11
Oct

ပြည်နယ်များ (၁၅) ခု၊ မြို့ပေါင်း (၂၆၀) မြို့သို့ တကိုယ်တော် စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု (HIV) ရောဂါပိုးနှင့် ပက်သက်ပြီး၊ အသိပညာပေးဆွေးနွေးခြင်း

မြန်မာနိုင်ငံအဝှမ်း တိုင်းဒေသကြီးများ နှင့် ပြည်နယ်များ (၁၅) ခု၊ မြို့ပေါင်း (၂၆၀) မြို့သို့ တကိုယ်တော် စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု  (HIV) ရောဂါပိုးနှင့် ပက်သက်ပြီး၊ အသိပညာပေး ဆွေးနွေးခြင်းနှင့် ဟောပြောခြင်း တို့ကို ပြုလုပ်ကာ၊ မိမိကဲ့သို့သော ဝေဒနာရှင်များအား၊ လူသားခြင်း စာနာစိတ်ဖြင့် ရိုးရှင်းသောဘဝဖြင့် သက်တမ်းစေ့နေထိုင်နိုင်မှုအား ဝေမျှခြင်းခရီးစဉ် ဖြစ်ပါတယ်။

မနေ့ကမနက်ပိုင်း 7.10.2014 အင်္ဂါနေ့ (၁၁) နာရီဝန်းကျင်လောက်မှာ မိတ်ဆွေကြီးဒေါက်တာဝဏ္ဏစိုးက၊ ဖုန်းဆက်ပြီး လူတစ်ယောက်နဲ့တွေ့ဖို့အတွက် ပြောလာပါတယ်။ အဲဒီမှာတင်ပဲ ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ အဲဒီပုဂ္ဂိုလ်က တော့ ဂီတမိတ်ကျောင်းသား" ကို စရကို" (Srako) ဆိုတဲ့ HIV Possitive ဝေဒနာရှင်တစ်ဦးပါပဲ။ သူဟာ မန္တလေး ဇာတိဖြစ်ပြီးတော့ ၂၀၀၇ ခုနှစ်ရောက်မှ ရန်ကုန်မှာ စတင် နေထိုင်တယ်လို့ ပြောပြပါတယ်။ သူ့မှာ ဒီရောဂါကြီး ရှိနေမှန်းကိုတော့ ၂၀၀၅ ခုနှစ် ဇန္နဝါရီ (၂၀) မှာ စတင်သိရှိခဲ့ရကြောင်း ပြောပါတယ်။ ART ဆေးကိုတော့ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့မှာမှ စတင် သောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘဝကို အရှုံးမပေးပဲ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ရင်း၊ တဖက်ကလည်း ကလေးငယ်များအား ပန်းချီနဲ့ အခြားပညာရပ်တွေကို သင်ပေးနေတယ်လို့ သိခွင့်ရလိုက်တဲ့ အချိန်မှာတော့၊ သူ့ကို မလေးစားပဲ မနေနိုင်တော့ပါဘူး။ အခု သူ့ရဲ့ ခရီးစဉ်တလျှောက်လုံးမှာလည်း ရောက်သမျှမြို့ ရွာတွေတိုင်းမှာ၊ ခုခံအားကျဆင်းမှု ကူးစက်ခံဝေဒနာရှင်များအနေနဲ့ သက်တမ်းစေ့နေထိုင်နိုင်ရေး၊ HIV ကူးစက်မှုလျော့ကျစေရေး၊ AIDS ရောဂါကြောင့် ထပ်မံဆုံးရှုံးမှုများ လျော့ကျစေရေး တို့ကို ရည်ရွယ်ပြီး၊ နှစ်သိမ့်ဆွေးနွေး အကြံပေးကာ Public နဲ့ +ve တွေကို ဦးတည်တွေ့ဆုံပြီး စကားဝိုင်းများ နယ်လှည့်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ခရီးတလျှောက်မှာ HIV Possitive ဝေဒနာရှင် အမြောက်အများနဲ့ တွေ့ဆုံဆွေးနွေး အကြံပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသပေါင်း (၁၈၃) ဒေသနဲ့ မိုင်ပေါင်း (၅၈၀၀) ကျော်၊ ကျော်ဖြတ်လာပြီးလည်း ဖြစ်ပါတယ်။ မူလ ရည်ရွယ်ထားတုန်းက ထက်၊ ခရီးမိုင်နဲ့ ဒေသများ ပိုများ သွားပြီး၊ ခရီးစဉ်အပြီးမှာတော့ အားလုံးပေါင်း ဒေသ (၂၆၀) နဲ့ မိုင်ပေါင်း (၆၀၀၀) လောက် ဖြစ်သွားမှာပါ။ ကျိုင်းတုံမှာ ရှိနေတဲ့ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားလူငယ်များ၊ HIV+ ဝေဒနာရှင်များ၊ ပြည်သူများနဲ့လည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျိုင်းတုံမှ ထွက်ခွာအပြီးမှာတော့ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းဆတ် လမ်းကနေ လင်းခေး၊ မောက်မယ်၊ ဆီဆိုင် တို့ကိုဖြတ်ပြီး၊ ကယားပြည်နယ် လွိုင်ကော်၊ ထိုမှတဖန် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့က တဆင့် တနင်္သာရီတိုင်း ကော့သောင်းအထိ သွားရောက်ကာ၊ ရန်ကုန်မှာခရီးစဉ် ဆုံးမယ်လို့ အသေးစိတ် ပြောပြပါတယ်။

လမ်းခရီးချိတ်ဆက်မှု ကွန်ယက်လေးတွေနဲ့ စက်ဘီးကိုတော့ ဦးကျော်သူက ကူညီပေးပြီး၊ ARTဆေးနဲ့ အားဆေး တစ်နှစ်လုံးစာ ကိုတော့ ဒေါ်ဖြူဖြူသင်း က ကူညီထောက်ပံ့ပေးတယ်လို့ သိခွင့်ရတော့ အတိုင်းမသိ သာဓုခေါ်မိပါတယ်။ တလမ်းလုံး ဒေသခံတွေရဲ့ နွေးထွေးပျူငှါစွာ ကြိုဆိုစောင့်ရှောက်၊ ထောက်ပံ့မှုတွေကို ရရှိခဲ့လို့ အခက်အခဲတွေ ပြေလည်ခဲ့ရကြောင်း၊ ငွေ သိပ်ကိုပြတ်လပ်သွားတဲ့ အခါမှာတော့ အိမ်ကိုလှမ်း လွှဲခိုင်းရကြောင်းတွေလည်း ကျနော်တို့ကို ပြောပြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဟာ မြန်မာလနဲ့တွက်ရင် သူ့ရဲ့ (၃၅) နှစ်ပြည့် မွေးနေ့ပါတဲ့။ ဒီနေ့မှာတော့ ဒေသခံကြက်ခြေနီအဖွဲ့ဝင်အချို့နဲ့၊ ရှင်သန်ခြင်း SHG group မှ အမှုဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်ကြီးဟာ ဘယ်သူမှ စိတ်မကူးဝံ့တဲ့ ကြမ်းတမ်းခက်ခဲတဲ့ ခရီးရှည်ကြီးတစ်ခုဖြစ်ပြီး၊ လူပေါင်းမြောက်မြားစွာကို အကျိုးရှိစေမယ့် လူတိုင်းမလုပ်နိုင်တဲ့၊ ကိုယ်ကျိုးစွန့် လုပ်ရပ်ကြီးတစ်ခု ဖြစ်ပါတယ်။ ကျောင်းသားလူငယ်များကိုလည်း ဒီရောဂါဆိုးကြီး မကပ်ငြိအောင် အသိပညာပေးဟောပြောသွားမှာဆိုတော့ အင်မတန်မွန်မြတ်လှပါတယ်။ "ကာကွယ်ခြင်းသည် ကုသခြင်းထက် မြတ်သည်" လို့ ဆိုရိုးရှိတဲ့ အတိုင်း မွန်မြတ်လှတဲ့ နှလုံးသားနဲ့ ပေးဆပ်နေသူလို့ ဆိုနိုင်ပါတယ်။ HIV+ တစ်ဦးက ဒီလိုမျိုး ကျမ္မာစွာနဲ့ တစ်နိုင်ငံလုံးကို၊ စက်ဘီးတစ်စီးနဲ့ တစ်ယောက်တည်း အဖော်မပါပဲ ပတ်နိုင်တာဟာ သိပ်ကိုချီးကြူးဖို့ ကောင်းပါတယ်။ တကယ်လို့များ မိမိတို့နေထိုင်ရာမြို့ရွာများကို ရောက်ရှိလာလျှင်လည်း ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။

Ye Myint Aung  -  ပြည်နယ်များ (၁၅) ခု၊ မြို့ပေါင်း (၂၆၀) မြို့သို့ တကိုယ်တော် စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု  (HIV) ရောဂါပိုးနှင့် ပက်သက်ပြီး၊ အသိပညာပေးဆွေးနွေးခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top