံသူအချို့ အေ့ဒ်စ်ရောဂါသည်အဖြစ်
ခေါင်းစဉ်တပ် တောင်းရမ်းမှုများ ရှိလာကြောင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့ကို
ဦးစီးဆောင်ရွက်နေသည့် အေ့ဒ်စ် ဝေဒနာရှင်တစ်ဦးက ပြော သည်။

 

HIV ရောဂါဝေဒနာရှင်ဟု ဆိုင်းဘုတ်ထောင်ကာ တောင်းရမ်းသူ များလည်းရှိလာသည့်အတွက်
၎င်းပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများအား ကူးစက်ရောဂါ မဖြစ်ပွားနိုင်သော်လည်း ပတ်ဝန်းကျင်ရှိ အခြားသူများအတွက် စိတ်အနှောင့်အယှက် ဖြစ်နိုင်ဖွယ်ရှိပြီး ယင်းကဲ့သို့ တောင်းရမ်းသူများမှာ အမှန်တကယ် ဝေဒနာရှင်များဖြစ်နိုင် သကဲ့သို့ အဆိုပါရောဂါအား တတ်အားသရွေ့ ကူညီလုပ်ကိုင်ပေးသည့်သူများ များပြားလာသဖြင့် အလွယ်တကူ၍ လိမ်ညာတောင်းရမ်းနေခြင်းမျိုး လည်းဖြစ်နိုင်
ကြောင်း Marie Stopes NGO မှ ဒေါက်တာစစ်နိုင် က သူ၏အမြင်ကို ပြောသည်။

 

“HIVရောဂါက တောင်းစားဖို့ လက်မှတ်တော့ မဟုတ်ဘူးဗျ။ HIVမှ
မဟုတ်ဘူး။ တခြားရောဂါသည် တွေလည်း ဆေးဖိုးဝါးခ၊ အခြားလိုအပ်ချက် တွေ အများကြီးရှိတယ်၊
ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ် နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီအတိုင်း တောင်းရမ်းလို့ရ
တာကို HIV ဆိုပြီး ဆိုင်းဘုတ် ထောင်တောင်းနေတာတော့ သိပ် မကောင်းဘူးပေါ့။ ရောဂါသည်တွေက
သူတို့ကို ကူညီတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အကူအညီယူနိုင် တယ်။ အကူအညီပေးနိုင်မှုကလည်း
နည်းနေတော့ အကူအညီ ပေးတဲ့အဖွဲ့တွေဆီက တစ်လကို ဆန် ၂ ပြည်၊ ၃ ပြည်ရမယ်ဆို တောင်းလို့
တစ်နေ့ကို လေးငါးထောင်ရနေတော့ တောင်းရမ်းမှုတွေ ဒီထက်များလာနိုင်တာပေါ့။ ရောဂါသည်မဟုတ်တဲ့သူ
တွေကလည်း HIVကို အခွင့်အရေး တစ်ရပ်လို အသုံးမချသင့်ပါဘူး။ တကယ်ဆို ဒီရောဂါသည်တွေက သူတို့ရောဂါရှိတယ်လို့
လူသိမှာ အရမ်းကြောက်ကြတာဗျ။ တကယ်လုံးဝမတတ် နိုင်တော့လို့ တောင်းတာမျိုးလည်းဖြစ် နိုင်တယ်”
ဟု အဆိုပါရောဂါကို ခံစားနေရပြီး NGOလုပ်ငန်းများတွင် ဦးဆောင်လုပ်ကိုင် နေသူတစ်ဦး ကလည်း
ယင်းကဲ့သို့ တောင်းရမ်းမှု များအပေါ် သူ၏ အမြင်ကို ပြော ပြခဲ့သည်။

 

HIVရောဂါခံစားနေရသူများ မှာ သာမန်လူများနှင့်မခြား ကျန်းမာကြသည့်အတွက် ခွဲခြားသိနိုင်ရန် ခက်ခဲကြောင်း၊ HIV/ AIDSရောဂါသည်များမှ ၁ဝ ရာခိုင်နှုန်း
လောက်သာ လူမမာများဖြစ် ကြောင်း ၄င်းက ဆက်လက်ပြော သည်။

 

“HIVရောဂါဆိုတာ လူကုံထံ၊ လူဆင်းရဲ ဘယ်သူမဆို ကူးစက်ခံရနိုင်တဲ့ရောဂါမျိုးပါ။
တချို့အိမ်မှာ အေးအေး ဆေးဆေးနေတဲ့ အမျိုး သမီးတွေတောင် သူတို့အမျိုးသား ဆီကနေတစ်ဆင့်
ခံစားရနိုင် တယ်။ ဒီလိုသာ HIVဆို ပြီးဆိုင်း ဘုတ် ထောင်တောင်းရမ်းမှုတွေ များလာ ရင် လူ့အပေအတေ
တွေမှာပဲ ဒီ ရောဂါဖြစ်နိုင်တာဆိုပြီး HIVပြုစု စောင့်ရှောက်ရေး၊ ကာကွယ်တိုက် ဖျက်ရေးလုပ်ငန်းတွေမှာ အနှောင့်အယှက်တွေ ဖြစ်လာနိုင်တယ်။ ရောဂါသည် တွေအတွက် ဆေးဖိုးဝါးခအပြင် ကုသပေးမယ့်ဆရာဝန်၊
ပညာပေးမယ့်သူ၊ အားပေးမယ့်သူ အများကြီးလိုတယ်။ အဲဒီလို လိုအပ်မှုတွေများတော့ ရောဂါသည်
အကုန်လုံးကိုတော့ ထိရောက်အောင် ကာကွယ်ကုသမှုတွေ မလုပ်ပေး နိုင်ဘူးပေါ့။ ဒီလို မလုပ်နိုင်တဲ့ကြားက
အဲ ဒီလို တောင်းရမ်းနေရင် လူ့အပေ အတေတွေမို့ ဒီရောဂါဖြစ်တာ ဆိုပြီး HIVကာကွယ်စောင့်ရှောက်ရေး
လုပ်ငန်းတွေကို ထိခိုက်နိုင်တယ်” ဟု ဒေါက်တာစစ်နိုင်က သုံးသပ်ပြော ကြားသည်။

 

HIVရောဂါသည် ယခင်တွင် မူးယစ်ဆေးသုံးစွဲသူများ ကူးစက်ခံ ရမှုအများဆုံးဖြစ်ပွားသော်လည်း
ယခုတွင် လိင်ဆက်ဆံမှုမှ ကူးစက် မှုအများဆုံး ဖြစ်ပွားလျက် ရှိနေကြောင်း၊ မြန်မာနိုင်ငံရှိ
HIV ရောဂါ ဖြစ်ပွားသူ ၂ သိန်း ကျော်တွင် ၇ သောင်းကျော်မှာ ဆေးသောက်ရန် လိုအပ်နေသူများဖြစ်သော်လည်း
ယင်းထဲမှ ၂ သောင်းခန့် ကိုသာ ဆေးဝါး အခမဲ့ ဝေငှပေးနိုင်သေး ကြောင်း၊ HIVပိုးကူးစက်ခံရသူများသည် ဆေးသောက်၍ အနှစ် ၂ဝ၊ ၃ဝ နှင့် အထက် အသက်ရှင်နေထိုင် နိုင်ကြောင်း HIV/ AIDS ရောဂါ
သည်များအား သွားဘက်ဆိုင်ရာ အခမဲ့ကုသပေး နေသည့် ဒေါက်တာ စောနိုင်က ပြောသည်။

 

HIV/ AIDSဟောပြောပွဲတွေ ကို မူးယစ်ဆေးသုံးတဲ့သူ၊ ပြည့်တန်ဆာ၊ ပြည့်တန်ဆာဆီလာတဲ့ ဧည့်သည်တွေ၊ အမျိုးသားချင်းစုံဖက်တဲ့ သူတွေကို အများဆုံး ပြောပြဆွေးနွေးတယ်။ လိုနေတာက လူငယ်တွေကို အသိပေးဖို့ပဲ။ မိဘတွေ၊ ဆရာသမားတွေက ဒါကို ခွင့်မပြုကြဘူး။ ငယ်သေးတယ်၊ ပျက်စီးပါ့မယ်ဆိုပြီးပေါ့။ ကျွန်တော်တို့ ဒီ ကောင်း အောင် ပြောပြသွန်သင်မယ့်
သူတွေကသာ စောင့်တာ။ ဗီဒီယိုတွေ၊ အင်တာနက်တွေ၊ လူကုန်ကူးမှုတွေကတော့ ငယ်ပါသေးတယ်ဆိုပြီး
စောင့်တာမျိုးမရှိဘူး။ ဒီရောဂါ ဖြစ်တဲ့သူအများစုကတော့ လိင်ဆက်ဆံလို့ ကူးကြတာပဲ။ ဒါမို့
လူငယ်တွေကိုလည်း ဟောပြောဖို့ အမှန်တကယ်လိုအပ်တယ်” ဟု Marie Stopes NGO မှ ဒေါက်တာ
စစ်နိုင်က ထပ်လောင်းပြောသည်။

 

ကျန်းမာရေး၊ ပညာရေးအတွက် အကူအညီပေးနိုင်မှုများမှာ လိုအပ်မှုများရှိနေသည့်အတွက်
ယင်းကဲ့ သို့ တောင်းရမ်းမှုများ များပြားလာခြင်းဖြစ်ကြောင်း၊ အဆိုပါ တောင်းရမ်းသူများမှာ
မြို့လယ်ကောင် လူစည်ကားရာ နေရာတွင်သာမက ရပ်ကွက်များ၌ပင် တွေ့မြင်လာရ ကြောင်း၊ HIV ရောဂါဝေဒနာရှင်
များ အတွက်လည်း ဆေးဝါး သာမက ဆရာဝန်၊ အားပေးအကြံပြုမည့် ပုဂ္ဂိုလ်၊ ပြုစု စောင့်ရှောက်ပေး
မည့် ပုဂ္ဂိုလ်၊ စားဝတ်နေရေး အဆင်ပြေရန် ကူညီမည့် အဖွဲ့အစည်း အစရှိသည့် လိုအပ်မှုများရှိ
ကြောင်း အထက်ပါ ပုဂ္ဂိုလ်များက အကြံပြု သည်။

 

ဝေမာထွန်း၊
ကျော်ဝင်းသူ

 

ပေါ်ပြူလာဂျာနယ်
-
အေ့ဒ်စ်ရောဂါသည်ပါဟု
ခေါင်းစဉ်တပ်၍ တောင်းရမ်းသူများရှိလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top