29
Apr

ပြည်တွင်း ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်မှုများလာ၊ လူကုန်ကူးမှု အချက်အလက်များသိသင့်



တစ်နေရာမှ
တစ်နေရာသို့ ရွှေ့ပြောင်းနေထိုင် အခြေချခြင်းနှင့် အလုပ်လုပ်ကိုင်ကြခြင်းများသည် ယခု
နောက်ပိုင်းကာလများတွင် ပိုမိုများပြားလာသဖြင့် လူကုန်ကူးခံရနိုင်သော အခြေအနေတစ်ရပ်
မဖြစ်လာစေရန် လူကုန်ကူးမှုနှင့် ပတ်သက်သော အချက်အလက် ဗဟုသုတများကို သိထားရန် လိုအပ်လာကြောင်း၊
ပြည်သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင်ကို သတိကြီးကြီးထားကာ လူကုန်ကူးမှု ပပျောက်စေရန်အတွက်
သက်ဆိုင်ရာနှင့် ပူးပေါင်းလက်တွဲကာ တိုက်ဖျက်ကြရန် လိုအပ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူကုန်ကူးမှု
တိုက်ဖျက်ရေးအဖွဲ့ မှ သိရသည်။

လူအများ၏စိတ်ထဲတွင်
မိမိအခြေချနေထိုင်ရာနေရာကို စွန့်ခွာချင်သောစိတ် မရှိသော်လည်း၊ မိမိနေထိုင်ရာနေရာ၏
အလုပ်အကိုင် အခွင့်အလမ်းများထက် တခြားနေရာများမှ မက်မော လောက်သော အလုပ်အကိုင်အခွင့်အလမ်းများ၏
ဆွဲဆောင်မှုကြောင့် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ကြမှုကိုတားဆီး၍ မရနိုင်သဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သော
ဗဟုသုတများ၊ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိထားရန် လိုအပ်လာကြောင်း ကုလသမဂ္ဂ
လူကုန်ကူးမှု တိုက်ဖျက်ရေး (UNIAP) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ရွှေ့ပြောင်းလုပ်ကိုင်ကြတာမျိုးကိုတော့
တားလို့မရနိုင်ပါဘူး။ တခြားနိုင်ငံပဲဖြစ်ဖြစ်၊ တခြားဒေသပဲ ဖြစ်ဖြစ် ကိုယ်အကျွမ်းတဝင်မရှိတဲ့ဒေသတွေမှာ
သွားရောက် လုပ်ကိုင်ကြတော့မယ်ဆိုရင် ဒီလူကုန်ကူးမှုနဲ့ ပတ်သက်တဲ့အချက်တွေ၊ ဗဟုသုတတွေသိထားရင်
အကောင်းဆုံးပဲ။ ရွေ့ပြောင်း အခြေချမှု၊ အလုပ်လုပ်ကိုင်မှုနဲ့ လူကုန်ကူးမှုက တိုက်ရိုက်အချိုး
မကျဘူး ဆိုပေမယ့်၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ အသိပညာတွေကို နေရာအနှံ့
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်ဖို့ လိုပါတယ်
ဟု ၄င်းက ဆက်ပြောပြသည်။

ထို့ပြင်
တစ်ခါတစ်ရံတွင် လူကုန်ကူးခံရသူများ အနေဖြင့် မိမိနေထိုင်ရာ ဒေသရင်း၏ အလုပ်အကိုင်၊ အခွင့်အလမ်း
နည်းပါးမှုကြောင့် ရွှေ့ပြောင်းအခြေချ လုပ်ကိုင်ခြင်းကို တားဆီး ပိတ်ပင်ဖို့ရန် မဖြစ်နိုင်ကြောင်း၊
ဗဟုသုတနည်းပါးမှုပေါ်တွင် အခွင့်ကောင်းယူ၍ လူကုန်ကူးတတ်ကြခြင်းကိုသာ အသိပညာပေးမှုများ
လုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။

တခြားနေရာက
လစာကောင်းတယ်၊ အလုပ်ပိုကောင်းတယ် ဆိုတဲ့သတင်းတွေက ဆွဲအားကောင်းသလို၊ ကိုယ်လက်ရှိနေတဲ့ဒေသက
စားဝတ်နေရေးအတွက် အခက်အခဲ ကြုံလာနေတဲ့ ကိစ္စကလည်း တွန်းအားဖြစ်စေတယ်။ ဒါကြောင့် ရွှေပြောင်းနေထိုင်
လုပ်ကိုင်ကြမှုတွေ ဖြစ်လာကြတာ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ကြမယ့်
ဖြစ်နိုင်ခြေရှိတဲ့သူတွေကို ဘေးအန္တရာယ် မဖြစ်အောင်သာ သိသင့်သိအပ်တဲ့ သတင်းအချက်အလက်တွေ
ပံ့ပိုးကူညီပေးရမှာပါ။ မဖြစ်သင့်တာတွေမဖြစ်အောင်၊ ဆောင်ရန်၊ ရှောင်ရန်တွေ၊ ဖြစ်ခဲ့ရင်တောင်
အကူအညီရနိုင်မယ့် နေရာတွေ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကအစ သိသင့်သိအပ်တာတွေကို သိအောင်
လုပ်ပေးထား သင့်ပါတယ်
ဟု ၄င်းက ပြောသည်။

 

Ecovisionjournal
ပြည်တွင်းတွင်ရွှေ့ပြောင်း အခြေချနေထိုင်လုပ်ကိုင်မှုများလာ၊ လူကုန်ကူးမှုနှင့် ပတ်သက်သော
သတင်းအချက်အလက်များ ကျယ်ပြန့်စွာ သိထားသင့်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top