3
Dec

အေ​အိုင်​ဒီ​အက်စ်​ ​ဝေ​ဒ​နာ​ရှင်​များ​​ ဆေး​ဝါး​အကူအညီဆက်ရရန်​ အခက်​တွေ့

မြန်မာနိုင်ငံက ​အေအိုင်ဒီအက်စ်​ရောဂါ ​ဝေဒနာရှင်​တွေအတွက် ​ဆေး​ဝါး​ အပါအဝင် အကူအညီ​တွေ ဆက်ရဖို့​ မ​ရေမရာဖြစ်​နေတဲ့​အတွက် အိတ်ခ်ျအိုင်ဗွီ အ​ရေး​ အကူညီ​ပေး​နေတဲ့​ အဖွဲ့​တွေ ပူး​ပေါင်း​ပြီး​ ရန်ကုန်မြို့​ ယုဒသန် ခန်း​မမှာ ရန်ပုံ​ငွေရှာ​ဖွေပွဲတခု ဒီက​နေ့​ညနေက ပြုလုပ်ခဲ့​ပါတယ်။

ကမ္ဘာတဝန်း​မှာ ​အေအိုင်ဒီအက်စ်၊​ တီဘီနဲ့​ ငှက်ဖျား​ရောဂါ ၃ မျိုး​ တိုက်ဖျက်​ရေး​ အကူအညီ​ပေး​နေတဲ့​ ဂလိုဘယ်ဖန်း​ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့​ကြီး​က ​ငွေ​ကြေး​အကူအညီ​တွေ ​လျော့​ချဖို့​ရှိ​နေတဲ့​အတွက် မြန်မာနိုင်ငံက အိတ်ချိတ်အိုင်ဗွီကာကွယ်​ရေး​နဲ့​ ကုသ​ရေး​ ​ဆောင်ရွက်​နေတဲ့​ အဖွဲ့​တွေဟာလည်း​ လာမယ့်​နှစ်​တွေမှာ ​ရှေ့​ဆက် ရန်ပုံ​ငွေ​တွေ ထပ်ရဖို့​နဲ့​ လုပ်ငန်း​တွေ တိုး​ချဲ့​နိုင်ဖို့​ အ​ရေး​ အခက်​တွေ့​နေကြတာပါ။

အထူး​သဖြင့်​ မြန်မာနိုင်ငံက ​ဆေး​သောက်ဖို့​လို​နေတဲ့​ အိတ်ခ်ျအိုင်ဗီပိုး​ ကူး​စက်ခံ​နေရသူအတွက် ​ဆေး​ဝါး​ အကူအညီ ရန်ပုံ​ငွေရဖို့​ မြန်မာနိုင်ငံတွင်း​မှာ ရန်ပုံ​ငွေရှာပွဲ ကျင်း​ပတာလို့​ အိတ်ခ်ျအိုင်ဗွီ ပိုး​ကူး​စက်ခံ​နေရသူ​တွေနဲ့​ ဖွဲ့​ထား​တဲ့​ မြန်မာ​ပေါ့​စတစ်အုပ်စုက ကိုသီဟကြိုင်က ​ပြောပါတယ်။

“ဂလိုဘယ်လ်ဖန်း​က တကမ္ဘာလုံး​ကို ရပ်တဲ့​အခါကျ​တော့​ ကျ​နော်တို့​ လူထု​တွေ ပိုမို ပါဝင်လာပြီး​တော့​ ကိုယ့်​တိုင်း​ပြည်က စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေပဲ ဖြစ်ဖြစ်၊​ အလှူရှင်​တွေပဲ ဖြစ်ဖြစ် ပူး​ပေါင်း​ပါဝင်လာနိုင်ရင်​တော့​ တ​ထောင့်​တ​နေရာက တခုခု​တော့​ အဆင်​ပြေမယ်ဆိုပြီး​ ကျ​နော်တို့​က ဒီပွဲကို ရည်ရွယ်တာ ဖြစ်ပါတယ်။”

ဒီရန်ပုံ​ငွေရှာ​ဖွေပွဲမှာ လိင်အလုပ်သမ​တွေ၊​ မူး​ယစ်​ဆေး​သုံး​စွဲသူ​တွေ အပါအဝင် အိတ်ချိတ်ခ်ျအိုင်ဗွီ ကာကွယ် ကုသပညာ​ပေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်​နေတဲ့​ ကွန်ရက်အဖွဲ့​ ၇ ခု ပါဝင်ပြီး​ တနိုင်တပိုင်ထုတ်လုပ်ထား​တဲ့​ လက်မှုပစ္စည်း​နဲ့​ အစား​အစာ​တွေ ​ရောင်း​ချပြီး​ စင်တင်ဂီတ၊​ အကနဲ့​ ပြဇာတ်​ဖျော်​ဖြေပွဲ​တွေ၊​ အ​မေး​အ​ဖြေနဲ့​ ပ​ဟေဋ္ဌိ ဉာဏ်စမ်း​ပြိုင်ပွဲ​တွေ အပါအဝင် ပညာ​ပေး​ ​ဖျော်​ဖြေပွဲ​တွေ ပြုလုပ်ပြီး​ ရန်ပုံ​ငွေရှာခဲ့​ကြတာပါ။

ဒီပွဲကို အစိုး​ရ၊​ ကုလသမဂ္ဂနဲ့​ အန်ဂျီအို အဖွဲ့​အစည်း​တွေက ပုဂ္ဂိုလ်​တွေ၊​ အိတ်ခ်ျအိုင်ဗွီ အ​ရေး​စိတ်ဝင်စား​တဲ့​ အနုပညာရှင်​တွေ စီး​ပွား​ရေး​သမား​တွေနဲ့​ လူငယ်လူရွယ်​တွေ စုစု​ပေါင်း​ ၅၀၀ ဝန်ကျင် တက်​ရောက်ခဲ့​တယ်လို့​ သိရပါတယ်။

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီပိုး​ ကူး​စက်ခံ​နေရသူ​ပေါင်း​ ၂ သိန်း​ ၃ ​သောင်း​ ​လောက်ရှိတယ်လို့​ မြန်မာအစိုး​ရနဲ့​ ကုလသမဂ္ဂ ယူအန်​အေအိုင်ဒီအက်စ်အဖွဲ့​တို့​က ခန့်​မှန်း​ထား​ပြီး​ အိတ်ခ်ျအိုင်ဗွီတန့်​ဆေး​ ​သောက်ဖို့​ လို​နေသူ​ပေါင်း​ ၇ ​သောင်း​ က​နေ ၁ သိန်း​ ၂ ​သောင်း​လောက်အထိ ရှိ​နေတာပါ။

ဒါ​ပေမယ့်​ လတ်တ​လော ​ဝေဒနာရှင် ၃ ​သောင်း​လောက် အတွက်ပဲ အစိုး​ရနဲ့​ အန်ဂျီအို​တွေက ​ဆေး​ဝါး​ကူညီပံ့​ပိုး​နိုင်​သေး​ပြီး​ ၂၀၁၅ မှာ လူ ၄ ​သောင်း​ဆေး​ပေး​နိုင်ဖို့​ ​မျှော်မှန်း​ထား​တာပါ။ ဒါ​ပေမယ့်​ ဒီရည်မှန်း​ချက်ပြည့်​မီဖို့​ ရန်ပုံ​ငွေထပ်ရဖို့​ မ​သေချာတဲ့​ အ​ခြေအ​နေနဲ့​ကြုံ​တွေ့​နေရတာပါ။

ဒီဗီဘီ - အေ​အိုင်​ဒီ​အက်စ်​ ​ဝေ​ဒ​နာ​ရှင်​များ​​ ဆေး​ဝါး​အကူအညီဆက်ရရန်​ အခက်​တွေ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top