HIV/AIDS ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်များကို စာသင်ကျောင်းများ၌ ခွဲခြားဆက်ဆံမှုများ ရှိသောကြောင့် ကလေးများတွင် ရောဂါရှိသည်ကို ထုတ်ဖော်မပြောရဲကြောင်း အဆိုပါကလေးငယ်များ ကို စောင့်ရှောက်ပေးနေသည့် ပုလဲမေတ္တာမှ တာဝန်ခံတစ်ဦးက ပြောသည်။
“ကျွန်မတို့က ကလေးတွေကို ကျောင်းအပ်တဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပြီးအပ်တာပါ။ ကျောင်းအုပ်ကြီးတွေက လက်ခံပေမယ့် အတန်းထဲမှာကျတော့ ခွဲခြား ဆက်ဆံခြင်း ခံရပါတယ်။ အတန်းမှာရှိတဲ့ ကလေးတွေနဲ့ မထိုင်ခိုင်းဘဲ နောက်ဆုံးမှာ တစ်ယောက်တည်း ထိုင်ခိုင်းတာမျိုးတွေ ရှိပါတယ်” ဟု ၄င်းကပြောသည်။
ထို့အပြင် ကလေးများ၏ ရောဂါအခြေအနေအရ ဆေးခန်းပြရသောကြောင့် ကျောင်းပျက်ရက် များလာလျင်လည်း ကျောင်းထုတ်ခိုင်းသည်အထိ ဖြစ်လာကြောင်း၊ ထို့ကြောင့် ကျောင်းပြောင်းထားပြီး နောက်ကျောင်း များတွင် ကလေးများ၌ ရောဂါရှိသည်ကို မပြောတော့ကြောင်း ၄င်းက ဆက်လက်ပြောသည်။
”ကျွန်မတို့ ပုလဲမေတ္တာကိုတောင် မိဘမဲ့ကလေး စောင့်ရှောက်ရေးကျောင်းလို့ ပြောထားရတာ။ ပထမက ကျွန်မတို့ဆီမှာရှိတဲ့ ကလေးတွေကိုယ်တိုင်က သူတို့ဆီ မှာ ရောဂါရှိတာကို ဘယ်သူ့ကိုမှ မပြောပြကြဘူး။ အခုတော့ အသိပညာတွေ ရလာတော့ ဒီကိုရောက်လာတဲ့ ဧည့်သည်တွေကိုတော့ လိုလိုလားလား ပြောပြလာကြပါ တယ်။ တကယ်ဆိုရင် ကျွန်မတို့ က ရောဂါဖြစ်နေတဲ့ ကလေးတွေကို စိတ်အားမငယ်ရအောင် သက်တမ်းစေ့နေနိုင်အောင် ဝိုင်းဝန်းဆောင်ရွက် ပေးကြရမှာပါ။ အခုခေတ် အချိန်အခါမှာ ဒီရောဂါဖြစ်နေသူတွေကို ခွဲခြားဆက်ဆံတာတွေ မလုပ်သင့် တော့ပါဘူး” ဟု အထက်ပါပုဂ္ဂိုလ် က ထပ်လောင်းပြောသည်။
ထို့နောက် HIV/AIDS ရောဂါဝေဒနာ ခံစားနေရသူ၊ သမီးငယ်လေး သိမ့်သိမ့်သူကလည်း ”သမီးက အင်းစိန်မှာ အဘွားနဲ့ နေခဲ့တာပါ။ အဘွားနဲ့ အကြော်ရောင်းပါတယ်။ သမီးဆီမှာ ဒီရောဂါရှိနေတာ သိရတော့ ဦးလေးတွေက သမီးကို ခွဲ ခြားဆက်ဆံကြပါတယ်။ အဘွားကလည်း ဆေးဖိုးမပေးနိုင်တဲ့အတွက် သမီးဆေးမှန်မှန် မသောက်ခဲ့ ရပါဘူး။ နောက်ပိုင်း ဒီပုလဲမေတ္တာကို ရောက်ခဲ့ရတာပါ။ ဆေးသောက်မမှန်ခဲ့တဲ့အတွက် အခုဆိုရင် သမီး နောက်ဆုံးအဆင့်ဆေးကို သောက်နေရပါတယ်” ဟု ပြောသည်။
ပုလဲမေတ္တာသည် HIV/AIDS ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ် ၁ဝ ဦးကို စောင့်ရှောက်ထားသည့် နေရာဖြစ်ပြီး အဆိုပါကလေးငယ် ၁ဝ ဦးအနက် ရှစ်ဦး သည် မိဘများမှတစ်ဆင့် ရောဂါဝေဒနာ ခံစားနေ ရသော ကလေးငယ်များဖြစ်ကာ ကလေးငယ်လေးဦးသည် နောက်ဆုံးအဆင့် ဆေးကို သောက်သုံးနေရကြောင်း အ ထက်ပါ တာဝန်ခံထံမှ သိရသည်။
မင်းချစ်နိုင် (ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ )
Popular - အေ့ဒ်စ်ဝေဒနာရှင် ကလေးငယ်များ စာသင်ကျောင်း၌ ခွဲခြားဆက်ဆံခံနေရ




