9
Dec

အေ့ဒ်စ်ဝေဒနာရှင် စောင့်ရှောက်ရေး အကူအညီပေးရန် ပြင်သစ် သံအမတ် လာရောက်ဆွေးနွေး

တောင်ဒဂုံတွင် ရှိသော HIV/AIDS စောင့်ရှောက်ရေး အဖွဲ့ရှိ ဝေဒနာရှင်များအား ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr. THIERRY MATHOU လာရောက် တွေ့ဆုံ ဆွေးနွေး သွားကြောင်း ၄င်းအဖွဲ့၏တာဝန်ခံ ဒေါ်ဖြူဖြူသင်းက ပြောသည်။ ”အခု သံအမတ် ကိုယ်တိုင် လာကြည့်တာပေါ့။ တစ်ခါမှ လူနာအိမ်ကို မရောက်ဖူးဘူး ဆိုပြီး လာကြည့်တာ။ သူတို့ ဘာတွေ ကူညီပေးရမလဲ၊ ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ဆွေးနွေးခဲ့တယ်”ဟု ဒေါ်ဖြူ ဖြူသင်းက ပြောသည်။

မကြာသေးမီ အချိန်က ပြင်သစ်နိုင်ငံ လူ့အခွင့်အရေး အဖွဲ့မှ လာရောက်ခဲ့ကာ ၄င်းတို့ဘက်မှ တတ်နိုင်သမျှ ကူညီမည့် အကြောင်း ပြောဆိုသွားပြီးနောက် ယခုသံအမတ် H.E.Mr. THIERRY MATHOU ကိုယ်တိုင် လာရောက် ကြည့်ရှုသွားခြင်း ဖြစ်သည် ဟု ဒေါ်ဖြူဖြူသင်း ကပြောသည်။ ”အစ်မတို့ အခက်အခဲက အကုန်လုံး ရှိတာပေါ့။ အားလုံးမြင်တဲ့ အတိုင်း လူနာတွေ ထားရတာ အဆင်မပြေဘူး။ လာချင်တဲ့ လူနာ တွေကလည်း အများကြီးပဲ။ ဆေး ခန်းတို့၊ လူနာအတွက် ပညာပေးတဲ့ နေရာတို့ အခက်အခဲ ရှိတယ်။ သူတို့ကို တာဝန်ယူ ထားတာက အားလုံးနီးပါး တာဝန်ယူ ထားခဲ့တော့ အခက်အခဲ တွေ အကုန် လုံးပြောပြ လိုက်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သံအမတ်ကြီး နှင့် ဆွေးနွေးခဲ့မှု အချို့ကို ပြောသည်။

မည်သို့ ကူညီနိုင်မည်ဆို သည့် အကြောင်းအား ချက်ချင်း မဖွင့်ပြော သွားသော်လည်း လူနာများနှင့် တရင်းတနှီး တွေ့ဆုံ၍ ဆွေးနွေးမှု များ ပြုလုပ်သွားခဲ့သည် ဟု ဒေါ်ဖြူဖြူသင်းက ပြောပြသည်။ လူသားအကျိုးပြု HIV/AIDS ကာကွယ် စောင့်ရှောက်ရေး အဖွဲ့အား ၂ဝဝ၂ ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခဲ့ပြီး လက်ရှိ အခြေအနေတွင် လူနာ အဝင်အထွက် ၂ဝဝ နီးပါးရှိကြောင်း၊ နေရာဒေသ အသီးသီးမှ လာရောက် ပြသမှု ခံယူနေကြပြီး လူနာ ဖြစ်ပါက မည်သူမဆို လာရောက်ပြသနိုင် ကြောင်း ၄င်းထံမှ သိရသည်။

”လူနာ အများစုကတော့ လူလတ်ပိုင်းတွေ များတယ်။ အစ်မတို့ မှာတော့ နေရာဒေသ အခက်အခဲ အများကြီး ဖြစ်နေတယ်။ အစ်မကတော့ အခမဲ့နေရာတွေ နဲ့ချိတ်ဆက် ပြသပေးတယ်”ဟု ဒေါ်ဖြူဖြူသင်း ကဆိုသည်။ ယခုအချိန်တွင် လူနာများ တိုးတက်လာပြီး နေရာ ၂ ခုခွဲ ထားရကြောင်း ပြင်ပမှ လာရောက် ကူညီမှု မရရှိသေးသော်လည်း ပြည်တွင်းရှိ NGO အဖွဲ့အစည်း များ၊ ဆေးရုံဆေးခန်းများမှ လူနာများအတွက် ကူညီ ထောက်ပံ့မှု ပေးကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ဒီဇင်ဘာ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ကဏ္ဍပေါင်းစုံမှ လူ ၁ဝ ဦးနှင့် လာရောက် တွေ့ဆုံခဲ့ ရာတွင် ဒေါ်ဖြူဖြူသင်း အနေဖြင့် ယုံကြည်ချက်ကြောင့် ကျခံနေရသော အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ကျန်းမာရေး ကိစ္စများအား ခြုံငုံပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံ သံအမတ်ကြီး  H.E.Mr. THIERRY MATHOU သည် ဒီဇင်ဘာ ၅ ရက်နေ့နံနက်ပိုင်း က လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မေမြန်မာ

Popular News - ဒေါ်ဖြူဖြူသင်း ဦးစီးသော အေ့ဒ်စ် ဝေဒနာရှင် စောင့်ရှောက်ရေး အကူအညီ ပေးရန် ပြင်သစ် သံအမတ် လာရောက်ဆွေးနွေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top