သြော်…. ပူလောင်လှတဲ့
နွေနေ့လည်ခင်းကြီးထဲ အဖိုးအိုတစ်ယောက် ဘာလို့ ဒီယာခင်းထဲ တစ်ယောက်တည်း ဒုန်းစိုင်းပြေးလွှား သွားနေရတာလဲ……
အဝေးမှ
အဖိုးအိုကို ကြည်ရင်း ကိုရန်နိုင် တစ်ယောက်
တွေးပူနေမိပါတယ်။ မြင်ကွင်းထဲ
ရုတ်တရက် အဖိုးအို လဲကျသွားတာကို တွေ့တော့ သူမနေနိုင်တော့ပါ။
အဖိုးအိုကို ကူပေးဖို့ သူလည်း နေပူ ကွင်းပြင်ထဲ အပြေး ရောက်သွားခဲ့ပါတယ်။ တော်ပါသေးတယ်… အဖိုးအိုက ဘာမှ ဒဏ်ရာ အကြီးအကျယ် မရပါ။
သဲထဲ လဲသွားရုံပါပဲ။ အဖိုးအိုကို သူအသာ ထူပေးလိုက်ပါတယ်။
အဖိုးအိုခမျာ ချက်ချင်း စကားမပြောနိုင်သေးပါ။
အသက်ကို အားတင်း ရှူလိုက်အပြီးမှာ
“ကျေးဇူးပါသူငယ်ရယ်”
လို့ ပြန်ပြောပြီး ခရီးဆက်ရန် ပြင်နေပါတယ်။
ကိုရန်နိုင်စိတ်ထဲ စပ်စုချင်လာပါတယ်။
အဖိုးအိုက ဘာတွေ ဒီလောက် အရေးကြီးလို့ ဒီယာခင်းကြီးထဲ နွေခေါင်ခေါင် အမိုးအကာမပါ သွားချင်နေရတာလဲပေါ့။
အသက်ကကြီးတော့ ပိုလို့ ဒီလိုမျိုး
မသွားသင့်ဘူးလို့ သူက တွေးထင်နေပါတယ်၊ မနေနိုင်တော့တဲ့ အဆုံး သူ အဖိုးအိုကို
မေးလိုက်ပါတယ်။ အဖိုးအိုက ချက်ချင်း အဖြေမပေး လမ်းဆက်လျှောက်ဖို့သာ
ပြင်နေပါတယ်။ သူက ထပ်မေးပါတယ်။
အဖိုးအိုက သူ့မျက်နှာကို သေသေချာချာ ကြည့်ပြီး ခပ်တိုတိုပဲ ပြောလိုက်ပါတယ် “ငါ့သမီးလေး ဆေးရုံပေါ်
ရောက်နေလို့ သွားကြည့်မလို့ကွာ…”
သြော်…
ကိုရန်နိုင် အာမေဍိတ်သံ ထွက်လျက် ကျန်ခဲ့ပါတယ်။ အဖိုးအိုကတော့
သမီးဇောနဲ့ ထွက်သွားလေရဲ့၊
ခဏတာ မင်သက်နေပြီးမှ ကိုရန်နိုင် သတိ ပြန်ဝင်လာပါတယ်။ ဟုတ်ပါတယ် သူ့မှာ စက်ဘီးရှိတယ်လေ… သူ့စက်ဘီးနဲ့ အဖိုးကို မြို့က ဆေးရုံကို
လိုက်ပို့ရင် သူမြန်မြန် ရောက်နိုင်မယ်လေ။
သူ ကပျာကယာ ယာကင်းထဲက တဲလေးဆီကို ပြန်သွားပြီး စက်ဘီးကို လေဖြည့်ပြီး အဖိုးအိုကို လိုက်ပို့ပေးဖို့ လှုပ်ရှားပါ တော့တယ်။
ဟောဗျာ…. အဖိုးအိုကို သူမတွေ့တော့ဘူး။ ကိုရန်နိုင်တစ်ယောက် ပြန်လှည့်ရင် ကောင်းမလား အဖိုးအိုကို ဆက်ရှာရင် ကောင်းမလားဆိုပြီး တွေဝေနေပါတယ်….။
ကိုရန်နိုင် ဇွဲမလျှော့ပါ။ အဖိုးအို သွားမယ်လို့
ယူဆထားတဲ့
သဲလမ်းလေးတစ်လျှောက် လိုက်သွားကြည့်မယ် ဆိုပြီး
စက်ဘီးကို အရှိန်နဲ့ နင်းလာပါတယ်။ တွေ့ပြီ… အဖိုးအိုက အသက်သာကြီးတယ်
လမ်းလျှောက်တာ အလွန်မြန်သပဲ…..။ ကိုရန်နိုင် စက်ဘီးပြန်ယူနေတဲ့
ခဏအတွင်း သူက ၁ ဖာလုံ စာလောက် လျှောက်နိုင်ပါကော…။ အင်းလေ သားသမီးဇောနဲ့ ဆိုတော့
ဒီလိုပဲလို့ ကိုရန်နိုင်တစ်ယောက် မှတ်ချက်တွေ ပေးနေပါတယ်…။ အဖိုးအိုနားကို ရောက်တော့
အဖိုးအိုကို မြို့က
ဆေးရုံကို
လိုက်ပို့ပေးမယ်လို့ ပြောပြီး စက်ဘီးနဲ့ မြို့ဆီကို
ခရီးနှင်ခဲ့ပါတယ်။ အဖိုးအိုခမျာ ဝမ်းသာသွားပြီး
စက်ဘီးနောက်က ဆိတ်ဆိတ် ထိုင်လျက် လိုက်ပါ လာပါတယ်။
ကိုရန်နိုင်က အဖိုးအိုနဲ့ စကားစမြည် ပြောချင်ပေမယ့်
အသက်ငင်လုနီးပါ ဖြစ်နေ တဲ့ အဖိုးအိုရဲ့ အသက်ရှူသံ ဇောတွေကြောင့်
ဘာမှ မပြောပဲ စက်ဘီးကိုသာ ခပ်သုတ်သုတ် နင်းနေပါ တယ်။ မကြာပါဘူး နာရီဝက်လောက်နေတော့ မြို့က
ဆေးရုံကို
ရောက်ခဲ့ပါတယ်။ ဆေးရုံလို့သာ
ဆိုပေမယ့် တိုက်နယ် ဆေးရုံလေးမျှသာ
ဖြစ်ပါတယ်။
ခြောက်ကပ်နေတဲ့
ဆေးရုံပတ်ဝန်းကျင်က ကိုရန်နိုင်ကို ပျင်းရိစေပါတယ်…..။ အဖိုးအိုကို ဆက်လက်ကူညီချင်တဲ့
စိတ်ကြောင့်
ကိုရန်နိုင်က အဖိုးအိုနဲ့အတူ လူနာဆောင်ထဲ လိုက်ခွင့် တောင်းလိုက်ပါတယ်။ အဖိုးအိုလည်း ကူညီခဲ့တဲ့ မျက်နှာ ထောက်ပြီး ခေါင်းငြိမ့် လိုက်ပါတယ်…..။
လူနာဆောင်ထဲ ရောက်တော့
အဖိုးအိုက တာဝန်ကျ
သူနာပြု ဆရာမလေးကို သူ့သမီး နာမည်လေးပြောပြီး ကုတင်နေရာကို မေးပါတယ်။
ဆရာမလေးက အဖိုးအိုကို လူနာရှိရာ အခန်းဆီ ခေါ်သွားပါတယ်….။ ကိုရန်နိုင်လဲ ဘာမသိ ညာမသိ အဖိုးအိုနောက်ကသာ လိုက်သွား လိုက်ပါတယ်…။ သူနာပြု ဆရာမလေးက ကုတင်ကို ညွှန်ပြ လိုက်ပါတယ်…..။
အို…. ကိုရန်နိုင် ရုတ်တရက် အာမေဍိတ်သံ ထွက်သွားမိပါတယ်….။ မြင်လိုက်ရတဲ့ မြင်ကွင်းက တစ်ခါမှ မတွေးထားတဲ့
အရာ၊ ကိုရန်နိုင် မျက်နှာကို
လွှဲဖို့ပြင်လိုက်ချိန်မှာ
အဖိုးအိုက ဒါသူ့သမီးလေး ဖြစ်ကြောင်း
ပြောပြနေပါတယ်။ အဖိုးအို မပြောလည်း ကိုရန်နိုင် ဒီမိန်းကလေးကို သိနေပြီးသားပါ။ တစ်ဖက်ရွာက ချောစုလေ၊ တစ်ချိန်က ရွာမှာ အချောအလှ စာရင်းဝင်
လူပျိုတိုင်း ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ လှပျိုဖြူ
ချောစုပါလား….။ နာမည်နဲ့လိုက်အောင် အချောအလှတွေ စုနေတဲ့
ချောစု တစ်ယောက်ကို အခုလိုမျိုး မြင်လိုက်ရတော့
ကိုရန်နိုင်တစ်ယောက် အာမေဍိတ်သံထွက်ပြီး အသက် ငင်နေတဲ့
ချောစုကိုသာ ငေးကြောင်လို့သာ ကြည့်နေမိခဲ့တာပါ။ သူမကို ဆက်မကြည့်ရက်တော့ အပြင်ကို ခဏထွက်လိုက်ပါတယ်။
ကိုရန်နိုင် သတိထားမိတာက ချောစုရဲ့ ကုတင်နေရာက တခြား အမျိုးသမီးလူနာ
ကုတင်တွေလို မဟုတ်ပဲ ဆေးရုံရဲ့
ချောင်ကျလွန်းတဲ့
ထောင့်ခန်းနေရာ ဆိုတာကိုပဲ။
အလင်းရောင်ကလည်း အားနည်း၊ အခန်းသန့်ရှင်းရေးလဲ လုပ်ထားပုံမရနဲ့ အခန်းက ညစ်ထေးနေ သလိုပါပဲ၊ စိတ်ထဲ စနိုးစနောက် ဖြစ်လာသလို
ကိုရန်နိုင် ခံစားမိလိုက်ရပါတယ်။
အင်းလေ ဘာရောဂါ သည်မို့ ဒီလိုထားသလဲ မသိဘူးဟု
တစ်ကိုယ်တည်း တီးတိုး မေးခွန်းထုတ်နေမိပါတယ်။ “ဒီက
ညီက လူနာရှင်လား”
ရုတ်တရက်
ဘေးနားက လူတစ်ယောက်ရဲ့
အမေးကြောင့်
ကိုရန်နိုင် သတိပြန် ဝင်လာပါတယ်။ ထိုသူက ဆက်ပြောနေပါတယ် “သူကတော့ သိပ်ကြာကြာနေရမှာ မဟုတ်ဘူး….။ ရောဂါက ဂိတ်ဆုံးနေပြီလေ….။ သနားစရာလဲ ကောင်းပါတယ်
ကောင်မလေးခမျာ”၊ ကိုရန်နိုင်က သူနဲ့ ဘာမှ မတော်စပ်ကြောင်း အဖိုးအိုကို ဆေးရုံကို
လိုက်ပို့ပေးတာ ဖြစ်ကြောင်း
ပြောလိုက်တော့
ထိုသူက အံအားသင့်သွားပြီး
စကားစကို ဖြတ်လိုက်ပါတယ်။
ကိုရန်နိုင်လဲ စိတ်ထဲ သိချင်တာတွေကို
မေးချင် တာနဲ့ ထိုသူကို ကောင်မလေးရဲ့
ရောဂါအကြောင်းကို ဆိုင်းမဆင့်
ဘုံမဆင့်
မေးလိုက်ပါတယ်။
“အော်… ဒါလား…. ခေတ်ပေါ်ရောဂါပဲ ဆိုပါတော့….။
အေအိုင်ဒီအက်(စ်)လေ… လေးလုံးရောဂါလို့ လည်း
ခေါ်ကြတယ်လေ” ထိုသူက ပြောပြောဆိုဆိုနဲ့ လှည့်ထွက်သွားပါတယ်။ ကျန်ခဲ့တဲ့ ကိုရန်နိုင် တစ်ယောက်တော့
ပါးစပ်က
ဘုရား ဘုရား ရေတွက်နေရင်း ပါးစပ်အဟာင်းသား ကျန်ခဲ့ပါတယ်။ အဖြစ်ဆိုးလိုက်တာ ချောစုရယ်…..။
အခန်းထဲကို တစ်ခေါက် ပြန်လှည့်ကြည့်မိတော့ အဖိုးအိုမှာ သူ့သမီးလေးကို ကြည့်ပြီး ငိုနေတာကို တွေ့လိုက်ရပါတယ်။
ချောစုမှာ သတိမမှန်တော့ပါ။ မျက်ဖြူ လန်သွားသလိုလို တက်သွားသလိုလို သတိလစ်နေပါတယ်။
ဘေးနားက လူနာစောင့်လို့ ထင်ရတဲ့ အမျိုးသမီးကတော့ ခပ်တန်းတန်းပါပဲ။
ဘာကြောင့်
ဒီအမျိုးသမီးက
သူနဲ့ မဆိုင်သလို နေတာလဲ….။ ဒီလောက်
အသည်းအသန် ဖြစ်နေတာကို
သူက ခံစားချက်မရှိတဲ့
မျက်နှာနဲ့ နေတက်လိုက်လေခြင်းလို့
စိတ်ထဲ အပြစ်တင်နေမိသူက ကိုရန်နိုင် ပါ။ လူနာနဲ့ ပက်သက်ပြီးတော့ ရောဂါကိုတော့
သိလိုက်ရပြီ အေအိုင်ဒီအက်(စ်)တဲ့၊
ခုနက လူက ပြောသွားတာ….။ ဘာလို့ ဒီကောင်မလေးက ဒီရောဂါဆိုးကြီးနဲ့ ကြုံတွေ့ လိုက်ရတာလဲ….။ သူက ဘယ်က ဘယ်လို ဒီရောဂါကို ကူးလာတာလဲ…။ ဟိုလိုမျိုးတွေများ သူက လုပ်စားလေသလား….။ ဘယ်သူကမှ သူ့ကို မကုပေးကြဘူးလား….။ စသဖြင့်
စပ်စုတတ်သူပီပီ ကိုရန်နိုင်တစ်ယောက် မေးခွန်းတွေ ဆက်တိုက်ထုတ်ကာ
ဝေဖန်ရေး
လုပ်နေပါတယ်။ အရင်လူပြောသွားတာ ဟုတ်ရော ဟုတ်ပါ့ မလားလို့လဲ သံသယစိတ်က ရှိနေပါသေးတယ်။
အင်းလေ…. ဘယ်တတ်နိုင်မလဲ ကံတရားပေါ့ လို့သာ တွေနေတုန်း…. “ဒီမှာ ညီငယ် မင်းတို့ ရွာက မိန်းကလေးငယ်တွေမှာ ဒီလိုရောဂါမျိုးတွေ ရှိတာ ရွာနာမည်ပျက်တယ်ကွ… ရွာကလူတွေပါ သိမ်းကြုံးပြီး အထင်ခံစရာတွေ ဖြစ်တတ်တယ် ရွာပြန်ရောက်ရင် မင်း သူ့ရောဂါအကြောင်းကို ရွာကလူတွေကို မပြောနဲ့နော်…။ ဆွေမျိုးတွေပါ သိက္ခာကျမယ်….”
ခုနက ချောစု ရောဂါ အမည်တပ်ခဲ့တဲ့သူက
လာပြန်ပြောနေတာပါ။
ကိုရန်နိုင်က ဒီလူက ဘာမို့လို့ ဒီလောက်တောင် ပြောနေတာလဲလို့
စဉ်းစားနေမိတုန်း “အစ်ကိုက ဒီဆေးရုံက အကူသူနာပြုပါ….။ ဒီလို ရောဂါသည်တွေကို လိုအပ်တဲ့
ပြုစုမှုတွေ လုပ်ပေးနေကျလေ…။ ဒီလို ရောဂါသည်တွေကို
ဆရာဝန်တွေ သူနာပြုတွေကတောင် တစ်ခါတစ်လေ ရွံတတ်ကြတယ်ကွာ….။ ငါတော့
ဘာသာရေး မျက်စိနဲ့ပဲ မရွံမရှာ ပြုစုပေးပါတယ်……။” အခုတော့
ကိုရန်နိုင် ဒီလူဘယ်သူလဲ ဆိုတာ ဇာတ်ရေလည် သွားပါပြီ။ “ဒီကလေးမလေးကတော့
တကယ် ၀ဋ်ကြီးပါတယ်ကွာ….”
ထိုသူက သက်ပြင်းရှည်ကြီးကို ချလျက် ဆက်ပြောနေပါတယ်….။ ကိုရန်နိုင်လဲ သိချင်စိတ်တွေ ပြင်းပြနေတော့
ခြင်တွေ ကိုက်နေတာတောင်
မမှုပဲ
နားထောင်နေခဲ့မိပါတယ်။ “ဖြစ်ပုံက ဒီလိုကွ.. ဒီကလေးမလေးက
အခု အကျဉ်းကျနေတာ” ကိုရန်နိုင် မျက်လုံးပြူးသွားသည်…။
အင်း ငါထင်ထားတဲ့ အတိုင်းပဲဆိုတဲ့ အတွေမျိုးနဲ့ ထိုသူပြောတာကို နားဆက်စွင့် နေမိပါတယ်။
“သူက
ဆောင်ကြာမြိုင် အမှုတွဲနဲ့
ညှိနေ တာလေ….”
ကိုရန်နိုင် ခေါင်ညိမ့် နေမိသည်။ ပြေးကြည့်တာနဲ့
တွေးကြည့်တာ ပိုမှန် ဆိုတဲ့ ပုံစံနဲ့ သူခေါင်းကို အသာ ငြိမ့်နေတာပါ။
“တကယ်တော့ ကလေးမလေးက အကွက်ဆင်ခံလိုက်ရတာကွ…..။ သူက သူ့ယောင်းမ ဖွင့်ထားတဲ့
အနှိပ်ခန်းတစ်ခုမှာ သူ့ယောင်းမ မရှိတဲ့ အချိန်မှာ
ငွေကိုင်လေ၊ စာရင်းကိုင်ပေါ့။
သူကတော့
အဲဒီလိုအစားထဲက
မဟုတ်ပါဘူး။
အဖေအိုကြီးကို လုပ်ကျွေးချင်လို့ ယောင်းမရှိတဲ့
ဒီမြို့မှာ လာရောက် လုပ်ကိုင်စားနေတာလေ။
သူ့အစ်ကိုက လွန်ခဲ့တဲ့ ၃ နှစ်လောက်က
ဒီရောဂါနဲ့ပဲ ဆုံးသွားတာလေ…။ သူ့အစ်ကိုကတော့
ပွေတယ်…။ သူ့အစ်ကိုက ဆောင်ကြာမြိုင် ခေါင်းလေ….။ အနှိပ်ခန်း အမည်တပ်ပြီး လုပ်စားကြတယ် ဆိုပါတော့…။ ရဲနဲ့လဲ ပေါင်းပြီး
လိုင်ကြေးပေး ထားတယ်လေ။ သူ့အစ်ကိုသေတော့ သူ့ယောင်းမက
နောက်လင်ယူတယ်။
သူတို့ သားအဖ မပြေ လည်တာသိတော့ သူ့ယောင်းမက
သူ့ကို စာရေးခန့်ပြီး အနှိပ်ခန်းကို ဆက်ဖွင့်တယ်လေ။ အင်း….
တစ်နေ့ အဲဒီ အနှိပ်ခန်းကို ရဲတွေ ဝင်ဖမ်းကြပါလေရော….။ သူ့ယောက်မကတော့
မိန်းမလည်ဆိုတော့
အဖမ်းမခံလိုက်ရဘူး…။ ရှမ်းပြည်ဘက်ကို ရှောင်သွားတယ်။ ဒီကလေးမကတော့
အားလုံးကိုယ်စား အဖမ်းခံ လိုက်ရတယ်။ သူ့အဖြစ်က ဆိုးပါတယ်ကွာ….”
ကိုရန်နိုင် တစ်ယောက်
အသက်ရှူဖို့ကိုပင် သတိမရ၊ သူစပ်စုချင်တာတွေ သိခွင့်ရတော့ အသက်ပင် ဘယ်လိုရှူနေမှန်း
မသိတော့၊ လွန်ခဲ့တဲ့
၃ နှစ်လောက်က ချောစုကို မတွေ့တော့တာကိုလည်း
ပြန်လို့ သတိရနေသေး။
အခုမှပဲ ဇာတ်လမ်းကို အစကနေ ပြန်ကောက် နေမိပါတယ်။
တစ်ချိန်က ချောစုရဲ့
အချောအလှကို ခုံမင်ခဲ့တဲ့ သူတွေထဲမှာ သူကိုယ်တိုင် ပါခဲ့တာတွေကိုလည်း
ပြန်အောက်မေ့လို့ နေပါတယ်။ တစ်ချိန်က ချောစုရဲ့အလှဟာ ရွာနီးနားတစ်ဝိုက် နာမည်ကြီးပါတယ်။ ပါးပြင်မို့မို့ ရင်ကော့ကော့ ခါးသွယ်သွယ်၊ အသားဖြူဖြူ၊ ဆံနွယ်ရှည်ရှည်၊ မယ်ရှုံးလောက်တဲ့ ကြက်ဆံမြီး ဆံထုံးလေးနဲ့ ချောစုကို လူပျိုတိုင်းက ငေးကြ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် သူပျောက်သွားတာကို သတိရနေမိတာပါ။
ထိုသူက ဆက်ပြောပါတယ်။
“မင်းကတော့ ဒီကလေးမလေးက အဲလို လုပ်စားတယ်လို့ ထင်ဖွယ်ရာ ရှိတယ်… တကယ်တော့
သူက ရိုးတယ် အတယ်ကွ၊ သူက အပြစ်မရှိ သူ့ယောင်းမကိုယ်စား ခံလိုက်ရ တယ်လေ။
ရဲတွေဖမ်းပြီး ရဲအချုပ်မှာ သူ တစ်ပတ်လောက် နေခဲ့ရတယ် ဆိုတယ်။
အဲ… ဒီမှာ သူ့ဘဝ ကြမ္မာဆိုး
ဂြိုဟ်မွှေတော့တာပဲ။ သူရဲအချုပ်မှာ နေရင်း ကန်တော့ပါစေရဲ့ မရိုသေ့စကားကွာ….။
မုဒိမ်းကျင့်ခံ လိုက်ရတယ်”
ထိုသူက
ပြောနေရင်း စကားကို ရပ်လိုက်ပါတယ်။
မျက်နှာလည်း မကောင်းပါ။ ထိုသူက ဆက်မပြောချင်တော့တဲ့ ပုံစံမျိုးဖြစ်နေချိန်မှာ
ကိုရန်နိုင်က စပ်စုတဲ့
သိလိုတဲ့
မျက်လုံးတွေနဲ့ ဆက်ပြောဖို့ တောင်းပန် နေသလိုပါပဲ။ ထိုသူက ခေါင်းကို အသာရမ်းလိုက်ရင်း
အားယူကာ စကားဆက်ပါတယ်။
“အေးကွာ…
ရင်နာစရာပဲ.. သူ့ကို မုဒိမ်းကျင့်တာက တခြားသူမဟုတ်ဘူး အဲဒီ ရဲစခန်းက ရဲကွ” ထိုသူက ပြောပြောဆိုဆို “တောက်” တစ်ချက် ခေါက်လိုက်ပါတယ်….။ “ဒီခွေးသား တော့
အခု မရှိတော့ဘူး သေပြီ
မနှစ်ကပဲ သေတာ…..။ ဒီရောဂါနဲ့ပဲ.. ဒင်းက မိန်းကလေး ဘယ်နှစ်ယောက်ကို ဒီလိုမျိုးတွေ လုပ်ခဲ့လေသလဲတော့ မသိဘူး…။ ဒီကလေးမလေးတော့ ဒင်းရဲ့ ကာမရမ္မက် ဒဏ်ကို အလူးအလဲ ခံလိုက်ရတယ်…။ ဒါတင်ဘယ်ကမလဲ အခုလို အရှင်လတ်လတ် ဒီရောဂါဆိုးကြီးကို ခံလိုက်ရတယ်လေ”
ကိုရန်နိုင် အလိုလို မျက်ရည်တွေ ကျလာပါတယ်….။ သူ့မျက်ရည်ကို ထိန်းဖို့ကြိုးစားပါတယ်…။ သို့သော် အချိန်မမီခဲ့။
တစ်ဖက်က ပြောနေတဲ့သူကိုလဲ သူမျက်ရည်ကျတာကို မမြင်စေချင်ပါ၊ “အေး.. လေ မင်းလို ဘာမှ မဆိုင်တဲ့သူတောင် ဒီလို ခံစားရရင် ကာယကံရှင်ခမျာ ဘယ်လောက် ခံပြင်း လိုက်မလည်း
တွေးကြည့်လေကွာ…..။ ကောင်မလေးက ထောင်ထဲမှာ နေမကောင်းတာ ရက်ရှည် လာတော့
အခြေနေမဟန်လို့ ထောင်မှူးက အခုလို ဆေးရုံကို
ပို့လိုက်တာလေ…။ ပြုစုမယ့်သူလည်း မရှိဘူး။
ငါကသူ့ကို အရင်တစ်ခါ သူ့အစ်ကို ဒီရောဂါနဲ့ ဆေးရုံတက်တုန်းတည်းက
မှတ်မိနေတယ်လေ။
ထောင်ကတော့
အစောင့်ရဲမေတစ်ယောက် ထည့်ပေးလိုက်တယ်လေ…။
သူလဲ တာဝန်အရသာ
စောင့်ရပေမယ့် ဘယ်ပြုစု ချင်ပါ့မလဲကွာ….။
ငါတို့လဲ သူ့ဇာတိကို မေးမြန်းပြီး ကျန်နေသေးတဲ့
သူ့ အဖေအိုကြီး ဆီကို ချက်ချင်း အကြောင်းကြား လိုက်တာပါပဲ။
အဖေအိုကြီးခမျာလည်း ဘုန်းကြီး ကျောင်းမှာ ခိုကပ်နေရလေတော့
သူ့သမီးကို ဘယ်လို ဆေးကုနိုင်မှာလဲလေ….။
ကလေးမလေးက ဆေးရုံရောက်စက
ပြောတယ် သူ့အစ်ကိုကတော့
ရှုပ်လို့ပွေလို့
ဒီလိုဖြစ်ခဲ့တာပါတဲ့ သူ့ကိုတော့ အဲလို လုပ်စားလို့ ဖြစ်ရတယ်လို့ သံသယမဖြစ်ပါနဲ့တဲ့။
သူကတော့
အတိတ်ကံကြောင့် ဒီလိုဖြစ်ခဲ့တာပါလို့
ငါ့ကိုပြောပြီး ငိုရှာလေရဲ့။ သူ့အဖေကို မပြောပါနဲ့လို့လဲ ငါ့ကို အတန်တန် တောင်းပန် ရှာတယ်လေ။
အဖေအိုကြီးကတော့ ဒီလို အဖြစ်ဆိုးတဲ့
ရောဂါအကြောင်းကို မသိရှာဘူးလေ…။ ငါတို့လဲ အဖိုးကြီးကို စိတ်ထိခိုက်မှာစိုးလို့
တီဘီဖြစ်တယ်ပဲ ပြောထားတယ်…။ သူ့အခြေအနေကတော့ မဟန်တော့ဘူး…။
အခုလား မနက်ဖြန်လားပဲ”
ကိုရန်နိုင် ထင်ထားတာတွေထက်
ပိုဆိုးဝါး ရင်နာစရာတွေကို နားနဲ့ အပ်ပြီး ကြားခဲ့ရလေပြီ။ ရင်ထဲ မှာလဲ စို့လာပါတယ်။
ဘာမှ မဆိုင်ပေမယ့်
ချောစုကိုယ်စား ကြိတ်မနိုင်ခဲမရ
ယူကြုံးမရ ဖြစ်နေမိ ပါတယ်….။ မျက်ရည်စတွေကို ပုဆိုးခါးပုံစနဲ့ သုတ်ရင်း ပတ်ဝန်းကျင်ကိုလဲ
သတိထား မိလာပါတယ်။
နယ်ဆေးရုံ ဖြစ်လေတော့ လူနာက သိပ်မများလှ။
နွေရဲ့
နေ့လည်ခင်းဘက်မှာ ဆေးရုံက
ခြောက်ကပ် လို့ နေပါတယ်။
တိတ်ဆိတ်နေတဲ့
ဆေးရုံပတ်ဝန်းကျင်ကို စိုးမိုးလိုက်တာကတော့
အဖိုးအိုရဲ့
ငိုကြွေးသံပါ။ “သမီးလေးရယ်….”
ဆိုတဲ့
အသံနက်ကြီးက စကားပြောနေတဲ့
ကိုရန်နိုင်တို့ နှစ်ဦးကို တပ်လှန့် လိုက်သလိုပါပဲ။
သူနာပြု ဦးလေးကြီးက ကဗျာကယာ
အခန်းထဲဝင်သွားပြီး
ချောစုကို စမ်းသပ်နေပါတယ်။
ကိုရန်နိုင်လည်း သူနာပြု ဆရာမလေးကို အပြေး ခေါ်လိုက်ပါတယ်။
သိလေတဲ့ အတိုင်း နယ်ဆေးရုံတွေမှာ ဆရာဝန်က အမြဲတစေ မရှိလေတော့
အရေးပေါ်မှာ သူနာပြုဆရာမ လေးတွေကိုသာ လူနာရှင်တွေခမျာ အားကိုး ပြုကြရတာပါ။
သူနာပြု ဆရာမလေးက အချိန်မီ ရောက် လာပေမယ့်
ချောစုကတော့ ဝဋ်ကြွေးတွေ အဆုံးသတ်လို့
ဘဝတစ်ပါးကို
ပြောင်းသွားလို့ နေပါပြီ။ ကံကြမ္မာ ဝဋ်ကြွေးတွေကို
ပေးဆပ်ခဲ့ရတဲ့ ချောစုအတွက် အဖိုးအို ပူဆွေးဝမ်းနည်း နေပါတယ်။
အဖိုးအိုထက် ကိုရန်နိုင်က ပိုလို့ ဝမ်းနည်းမိပါတယ်။
ကိုရန်နိုင် ခံစားရတာထက်
သူနာပြု ဦးလေးကြီးက နှစ်ဆ ပိုလို့ခံစား ကြေကွဲရပါတယ်။ ချောစုတစ်ယောက် ဒီလိုဝဋ်ကြွေးတွေ
နောင်ဘဝမျိုးတွေမှာ ဘယ်တော့ များမှ မတွေ့ရပါစေနဲ့လို့သာ သူတို့ကိုယ်စီ ဆုတောင်း ပေးနေ ကြပါတော့တယ်……..။
(ခါးသီးတဲ့ လောကဓံကို ခံလိုက်ရတဲ့
ပန်းကလေး ချောစုအတွက် ဒီဝဋ်ကြွေးတွေ ဒီမျှနဲ့သာ အဆုံးသတ် ပါစေ……။)
လမင်းကို




