ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန် ကန်တော်ကြီး Mini Zoo မှာ အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲနဲ့အတူ AIDS ရောဂါနဲ့ ကွယ်လွန်သွားသူတွေကို အောက်မေ့သတိရ ဆုတောင်းခြင်း၊ ဖဲကြိုးနီပုံစံ ဆီမီးထွန်းခြင်းနဲ့ ဆွေးနွေးပွဲ၊ တေးသရုပ်ဖော်အကတွေနဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ တင်ဆက်ခဲ့ပါတယ်။
NAP, UNAIDS, UNICEF စတဲ့ အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ကျင်းပတဲ့ ဒီအခမ်းအနားမှာ MPG လို့ခေါ်တဲ့ Myanmar Positive Group ကလည်း ပညာပေးအစီအစဉ်တွေနဲ့ ပါဝင်ကူညီခဲ့သလို ရတနာ့မေတ္တာအဖွဲ့လည်း လာရောက်ပူးပေါင်းခဲ့ပါတယ်။
ကုရာနတ္ထိ ဆေးမရှိလို့ ဆိုခဲ့ပေမယ့် အခုတော့ နာတာရှည်ရောဂါတစ်ခုလို သတ်မှတ်ပြီး ART ဆေးကို တစ်နိုင်ငံလုံးအနေနဲ့ ၈ သောင်းလောက် တိုက်ကျွေးနိုင်ပြီး ၂ဝ၁၆ မှာ တစ်သိန်း နှစ်သောင်းလောက် တိုက်ကျွေးဖို့ မျှော်မှန်း ထားတယ်လို့ ဒေါက်တာစိုးတင့်က ပြောပါတယ်။ အစိုးရကလည်း ပူးပေါင်းဆောင်ရွက်နေတာမို့ ကျေနပ်တယ်လို့ ဆိုပါတယ်။
အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေအတွက် အရင်တုန်းကလည်း သီဆိုဖျော်ဖြေခဲ့ဖူးပြီး ပရဟိတပွဲတွေကို ကူညီသွားမယ်လို့ ပြောလာသူက အဆိုတော် ဝေလပါ။ ရောဂါဝေဒနာရှင်တွေကို မခွဲခြားဖို့နဲ့ ဒီဝေဒနာ ခံစားနေရသူတွေဟာ သက်တမ်းစေ့ နေနိုင်ပြီဖြစ်တာကြောင့် စိတ်ချမ်းသာစွာ နေနိုင်ရေး ပြောချင်ပါတယ်လို့ သူက ဆိုပါတယ်။
ကမာရွတ် - အေ့ဒ်တိုက်ဖျက်ရေး အထိမ်းအမှတ် ကန်တော်ကြီးမှာ ဖျော်ဖြေ




