19
Dec

အေ့ဒ်စ်ဝေဒနာရှင်များအတွက် ဆေးဝါးလှူလိုက ကူညီမည်



အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်
ကူးစက်ဝေဒနာရှင်များအတွက် အာဟာရထောက်ပံ့မှု၊ နာရေးကူညီမှု၊ ဆေးဝါး ထောက်ပံ့မှုတို့အပြင်
တရားစခန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိသော ရတနာ့မေတ္တာ (မန္တလေးရုံးခွဲ)က အေအာရ်တီဆေး
မရရှိသေးသော၊ ဆေးသောက်ရန် လိုအပ်သော လူနာများအတွက် ဆေးဝါးလှူဒါန်းလိုပါက ကြားဝင်ကူညီ
ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"လူနာကိုယ်တိုင်က
အေအာရ်တီ ဆေးသောက်ဖို့လည်း မတတ်နိုင်သေးဘူး။ ဆေးသောက်ဖို့ လူနာစာရင်းထဲလည်း လတ်တလောပါဝင်ဖို့
အနေအထားမရှိဘူး၊ အလှူရှင်တွေ အနေနဲ့လည်း လှူဖို့ရာဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့က ကြားဝင်ဆောင်ရွက်ပေး
မှာဖြစ်ပါတယ်။ ပြီးတော့ သူတို့ကလည်း အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက်ဌာနက အသိအမှတ်ပြုပြီးသား
ဆေးသောက်ဖို့ လိုအပ်တဲ့ လူနာတွေကိုပဲ ဆောင်ရွက် ပေးမှာပါပဲ"ဟု ဦးမြင့်ဆွေ၊ ရတနာ့မေတ္တာ(မန္တလေးရုံးခွဲ)
ဥက္ကဋ္ဌက ပြောကြားသည်။

လတ်တလောတွင်လည်း
အေအာရ်တီ ဆေးသောက်သုံးရန် လိုအပ်သူ တစ်ဦးကို ဆေးဝါး အလှူရှင်တစ်ဦးက လှူဒါန်းထားကြောင်း
သိရသည်။

"တချို့အလှူရှင်တွေကလည်း
ရွေးချယ်တာမျိုးတွေလည်း ရှိပါတယ်။ သူတို့ ဆေးဝါးလှူဒါန်းမယ့်လူမှာ ဘာသာရေး ကိုင်းရှိုင်းရမယ်ဆိုတာ
မျိုးတွေလည်းပါပါတယ်။ လှူမယ်ဆိုရင်တော့ ဒီဝေဒနာရှင်အတွက် တစ်လစာပဲ လှူဒါန်းရုံနဲ့မဖြစ်ပါဘူး။
သူ့ဘ၀ တစ်သက်လုံးစာအတွက်ပါ လှူသွားရမှာပါ။ တကယ်လို့ သူက အင်န်အေပီက ခွဲတမ်းအစီအစဉ်ထဲပါသွားရင်
သူ့အစား နောက်တစ်ယောက်ပြောင်းလဲ ထည့်ပေးသွား ရမှာပါ။ လူနာတစ် ယောက်ကို တစ်လ ၃၀,၀၀၀
ဝန်းကျင်နှုန်းနဲ့ ဆေးမရမချင်း လှူဒါန်းသွားရမှာပါ" ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်
မန္တလေးရှိ အိပ်ခ်ျအိုင်ဗီပိုးရှိသူ တချို့သာ အင်န်အေပီ၏ အစီအစဉ်နှစ်ခုဖြင့် အေအာရ်တီဆေး
သောက်သုံးခွင့်ရသူများ ဖြစ်သည်။

အိပ်ခ်ျအိုင်ဗီနှင့်
တီဘီရောဂါပိုး နှစ်မျိုးစလုံးရှိသူများအတွက် အေအာရ်တီ ဆေးတိုက်ကျွေးမှု အစီအစဉ်နှင့်
အိပ်ခ်ျအိုင်ဗီတစ်မျိုးတည်း ရှိသူအတွက် အေအာတီဆေး သောက်သုံးမှု အစီအစဉ် ဖြစ်သည်။ ဆေးဝါးလှူဒါန်းလိုပါက
နှစ်နှစ်စာသုံးနှစ်စာ လှူဒါန်းထားရန် လိုအပ်သည်ဟု ဆိုသည်။

"ခုကျွန်တော်တို့
စလုပ်ကတည်းက အခြေအနေနဲ့ယှဉ်ရင် အေ့ဒစ် ဝေဒနာရှင်တချို့ ကျန်းမာရေး ပိုကောင်းလာတာ တွေ့ရတယ်။
အရင်လို မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာ တာတွေ့ရတယ်ဗျ။ ကျွန်တော်တို့
အိမ်တိုင်ရာရောက် သူတို့တွေ ဘာတွေ လိုသလဲဆိုတာ သွားသွားကြည့်ပေးရတယ်" ဟု ရတနာ့မေတ္တာမှ
စေတနာ့ ၀န်ထမ်းတစ်ဦးက ပြောသည်။

ထို့ပြင်
လူအချင်းချင်း ခွဲခြားဆက်ဆံမှုများ၊ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်သူများ အပေါ်ခွဲခြားဆက်ဆံမှုများ
ပပျောက်စေရေးအတွက် တောင့်တင်းခိုင်မာသော လူ့အဖွဲ့အစည်း (Civil Society) နယ်မြို့ကြီးများတွင်
များများ ပေါ်ထွက်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့
အိပ်ခ်ျအိုင်ဗီပိုး ရှိသူတွေကို လူ့အဖွဲ့အစည်းမှာ ခွဲခြားတာမခံရဖို့ အရေးကြီးပါတယ်။
အဲဒီအတွက် အခုလို အဖွဲ့အစည်းတွေ များများပေါ်လာဖို့ ဆောင်ရွက်ကြရမှာပါ။ တစ်ဖက်ကလည်း
သံဃာတော်တွေ အနေနဲ့ အိပ်ခ်ျအိုင်ဗီပိုးနဲ့ အေအိုင် ဒီအက်စ်ရောဂါ အကြောင်းတွေ၊ လူ့အဖွဲ့အစည်းကို
အသိပေးဖို့၊ ခွဲခြားနှိမ့် ချဆက်ဆံတာတွေ လျော့နည်းစေဖို့ ဆောင်ရွက်ကြရမှာပါ။ လူ့အဖွဲ့အစည်းကို
သံဃာတော်တွေက ဦးဆောင်လာရင် လူ့အဖွဲ့အစည်းတွေ ပိုကောင်းလာပါမယ်" ဟု ရတနာ့မေတ္တာ၊
မန္တလေးမှ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။

ထိုသို့
သံဃာတော်များက ဗုဒ္ဓယဉ်ကျေးမှု အခြေပြု အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် ကာကွယ်ရေး ပြုစုစောင့်ရှောက်
ရေးကို ၂၀၀၆ ခုနှစ်ကတည်းက မန္တလေးမြို့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

"အဓိကကတော့
တရားပွဲတွေ ဆောင်ရွက်တာပါပဲ။ ကျွန်တော်တို့ လူတွေက အိပ်ခ်ျအိုင်ဗီပိုး ရှိသူတွေကို
မခွဲခြားဖို့ ပြောတာထက် သံဃာတော် တွေက ပြောရင် ပိုထိရောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့
လူတိုင်းအတွက် ရည်ရွယ်ပြီး တရားပွဲလေးပွဲ ပြုလုပ်ပြီးပြီဖြစ်ပါတယ်။ နောင်နှစ်တွေ မှာလည်း
ဒီလိုမျိုး နာမည်ကြီးဆရာ တော်တွေနဲ့ တရားပွဲလုပ်ဖို့ ရှိပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ရတနာ့မေတ္တာအဖွဲ့သည်
အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်ရောဂါဆိုင်ရာ ကာကွယ်ရေး ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို
ဆောင်ရွက်ရာ၌ ဘာသာတရားတိုင်း သွန်သင်ဆုံးမထားသော ကိုယ်ကျင့်တရား စံနှုန်းများ၊ အဆုံးအမများကို
လိုက်နာဆောင်ရွက်ရေး၊ စိတ်ကို ဖြူစင်စေသော ငြိမ်းချမ်းစေသည့် မည်သည့် ဘာသာဝင်မဆို လေ့ကျင့်နိုင်သည့်
Universal Application ၀ိပဿနာကျင့်သုံးရေး ကိုလည်း ထောက်ပံ့ ကူညီသည့် အဖွဲ့အစည်းဖြစ်သည်။

ရတနာ့မေတ္တာ
(မန္တလေးရုံးခွဲ)ကို ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလက စတင်ဖွင့်လှစ်ခဲ့ပြီး ရတနာ့မေတ္တာမှ စစ်ကိုင်းရုံးခွဲကို
လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီးသည့် နောက် နယ်မြို့ကြီး
လေးမြို့၌ ဆက်လက် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။



မြန်မာတိုင်းမ် - အေ့ဒ်စ်ဝေဒနာရှင်များအတွက်
ဆေးဝါးလှူလိုက ကူညီမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top