1
Jun

အေ့ဒ်စ်နှင့် ပတ်သက်ပြီး လူငယ်စုံတွဲများ သွေးစစ်မှုများပြား

အေအိုင်ဒီအက်စ်ရောဂါနှင့် ပတ်သက်၍ မိမိဆန္ဒ အလျောက် သွေးလာစစ်ကြသည့်
လူငယ်စုံတွဲများ ယခုနောက်ပိုင်း များပြားလာကြောင်း Marie Stopes International
(MSI) မှ counsellor (နှစ်သိမ့်ဆွေးနွေး ပညာပေးသူ) ဒေါ်စန်းစန်းမြင့်က ပြောသည်။  “အခုနောက်ပိုင်း စုံတွဲတွေ သွေးလာစစ်ကြတာများတယ်။
သူများစစ်ခိုင်းလို့လည်း မဟုတ်ဘူး သူတို့သဘောနဲ့သူတို့ လာစစ်ကြတာများတယ်။ တစ်လကို နှစ်သိမ့်
ဆွေးနွေးပြီး သွေးစစ်တဲ့သူ ၂၀ ကနေ ၂၅ ယောက်လောက်ရှိတယ်”ဟု ဒေါ်စန်းစန်းမြင့်က ဆက်လက်
ပြောသည်။ သွေးစစ်ကြမည့်သူများသည် ပထမဦးစွာ နှစ်သိမ့်ဆွေးနွေးမှု ခံယူသည့်အခါ အကယ်၍
မိမိတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါပိုးရှိလျှင် ပတ်ဝန်းကျင် နေထိုင်မှုပုံစံများ၊
ဆေးဝါးများအကြောင်း အဆုံးထိ ဆွေးနွေးထားသောကြောင့် ရောဂါပိုးရှိကြောင်း သိသည့် အခါများတွင်လည်း
ပိုမို ခံနိုင်ရည်ရှိသည့် အကျိုးကျေးဇူးများ ရှိသဖြင့် ကြိုတင်နှစ်သိမ့်ဆွေးနွေးမှု
ခံယူပြီးမှသာ သွေးစစ်ဆေးမှု ပြုလုပ်လေ့ရှိကြောင်း သိရသည်။ နှစ်သိမ့်ဆွေးနွေးခြင်းသည်
လုံခြုံသည့် နေရာတွင် နှစ်ဦးတည်း သီးသန့် ဆွေးနွေးခြင်းဖြစ်ပြီး အကယ်၍ ရောဂါပိုး ကူးစက်ခံရပါကလည်း
ကြုံရမည့် ပြသနာများကို ကြိုတင်ရှင်းလင်း ပြောပြထားခြင်း ဖြစ်သည်။

 

ထိုကဲ့သို့ နှစ်သိမ့်ဆွေးနွေးခြင်း မရှိဘဲ သွေးစစ်ကြသည့်အခါ
ရောဂါပိုးရှိမှန်း သိရှိသွားသည့် သူများတွင် ဆောက်တည်ရာမရ အလွန်အမင်း စိတ်ထိခိုက်ကြခြင်း၊
ရောဂါပိုး အကြောင်းနှင့် ဆေးဝါးများအကြောင်း မသိရှိသဖြင့် မိမိတို့ လက်လှမ်းမီရာ လွဲမှားသည့်
ဆေးဝါးများ အသုံးပြု ကြခြင်းများကြောင့် ဆေးယဉ်ပါးမှုများ ဖြစ်လာခြင်း၊ ရောဂါနှင့် မသက်ဆိုင်သည့်
ဆေးဝါးများအား ဈေးကြီးပေး၍ သောက်သုံးခြင်းကြောင့် ငွေကုန်ကြေးကျ များပြားခြင်း၊ အချို့တွင်
အသက် အသေခံကြသည်အထိ ပြင်းထန်စွာ ခံစားကြရကြောင်း ထိုကဲ့သို့ နှစ်သိမ့်ဆွေး နွေးပေးနေသည့်
ကျွမ်းကျင်သူများက ပြောသည်။ “ဒီရောဂါက တခြားရောဂါတွေနဲ့ မတူဘူးလေ။ ခွဲခြားမှုတွေလည်း
ပြင်းထန်တော့ ရုတ်တရက် သိလိုက်ရင် အရမ်းကို ခံစားကြရတယ်။ တချို့ဆို သိလိုက်တဲ့ အချိန်မှာ
ခုံတွေဘာတွေတောင် ရိုက်ချိုးတာမျိုးတွေတောင် ရှိတယ်”ဟု နှစ်သိမ့် ဆွေးနွေးမှုများ ပြုလုပ်နေသည့်
ဦးမောင်စိန်က ပြောသည်။ ဆရာဝန် တစ်ဦးသည်လည်း လူနာ၏ သဘောတူညီချက် နှစ်သိမ့် ဆွေးနွေးမှု
မရှိဘဲနှင့် သွေးစစ်ခြင်းသည် ဆရာဝန် ကျင့်ဝတ်အရ မပြုသင့်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ
ဆရာဝန် တစ်ဦးက ပြောသည်။

 

ထိုကဲ့သို့ လူနာ၏ သဘောတူညီချက်၊ နှစ်သိမ့်ဆွေးနွေးပြီးမှသာ
သွေးစစ်သင့်သည်ဟု ဆိုသော်လည်း ဆေးရုံ ဆေးခန်းများတွင် လူနာအား မည်သည့် နှစ်သိမ့်ဆွေးနွေးမှု
မရှိဘဲ သွေးစစ်ဆေးမှုများ ရှိနေဆဲပင်ဖြစ်ပြီး အဖြေ သိလာမှသာ သက်ဆိုင်ရာ လူနာများအား အကြောင်းကြားလေ့ရှိကြောင်း
အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ ကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်
ဆရာဝန်များက ပြောသည်။ “လူနာကို အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ်ရောဂါ ရှိမရှိကို ခွဲစိတ်မှု
မလုပ်ခင်မှာကတည်းက စစ်ကြလေ့ရှိတယ်။ အဲဒါကလည်း ဆရာဝန်တွေမှာ ခွဲစိတ်တဲ့ အချိန်မှာလူနာဆီမှာ
တကယ်လို့ ရောဂါပိုးရှိခဲ့ရင် ကူးစက်နိုင်မယ့် အန္တရာယ် အရမ်းများတဲ့ အတွက်ကြောင့် စစ်ဆေးရတာပါ”
ဟု အထူးကုဆရာဝန်ကြီး တစ်ဦးက ပြောသည်။ အဆိုပါ ရောဂါနှင့် ပတ်သက်သော လုပ်ငန်းများ ဆောင်ရွက်နေသည့်
အင်န်ဂျီအို အဖွဲ့အစည်းများ ရန်ကုန်ပြည်သူ ဆေးရုံကြီး၊ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါများ
ကုသ ပေးနေသည့် ကူးစက်ရောဂါကု ဆေးရုံများစသည့် နေရာများတွင် နှစ်သိမ့် ဆွေးနွေးပေးသည့်
ကျွမ်းကျင်သူများမှ သွေးမစစ်မီ နှစ်သိမ့် ဆွေးနွေးမှု ခံယူနိုင်ကြောင်း သိရသည်။

 

ဝတ်ရည်

 

7Day News
Journal -အေ့ဒ်စ်နှင့် ပတ်သက်ပြီး လူငယ်စုံတွဲများ
သွေးစစ်မှုများပြား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top