23
Dec

နွေ

 (အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့
ပင်ကိုယ်ရေး ခံစားချက်များ)

 

၂၀၀၂ ခုနှစ်က ကျွန်မတို့ မိသားစုမှာ
မကြားဖူးတဲ့ ရောဂါကို ကြားလိုက်ရတဲ့အခါ ဘယ်လိုပြော ရမှန်းမသိတဲ့ ပူလောင်မှုမျိုး
ခံစားရပါတယ်။

  ဒီအချိန်မှာ
ဒီရောဂါဟာ ဘယ်လိုကူးစက်တယ်ကအစ ကောင်းကောင်းမသိခဲ့ပါဘူး ။ ဒါပေမဲ့ ကျွန်မ ဟာ
ယောက္ခမနဲ့ အတူနေရတဲ့ အချိန်ဖြစ်ပါတယ်။ အစက ကျွန်မတို့မိသားစုက တမြို့မှာနေတယ်။
ကျွန်မ ယောက်ျား ခဏခဏဖျားပြီး အလုပ် မလုပ်နိုင်၊ ဆေးဘဲ ကုနေရတဲ့အချိန်မှာ ယောက္ခမက
သူ့ သားကို ဆေးကု ပေးရင်း ခေါ်ကျွေးထားတာ။

 ကုရင်းကုရင်း 
မပျောက်တဲ့အပြင် အနာတွေပါ ပေါက်လာတော့ သူ့ညီအစ်ကိုမောင်နှမတွေက
 သွေးစစ်လိုက်ကြသည်။ အဲဒီမှာ HIV ပိုးတွေ့တော့ သူ့အမေ ကျွန်မယောက္ခမဟာ သူ့သား
ကို ကိုယ်ထိလက်ရောက် ဘာမှလုပ်မပေးတော့ဘူး ။ လိုအပ်တာတော့ ပေးတယ်။ သူ့သား စားသောက် ပြီးပြီ
ဆိုရင် အကုန်ရေနွေးနဲ့ ပြုပ်ဆေးခိုင်းတယ်။အဲဒါကို ကျွန်မယောက်ျားသိပြီး
ပြန်မယ်လုပ်တော့ သူတို့ ခွဲခြားတာတွေကို သူ့သားမသိအောင် ဖုံးဖိပေးဘို့ ကျမကို
ပြောတယ်။ ယောက္ခမကြီးဟာ ကူးမှာ သိပ်ကြောက် ခဲ့ပါတယ် ။ ယောက်ျားမှာ
ပိုးရှိတယ်ဆိုတော့ မိသားစုပါ အစစ်ခိုင်းပါတယ်။ စစ်ခံရပါတယ်။

 ကျွန်မတို့မိသားစုအားလုံးရှိတယ်ဆိုတာနဲ့
စားစရာ သောက်စရာ ခွက်ကအစ သီးသန့်ထားပေးပါတယ်။ လျှော်စရာ အ၀တ်ဇလုံရောပေါ့။
နောက်ဆုံးတော့ နေစရာကအစ ကားဂိုဒေါင်ထဲမှာ သီးသန့်ထား ပေးတော့တာဘဲ။ အိမ်သာလဲ
သပ်သပ်လုပ်ပေးတယ်။

 

ခြင်ကိုက်တာကစ ကူးတယ်ဆိုပြီး
ဘာဆိုဘာမှ ပတ်သက်ချင်ဟန် မတူပါဘူး။ ဒါပေမဲ့ သူ့ရဲ့သားက မိသားစုကို သိပ်ချစ်မှန်းသိတဲ့အတွက်
တ၀င်းထဲ နေထိုင်ခွင့်ရပေမဲ့ မြေးလေးတွေ အချင်းချင်းတောင် အတွေ့မခံတော့ဘူး။

 

ကျွန်မယောက်ျားရဲ့ အစ်ကိုအကြီးဆုံးကလဲ
သူ့အမေလိုပါဘဲ။ သေထိတောင် သူ့ညီကို ကိုင်ကြည့် မသွားဘူး။ ကျန်တဲ့သူတွေက အဲသလောက်
မဆိုးကြပါဘူး။ အဲဒီသတင်းတွေ ကျွန်မ မိဘတွေ ကြားတော့ ကျမအရင်သေ လိမ့်မယ်ဆိုပြီး
လာခေါ်တယ်။ ဒါပေမဲ့ ကျမ ပြန်လိုက်မသွားခဲ့ဘူး။ အဲဒီ ဟာကို ကျွန်မယောက္ခမက ကနေ့ထိ
ကျေးဇူးတင်နေပါတယ်။

 

၈ ၊ ၉ ၊ ၂၀၀၂ တုန်းက ယောက်ျားသေလို့
ရွာပြန်လာခဲ့တယ်။ ရွာကတော့ ဆေးမှူးဆိုပြီး အားကိုးနေ ကြတဲ့
အိမ်နီးနားချင်းရှိတယ်။သူတို့မှာ သမီးလေးနဲ့ အတူတူ သမီးလေးရှိပါတယ်။
အဲဒီဆေးမှုးကတော် က သမီးလေးနဲ့ အတူမနေဘို့ ၊ ရောဂါကူးလိမ့်မယ်တို့ သူ့ကလေးကိုပြောတယ်။
ကျောင်းမှာလဲ ကလေးတိုင်းလိုလို လိုက်ပြီး ပြောတယ်။ ကျွန်မသမီးလေးကို
အပေါင်းအသင်းမလုပ်ဖို့ ပြောလို့  ကလေးက
ကျောင်းမှာ ငိုတယ်လို့ကြားတော့ ကျွန်မမှာ ပြောမပြတတ်အောင်ခံစားမှုမျိုး ခံစားဘူး ပါတယ်။

 

အဲဒီအချိန်မှာ ကျွန်မလဲ ပြောတယ်ဆိုတဲ့
မိဘတွေကို မေးပြီး ပတ်ရမ်းတော့တာပါဘဲ။ အဲဒီ ဆေးမှုးဆို တဲ့လူရဲ့ မိန်းမကလဲ
ကျွန်မကို “အညွန့်တုံးမ” လို့ အဆိုခံရဘူးပါတယ်။ အိမ်ကနေ စောင်းမြောင်းပြော ဆိုချင်းလဲ
ခံရ ပါတယ်။ဆွေမျိုးတွေထဲမှာလဲ ရှိပါတယ်။ ကျွန်မကလေးတွေနဲ့ မပေါင်းနဲ့၊
ရောဂါကူးလိမ့် မယ်တို့၊ ကလေးတို့ အဘိုး အဘွားတွေကအစ ပြောခံရပါတယ်။

 

ကျွန်မမိဘတွေ မရှိတော့လို့ အိမ်မှာ
ညအိပ်ရအောင် အဖေါ်ရှာတော့လဲ အိပ်မဲ့သူမရှိလို့ စုံစမ်းလိုက် တော့ ကူးမှာကြောက်လို့တဲ့လေ။
ကျွန်မ နေမကောင်းလို့ အ၀တ်လျှော်ရှာတော့လဲ လာလျှော်ပေးမဲ့သူ မရှိလို့ စုံစမ်း
လိုက်တော့ ကူးမှာ ကြောက်ကြတယ်တဲ့။ ကျွန်မတို့မိသားစုက အပျင်းပြေ အိမ်လည် ထွက်ပြန်တော့လဲ
ကူးမှာ ကြောက်ပြီး နောက်လာလည်မှာစိုးလို့နေမှာပေါ့၊ လက်ခံပြီး ကောင်းကောင်း မပြောကြပါဘူး။
သူတို့ရဲ့ အမူ အရာ မျက်နှာတွေကို ရိပ်မိလို့ပါ။

 

၂၀၀၂ ကနေ အခုအချိန်ထိ အလွယ်တကူ
မကူးစက်နိုင်ဘူးဆိုတာ သိပေမဲ့ လက်ခံ ဆက်ဆံဘို့ ခဲယဉ်းတဲ့သူတွေလဲ ရှိပါတယ်။

 

ဥပမာ ဆေးမှုးကတော်ဆိုပါတော့၊ တစ်နေ့ကဘဲ
ကျွန်မ အဒေါ် တစ်ယောက်က ကျွန်မချက်တဲ့ ရွှေဖရုံသီးချက်လေး စားချင်လို့ဆိုတော့
ကျွန်မက ပေးလိုက်တယ်။ “တော် သူချက်တာတွေ စားရဲလား၊ ကျမတော့ မစားရဲဘူး”ဆိုပြီး
မျက်နှာကို မဲ့ရွဲ့ပြသတဲ့။

 

အိပ်မပျော်တဲ့ ညတွေဆိုတာ ရေတောင်
မရေနိုင်တော့ပါဘူး။ ပစ်ပယ်မှု၊ ခွဲခြားမှု၊ စားဝတ်နေ ရေးစားရိတ်၊ ကလေးတွေ
ပညာရေးစားရိတ်၊ ကျူရှင်ခ၊ ဆေး ဖိုး။ ARV ဆေးဖိုးက တစ်လထက် တစ်လ ခက်လာတယ်။
နောက်ပိုင်း တစ်ရက် တစ်ကြိမ်ဘဲ သောက်နိုင်တော့တယ်။ အိပ်ယာထဲ ရောက်လို့
တွေးလိုက်ပြီဆိုရင် သက်သာရာရစရာ ဘာမှမရှိဘူး၊ ကလေးတွေ ဆေးသောက်ချိန် ရောက်လာမှာကို
အကြောက်ဆုံးဘဲ၊ ဘယ်လိုမှ ဝယ်မတိုက်နိုင်ဘူး၊ ကိုယ်အရင် အသေခံပြီး သူတို့ကို
ထားခဲ့ရမလား၊ သူတို့ကို ဘယ်သူကမှ ဘာမှလုပ်ပေးမှာ မဟုတ်ဘူး၊ သူတို့ မရှိဘဲလဲ
ကိုယ်မနေနိုင် ဘူး၊ စုပ်စုပ်ပြတ်ပြတ် အခြေအနေမရောက်ခင် သုံးယောက်လုံး
သတ်သေပြစ်လိုက်ရမလား၊ အဲဒါလဲ ခဏခဏ စဉ်းစားမိတယ်။

 

ကျွန်မယောက်ျားဆုံးပြီး
ရွာပြန်လာပြီးနောက် ယောက္ခမများက ၃-လ တစ်ကြိမ်လောက် ကလေးတွေနဲ့ လာကြ ဘို့ ခေါ်ကြတယ်။
ကျွန်မတို့သားအမိသုံးယောက်ကို သနားတာရယ် ၊ ရောဂါအကြောင်း ကောင်းကောင်းသိတာ
ရယ်တို့ကြောင့် ခွဲခြားဆက်ဆံမှုတွေ လျော့လာပါတယ်။ အစောပိုင်းကတော့ အဲဒီကို
လာချိန်မှာ တခြားမြေး တွေကို သူ့အိမ်မလာအောင် ပိတ်ထားပါတယ်။ အခုတော့ အဲလို
မဟုတ်တော့ပါဘူး။ သင်္ကြန်ရယ်၊ သီတင်းကျွတ်ရယ် တနှစ် ၂-ခေါက်တော့ အလည်သွားဖြစ်ပါတယ်။
ကျောင်းစားရိတ်တွေလဲ ထောက်ကြပါ တယ်။ ယောက်မက သမီးကြီးကို သူ့အိမ်မှာ ခေါ်ထားမယ်၊
ကျောင်းထားပေးမယ် ပြောပါတယ်။

 

(သြဂုတ်လ ၃ ရက် ၂၀၁၀ က
ရေးထားတဲ့ စာ)

 

တင်တင်ဝေ

ဒီဇင်ဘာ ၁၆၊ ၂၀၁၀

မိုးမခ - နွေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top