25
Aug

ပြည်တွင်း ပြည်ပ ကွာချားချက် တခု

ညနေမှောင်စပြုလာတဲ့ အချိန်မှာ မီးစက်သံလေးတွေရဲ့ အသံတွေ တဒုတ်ဒုတ်ကြားနေရတော့ ကျွန်တော့်စိတ်ထဲမှာ ရွာကိုပြန်ရောက်နေသလိုမျိုး ခံစားနေရတယ်။ ကျွန်တော်အခုနေနေတဲ့ နေရာကတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တော်ရဲ့ ဒုက်ခသည်စခန်းလေးပေါ့။ ဒီနေ့ ကျွန်တော် တနေကုန် မောပန်းခဲ့တယ်လေ။ သုံးနှစ်လောက် တခါမှ ပြန်မရောက်တဲ့ ဒုက်ခသည်စခန်းကို ဒီနေ့တော့ မောမောပမ်းပမ်းနဲ့ပင် ရောက်ရှိ  ခဲ့တယ်။

ဖြစ်ပုံက ပြည်တွင်းက အခုမှရောက်လာတဲ့ လူနာတစ်ယောက်ကို စခန်းထဲမှာ ဆေးလာကုပေးတာပါ။ လူနာဟာ တကယ့်ကို သနားစရာကောင်းတဲ့ လူနာတဦး ဖြစ်ပါတယ်။ ပြည်တွင်းက လူတွေ ပြောချက်အရကတော့ ဒီလူနာဟာ HIV/AIDS ဝေဒနာရှင် တစ်ယောက်လို့ ဆိုပါတယ်။ HIV/AIDS ဝေဒနာရှင်ဆိုလို့ ရေးလိုက်မိတော့ ကျွန်တော့်စိတ်ထဲမှာ အေစ့်ရောဂါနဲ့ သေသွားတဲ့ ကျွန်တော့်ရွာက လူတစ်ဦး အကြောင်းကို ကျွန်တော် ပြန်သတိယ မိပါတယ်။ သူ့နာမည်က ဦးမိုးကျော်လို့ ခေါ်ပါတယ်။ ရွာသူ ရွားသားတွေရဲ့ အသိပညာ နည်းပါးလွန်းတာက တကြောင်း၊ အယူသည်းတာက တစ်ကြောင်း ဦးမိုးကျော် အသေမလှခဲ့ပါဘူး။ ဦးမိုးကျော်ရဲ့ အသုဘ အဆုံးသတ်မလှခဲ့သလို ရွာသူရွာသားတွေရဲ့ အသိပညာ နည်းပါးမူကြောင့် ဦးမိုးကျော်ရဲ့ အိမ်ဟာ ရွာသူရွာသားတွေရဲ့ မီးဝိုင်းဝန်းရှို့ခြင်းကို ခံခဲ့ရပါတယ်။ ဒါဆိုရင် ဦးမိုးကျော်နဲ့ရပြီး ကျန်ခဲ့တဲ့ မိသားစုတွေ ဘယ်လိုဒုက္ခ ရောက်မလဲဆိုတာကိုတော့ စာဖတ်သူတို့ စဉ်းစားကြည့်ကြပါ။ ဒီအကြောင်းတွေကို ကျွန်တော်လုံးလုံးကို သတိမရခဲ့မိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၄)ရက်က ကျွန်တော့်တို့ဆီကို ရောက်လာတဲ့ လူနာရဲ့ အကြောင်းကြားတော့ ကျွန်တော်ငယ်စဉ်အခါက မြင်တွေ့ခဲ့ဖူးတဲ့ ဦးမိုးကျော်ရဲ့ အဖြစ်ကို ပြန်သတိရမိလိုက်ပါတယ်။

အခုတက်လာတဲ့ ဝေဒနာရှင်ဟာ သူ့ကို အေ့စ်ဖြစ်တယ်လို့ ထင်တဲ့ လကစပြီး ၆ လတိတိ ကျွန်တော်တို့ရဲ့ ရွာသူရွာသားတွေ ဥပေက္ခာပြုထားကြောင်း ကျွန်တော် ကြားသိရပါတယ်။ ဒီလူရဲ့ ဇနီးကတော့ လူတွေရဲ့ အပြော ခံရမှာ စိုးတာကြောင့် ချစ်လှစွာသော ၇ လအရွယ် သမီးလေးနဲ့၊ ၂ နှစ်ကျော် သမီးလေးနှစ်ဦးကို ခွဲခွာသွားက သူ့ကိုယ့်ကို သေကြောင်း စီရင်ခဲ့ကြောင်းကိုတော့ ရွာသူရွာသားများရဲ့ ပြောဆိုခြင်းမှ ကျွန်တော် ကြားသိခဲ့ရ ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ကလေးနှစ်ဦးကတော့ မိမိတို့ရဲ့ မိဘနှစ်ပါးကို အဖေအမေလို့ မခေါ်ရရှာပဲ မည်မျှ အသက်ရှင်နေထိုင် သွားရမည် ဆိုတာကိုတော့ ကျွန်တော် မခန့်မှန်းတတ်ပါ။ ငါဘယ်နေ့ သေမှာလည်း ဆိုတာကို စောင့်နေတဲ့ ကလေးတွေရဲ့ အဖေကို မြင်ရတော့ ကျွန်တော့်ရင်ထဲမှာ လုံးဝစိတ်မကောင်းပါဘူး။

အသိပညာ နည်းပါးလှတဲ့ ရွာသူရွာသားတွေက လူနာကို ပစ်တင်ကဲ့ရဲ့ကာ သေလူအဖြစ် ပယ်ထားတယ်လို့ သတင်းကြားတော့ ကျွန်တော်တို့ မိသားစု အင်မတန် စိတ်မကောင်းဖြစ်ကာ ၀မ်းနည်းရပါတယ်။ လေးရက် လုံးလုံး မိမိသမီးလေးနှစ်ဦးရဲ့ ဓါတ်ပုံကိုကြည့်ပြီး ပူဆွေးဝမ်းနည်းနေတဲ့ ဖခင်တစ်ယောက်ကို ကျွန်တော့်ရွာက ရွာသူရွာသားများ လာရောက်မြင်တွေ့ရင် ဖခင်စိတ်၊ မိခင်စိတ်နဲ့ ကိုယ်ချင်းစာကြပါ့မလား ဆိုတာကိုပင် ကျွန်တော် မတွေးတတ် တော့ပါ။ ဒါကြောင့် ကျွန်တော် ငြိမ်ငြိမ် မနေနိုင်တော့ပါ။ မိဘနှစ်ဦးနဲ့ ကျွန်တော် တိုင်ပင်ပြီး ဒုက္ခသည် ဆေးခန်း ပို့ပေးဖို့ ကျွန်တော် စီစဉ် ရပါတော့တယ်။ ဆေးဝါး စုံလင်တဲ့ မယ်ဟောင်ဆောင် ဆေးရုံကြီးကို ပို့ဆောင်ချင်ပေမဲ့လည်း ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး အားနည်းမှုကြောင့်တကြောင်း၊ လူနာဟာ ထိုင်းနိုင်ငံမှာ နေထိုင်ကြောင်း ဘာအထောက်အထားမှ မရှိမှုတွေကြောင့် ကျွန်တော်ဒုက္ခသည် စခန်းကိုပဲ မှန်းမျော်ကာ အားကိုးခဲ့ မိပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ဒုက္ခသည် စခန်းကို နောက်တစ်ခေါက်ပြန်ရောက် ခဲ့ရပါတယ်။

ဒုက္ခသည် စခန်းကို ရောက်တော့ ဆေးခန်းက တာဝန်ရှိသူများရဲ့ နွေးထွေးစွာ ကြိုဆိုမှုတွကြောင့် လူနာအတွက် ကျွန်တော်ဝမ်းသာကြည်နူး ခဲ့ရပါတယ်။ ခရီးတလျှောက် မောမောပမ်းပမ်း ဖြစ်ခဲ့ပေမဲ့ ယူနီဖောင်း အပြည့်နဲ့ ပြုံးရွင်လန်းဆန်းနေတဲ့ ၀န်ထမ်းတွေရဲ့ မျက်နှာကို မြင်လိုက်ရတော့ လူနာရဲ့ ရောဂါ တ၀က်ပျောက်ပြီလို့တောင် စိတ်ထဲမှာ ခံစားမိပါတယ်။ မည်သည့်ရောဂါရှင်ကိုမဆို တရောတနှော ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်တဲ့ စိတ်ဓါတ်လေးတွေကို ကျွန်တော် ထပ်မံ တွေ့မြင်လိုက်ရတော့ လူနာတွေရဲ့ အစစ်အမှန် ကယ်တင်ရှင်တွေဆိုတာ ဒီလို ဆေးရုံဝန်ထမ်းတွေသာ ဖြစ်မယ်လို့ ကျွန်တော် ထပ်မံ ခံစားလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဒုက္ခသည် စခန်းမှာ လူနာကို သုံးညကုသဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆေးခန်းရဲ့ နည်းပညာ၊ စက်ကိရိယာမြင့်မားမှုနဲ့ အတူ ဆေးခန်းဝန်ထမ်းတွေရဲ့ ပျူငှာယဉ်ကျေးနွေးထွေးစွာ ဆက်ဆံမှုတွေကြောင့် လူနာရဲ့ စိတ်ထဲမှာ ၀မ်းဝမ်းသာသာဖြစ်လာမယ်လို့ ကျွန်တ်ာထင်မိရင် မမှားလောက် ပါဘူး။ ပြီးတော့ ပိုက်ဆံရှိမှသာ ဒီရောဂါကို ကုသပျောက်ကင်းမှာလို့ စိတ်ထဲက စွဲလန်းနေတဲ့ မြန်မာပြည်က လူနာတစ်ဦးဟာ ဒီဒုက္ခသည် စခန်းလေးကို ရောက်လာခဲ့သည် ဆိုရင်ဘဲ ဒီတယူသန် စွဲလန်းမှုကြီး အလိုလို ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော်လုံးဝယုံကြည်ပါကြောင်း ပြီးတော့ ကျွန်တော် ပထမဦးဆုံး ကူညီလိုက်တဲ့ လူနာတစ်ဦးက ဒုက္ခသည် စခန်းလေးမှာ အောင်မြင်စွာ ဆေးခံယူကုသသွား နိုင်မှုကြောင့် ကျွန်တော့်ကို ကျွန်တော်လည်း ဂုဏ်ယူမိရင်း နိဂုံးချူပ်လိုက် ရပါတကား။

ရှမ်းမလေး - ပြည်တွင်း ပြည်ပ ကွာချားချက် တခု 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top