အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
နှင့်နေထိုင်သူတွေကို ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတဲ့ ဝေဘာဂီကူးစက် ရောဂါကု ဆေးရုံကြီးကို
မင်္ဂလာဒုံမြို့နယ်ရှိ ကူးစက်ရောဂါကု ဆေးရုံသစ်နေရာသို့ ပြောင်းရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
AH1N1 လို့ခေါ်တဲ့ တုတ်ကွေးရောဂါသစ်
ဖြစ်ပွားလာခဲ့ရင် ဒီဆေးရုံကြီးမှာ ကုသနိုင်ဖို့ရည်ရွယ်ပြီး အာဏာပိုင်တွေဘက်က စီစဉ်ခဲ့တာလို့
ဝေဘာကီ ဆေးရုံကြီးက ဝန်ထမ်းတွေက ပြောပြကြပါတယ်။
အစီအစဉ်တွေ ထားရှိပေမဲ့ ဒီနေ့ထိ
ဘာညွှန်ကြားချက်တွေ ထပ်မလာသေးတာကြောင့် မပြောင်းရသေးဘူးလို့ ဝေဘာဂီ ဆေးရုံကြီးရဲ့ တာဝန်ကျ
ရုံးအဖွဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။
“ခုထိဘာညွှန်ကြားချက်မှ မလာသေးပါဘူး။
စောင့်တော့ စောင့်နေတာ” ဝေဘာကီ ဆေးရုံကြီးကို ပြောင်းဖို့ လျာထားတဲ့ မင်္ဂလာဒုံ မြို့နယ်က
ကူးစက်ရောဂါကု ဆေးရုံတွင်းမှာ အဆောင်သစ်တွေ ဆောက်လုပ် နေတာဟာ ဝေဒနာသည် အသစ်တွေ ထားဖို့လား၊
ဝေဘာဂီက လူနာတွေ အတွက်လားဆိုတာ မသိရသေးပါဘူး လို့လည်း ဝေဘာကီ ဆေးရုံနဲ့ နီးစပ်တဲ့ အန်ဂျီအို
သတင်းရပ်ကွက်တွေက ပြောပြပါတယ်။
ဝေဘာဂီ ဆေးရုံက လူနာတွေကို
မင်္ဂလာဒုံကို ပြောင်းရွှေ့ရမယ်ဆိုရင် ကြုံတွေ့လာနိုင်တာတွေနဲ့ ပတ်သက်လို့ အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ် နှင့်နေထိုင်သူတွေကို ကူညီပေးနေတဲ့ မဖြူဖြူသင်းက ပြောပြထားပါတယ်။
“မင်္ဂလာဒုံဆိုတော့
ဒီလူတွေ သွားရေးလာရေး အရမ်းခက်တယ်။ လမ်းမှာတင် တစ်ခုခု ဖြစ်သွားတာမျိုး၊ ဆေးရုံရောက်တော့
တစ်ခုခု ဖြစ်သွားတာမျိုးပေါ့။ ဖြစ်နိုင်ရင်တော့ နီးနီးနားနားပေါ့ သွားလာရေးလွယ်ကူတဲ့
နေရာမျိုးတွေ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူတဲ့ နေရာမျိုးတွေ ဆိုရင်တော့ ပိုအဆင်ပြေမယ်”
ခုဝေဘာကီ
ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အေအိုင်ဒီအက်စ်နှင့် နေထိုင်သူ ၆၀ကျော်ရှိပြီး အမျိုးသားဦးရေက
သုံးပုံ နှစ်ပုံလောက်ရှိတယ်လို့ ဝေဘာဂီ ဆေးရုံကြီးက ဆရာ၊ ဆရာမတွေနဲ့ နီးစပ်သူ တွေက
ဆိုကြပါတယ်။
ဆေးရုံပြောင်းမယ်ဆိုတဲ့
သတင်းကြောင့် ဆေးဝါးကုသရေးတွေနဲ့ ဆွေးနွေးတိုင်ပင် မှုတွေမှာ လက်ရှိထက်ပိုခက်ခဲ့သွားမယ်လို့
ရန်ကုန်က အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ နေထိုင်သူတွေက ပြောပြကြပါတယ်။
ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံ
မပြောင်းရသေး




