မြန်မာနိုင်ငံတွင်
ပြည့်တန်ဆာများ ကွန်ဒုံးကို လက်ဝယ်မထားရှိခြင်းသည် ပြည့်တန်ဆာများအကြား အိပ်ခ်ျအိုင်ဗွီ
ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ပိုမိုများလာရသည့် အကြောင်းတချက် ဖြစ်ကြောင်း ပြည်တွင်း
အန်ဂျီအို တခုမှ ပြောကြားသည်။
ပြီးခဲ့သည့်
မေလအတွင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ အမျိုးသမီး အကျဉ်းသူများကို ရန်ကုန်တိုင်း ကျန်းမာရေး
ဦးစီးဌာနမှ ဆေးစစ်ပြီး ထွက်ပေါ်လာသည့် ရလဒ်အပေါ် အခြေခံကာ သားဆက်ခြား ကျန်းမာရေး လုပ်ငန်းများ
အကောင်အထည်ဖော်နေသည့် အိုင်အန်ဂျီအိုတခုမှ အရာရှိကြီးတဦးက ပြောကြားခြင်း ဖြစ်သည်။
၎င်းက
“တိုင်းကျန်းမာရေး ဦးစီးက အင်းစိန်ထောင်ထဲမှာ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး စစ်တာ ပြည့်တန်ဆာတွေရဲ့
(၂၂.၅) ရာခိုင်နှုန်း ကူးစက်နေတာ တွေ့ရတယ်။ ဒါဟာ အတော်လေးကို မြင့်မားတဲ့ ကူးစက်မှုနှုန်း
ဖြစ်တယ်။ ကျနော်တို့ အပြင်မှာလည်း ပုံမှန် စစ်ဆေးမှုတွေ လုပ်တယ်။ ဒီထက် ရာခိုင်နှုန်းမြင့်ပေမယ့်
ကိန်းဂဏန်းကို ကျနော်တို့ ထုတ်ပြန်ခွင့်မရှိဘူး။ အဓိက ပြဿနာကတော့ ပြည့်တန်ဆာတွေဟာ သူတို့ကို
အကာအကွယ်ပေးနိုင်မယ့် ကွန်ဒုံးကို လက်ဝယ် ဆောင်ထားနိုင်ခြင်း မရှိလို့ပဲ” ဟု ပြောသည်။
ပြည့်တန်ဆာများ
လက်ဝယ်တွင် ကွန်ဒုံးဆောင်ထားသည်ကို ရဲ သို့မဟုတ် စစ်ဆေးသူများက တွေ့ရှိပါက ငွေညှစ်ခြင်း၊
ဖမ်းဆီးပါက တရားရုံးတွင် သက်သေခံ ပစ္စည်းအဖြစ် တင်ခြင်း၊ ကွန်ဒုံးကြောင့် အာဏာပိုင်တို့၏
အနိုင်ကျင့် စော်ကားခံရခြင်း တို့ကြောင့် အန္တရာယ် ကင်းစေရန် ကွန်ဒုံး မဆောင်သဖြင့်
အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်မှု ပိုမြင့်မားလာခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မင်္ဂလာဈေးသစ်
ဂျေဂျေ နိုက်ကလပ်မှ ပြည့်တန်ဆာတဦးက အန်ဂျီအိုအဖွဲ့များက ကွန်ဒုံး ဝေငှသည်ကို လက်ခံရရှိလေ့
ရှိသော်လည်း ကွန်ဒုံးကို ဆောင်ထားပြီး ညဘက် ဧည့်သည်နှင့် လိုက်ပါသွားချိန် လမ်းတွင်
ရဲများ စစ်ဆေးတွေ့ရှိပါက ငွေညှစ်ပြီး ၎င်းတို့ ခေါ်ဆောင်ရာ အခမဲ့ လိုက်ပါ ပေးရခြင်းတို့
ကြုံရတတ်ကြောင်း၊ အခန့်မသင့်၍ အဖမ်းခံရပါက ကွန်ဒုံးကို တရားရုံးတွင် သက်သေအဖြစ် တင်သည့်အတွက်
ရသမျှ ကွန်ဒုံးများကို ဝိတ်တာများထံ ပေးပစ်ကြောင်း ပြောသည်။
၎င်းက
“တကယ်လို့ ကိုယ့်ကို ခေါ်သွားတဲ့ ဧည့်သည်မှာ ကွန်ဒုံးမရှိခဲ့ရင် အကာအကွယ်မဲ့ လိင်ဆက်ဆံ
ခံရတတ်တယ်။ ရောဂါပိုး ကူးစက်နိုင်တာကို သိပေမယ့် အခြား ရွေးချယ်ပိုင်ခွင့် မရှိဘူး”
ဟု ပြောသည်။
ယခုနောက်ပိုင်း
ရန်ကုန်မြို့ပေါ်တွင်သာမက ဆင်ခြေဖုံးတွင်လည်း ပြည့်တန်ဆာ အရေအတွက် တိုးပွားလာပြီး အသက်
(၁၈) နှစ် မပြည့်သေးသည့် ငယ်ရွယ်သူ ပိုမိုများပြားကြောင်း အန်ဂျီအို အရာရှိက ပြောသည်။
၎င်းက
“မိန်းကလေးငယ်အများစုဟာ ဆင်းရဲပြီး စာကောင်းကောင်း မသင်ရလို့ ကျန်းမာရေး ဗဟုသုတ အလွန်
နည်းကြတယ်။ နောက် မြန်မာနိုင်ငံ ဥပဒေရဲ့ အားနည်းချက်၊ ရဲဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှု
စတာတွေကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ပျံ့နှံ့မှုကို ပိုပြီး အားပေးသလို ဖြစ်နေတယ်”
ဟု ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း
ခင်ညွန့်လက်ထက်တွင် မြန်မာနိုင်ငံ၌ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသူ (၂) သိန်းခွဲခန့်ရှိကြောင်း
ထုတ်ပြန် ကြေညာခဲ့ဖူးသော်လည်း ယခုအခါ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ တိုးပွားနှုန်း/လျော့ကျနှုန်းများကို
စစ်အစိုးရက ထုတ်ပြန် မကြေညာတော့သဖြင့် အခြေအနေမှန်ကို မသိနိုင်ကြောင်း ပြည်တွင်း အန်ဂျီအို
အဖွဲ့များက ပြောသည်။
မျိုးဝင်းဇော်
၂၅
သြဂုတ် ၂၀၁၀
ခေတ်ပြိုင်
- ပြည့်တန်ဆာများ အိပ်ခ်ျအိုင်ဗွီ ဖြစ်နှုန်း များပြား




