28
May

အေ့ဒ်စ်ကြောင့် သေဆုံးသူများအတွက် ဆုတောင်းခဲ့တဲ့ မီးထွန်းပွဲ

မေလ ၂၄ ရက်နေ့ ညနေ ၆ နာရီမှာတော့ စိမ်းလန်းစိုပြည်ဥယျာဉ်ရဲ့ မြက်ခင်းပြင်မှာ ဖယောင်းတိုင်မီးတွေနဲ့ ထွန်းလင်းနေခဲ့ပါတယ်။

တက်ရောက်လာတဲ့သူတိုင်း ရင်ဘတ်က အနီရောင်ဖဲကြိုးလေးတွေက ဒီပွဲအကြောင်းကို ညွှန်းဆိုနေပါတယ်။ ဒီပွဲကတော့ AIDS ရောဂါနဲ့ ကွယ်လွန်သွားသူတွေအတွက် ဆုတောင်းမီးထွန်းပွဲပဲ ဖြစ်ပါတယ်။

ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေက ဦးဆောင်ဆုတောင်းပေးဖို့ ရောက်ရှိနေပါတယ်။

ဝေဒနာရှင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ UNAIDS က ပူးပေါင်းကျင်းပတဲ့ ဒီဆုတောင်းပွဲကို မြန်မာပြည်မှာ ကျင်းပခဲ့တာဆိုရင် သုံးနှစ် ရှိပြီဖြစ်ပါတယ်။

ဒီနှစ်ပွဲရဲ့ ခေါင်းစဉ်ကတော့ Fighting For Our Lives (ကျွန်တော်တို့ ဘ၀တွေအတွက် တိုက်ပွဲဝင်ခြင်း) ဆိုတဲ့ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။

"အစဉ်အလာစွဲတွေကြောင့် ဖြစ်လာတဲ့ အမုန်းစိတ်ကို ဘယ်လိုချေဖျက်ကြမလဲဆိုတဲ့ ပုံစံနဲ့ ဒီခေါင်းစဉ်ကိုပေးကြတယ်။ ဒီလိုစုဝေးပြီး မီးထွန်းပွဲလုပ်တာက ဒုက္ခရောက်နေပြီး ထုတ်မပြောနိုင်တဲ့ သူတွေအတွက် ပြောနိုင်တဲ့သူတွေက ကြားစေချင်တဲ့သူတွေ ကြားနိုင်အောင် ပြောပေးတာပါ" လို့ Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာစစ်နိုင်က ပြောပါတယ်။

ဆုတောင်းမီးထွန်းပွဲတွေကို ကွယ်လွန်၊ သေဆုံး၊ အသက်စွန့်ခဲ့ရသူတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေ၊ အနှိမ်ခံ၊ အပယ်ခံ၊ ချို့တဲ့နိမ့်ပါးသူတွေ၊ မတရားပြူမှုခံရသူတွေအတွက် ကျင်းပလေ့ရှိပြီး AIDS ရောဂါနဲ့ ကွယ်လွန်သွားသူတွေ အတွက် ဆုတောင်းမီး ထွန်းပွဲတွေကိုတော့ နှစ်စဉ် မေလတတိယပတ် တနင်္ဂနွေနေ့မှာ နိုင်ငံပေါင်း ၁၁၀ က ကျင်းပခဲ့တာ နှစ် ၃၀ ရှိပြီ ဖြစ်ပါတယ်။

ဘာသာကြီးလေးမျိုးဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူ ဘာသာ တို့က ဘာသာရေးခေါင်းဆောင် အသီးသီးတို့က ဆုတောင်းပေးအပြီးမှာတော့ တက်ရောက်လာ သူတွေက ဆီမီးတွေကို အနီရောင်ဖဲကြိုးပုံစံအတိုင်း အစဉ်လိုက် စုပေါင်း ထွန်းညှိခဲ့ကြပါတယ်။

ပွဲလုပ်ရခြင်းကိုတော့ ကွယ်လွန်တဲ့သူတွေ ကိုယ်စား၊ အထင်လွဲခံရတာတွေအတွက်နဲ့ ဘာသာရေး ယုံကြည်မှုအလိုက် ငြိမ်အေးစေဖို့ဖြစ်သလို လက်ရှိမှာ ဝေဒနာခံစားနေရတဲ့သူတွေကို နှစ်သိမ့် အားပေးလိုတဲ့ သဘောလည်းပါတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ရောဂါဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေပြီး ဝေဒနာရှင်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါး နေဆဲဖြစ်တယ်လို့ UNAIDS က မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ အေးမွန်မာဖီက ဆိုပါတယ်။

"အစိုးရအနေနဲ့ကတော့ သိသိသာသာ တိုးတက်လာပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဒီကိုလာခဲ့တယ်။ ၂၀၀၄ ခုနှစ်မှ ပြန်ခဲ့ပြီး ၂၀၁၂ မြန်မာပြည် ပြန်ရောက်တဲ့အချိန်မှာ ၁၀ နှစ်အတွင်းမှာ ပြောင်းလဲ တိုးတက်လာတာတွေ တွေ့ရတယ်။ ART ဆေးရဖို့အတွက်လည်း အစိုးရဘက်က ပံ့ပိုးတာတွေ ရှိတယ်။ ကျွန်တော်တို့ကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အသိပညာပြန့်ပွားဖို့ ဆောင်ရွက်နေတယ်" လို့ သူက ပြောပါတယ်။

၂၀၁၃ ခုနှစ်က မီးထွန်းဆုတောင်းပွဲ ခေါင်းစဉ်ကို 'Solidarity' စည်းလုံးညီညွတ်မှု ခေါင်းစဉ်နဲ့ လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အိပ်ခ်ျအိုင်ဗွီရောဂါပိုးကို လူအများ ပိုမို သတိထားမိစေရန်အတွက် 'Let's keep the light on HIV' ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်နှစ်ကုန်အထိ ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားသူဦးရေ နှစ်သိန်းနီးပါးရှိပြီး အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၇,၀၀၀ ကျော်ရှိ၍ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၅,၀၀၀ ကျော် ရှိပါတယ်။

မြန်မာတိုင်းမ် - အေ့ဒ်စ်ကြောင့် သေဆုံးသူများအတွက် ဆုတောင်းခဲ့တဲ့ မီးထွန်းပွဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top