24
Aug

ပြည့်တန်ဆာအချို့ အဖမ်းခံရမည်စိုးသဖြင့် ကွန်ဒုံးဆောင်ရမှာကြောက်

ပြည့်တန်ဆာလုပ်ငန်းဖြင့် မသင်္ကာဖွယ်ရာရှိသော အမျိုးသမီးများ လက်ဝယ်တွင် ကွန်ဒုံးတွေ့ရှိတိုင်း ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးမှုမပြုလုပ်ရန် ညွှန်ကြားချက် ၃ ကြိမ် ထုတ်ပြန် ထားသော်လည်း အဖမ်းခံရမည်စိုးသောကြောင့် ပြည့်တန်ဆာများအနေဖြင့် ကွန်ဒုံးဆောင်ရမည်ကို စိုးထိတ်နေကြသေးကြောင်း Marie Stopesမှ မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြား ရေးမှူး ဒေါက်တာစစ်နိုင်က ပြောသည်။

ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေတွင် အမျိုးသမီးတစ်ဦးကို ကွန်ဒုံးလက်ဝယ်တွေ့ရှိရုံနှင့် ဖမ်းဆီးခြင်း၊ စွဲချက်တင်ခြင်း၊ အရေးယူခြင်းများ ပြုလုပ်နိုင်သည်ဟူသော အချက်များ လုံးဝမပါဝင်ကြောင်း၊ သို့သော်လည်း ကွန်ဒုံးသည် ၂ဝ ရာစုကာလက ပြည့်တန်ဆာများထံသွားလျှင် အသုံးပြုသည့်ပစ္စည်း တစ်ခုဖြစ်ခဲ့သောကြောင့် တားဆီးရေးဘက်တွင်ကွန်ဒုံး လက်ဝယ်တွေ့ရှိပါက ပြည့်တန်ဆာမှုဖြင့် အရေးယူခြင်းများ ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

”ပြည့်တန်ဆာ တားဆီးကာကွယ်ရေးမှာ ကွန်ဒုံးကို သက်သေခံပစ္စည်းလို သုံးလာကြတော့ HIVကာကွယ်ရေးနဲ့ကလွဲနေတယ်။ ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့သူတွေ ကလည်း ကွန်ဒုံးဆောင်ထားရင် အ လွယ်တကူ ဖမ်းခံရနိုင်တယ်ဆိုပြီး ကွန်ဒုံးကို မကိုင်ရဲ၊ မထိရဲ၊ အနား မှာ မထားရဲကြတော့ဘူး။ တကယ်ဆိုရင် အဲဒီအချိန်မှာ ကွန်ဒုံး က တကယ်လိုပေမယ့် ကြောက်လို့မသုံးတာ ဖြစ်သွားတယ်။ ဒါမျိုးကို မလုပ်ဖို့တော့ စာထုတ်ပြီးတားထားပါတယ်။ ဒါပေမဲ့ အောက်ခြေမှာတော့ ဒါကိုသုံးပြီး တားဆီး တာ ရှိနိုင်သေးတာပေါ့” ဟုဒေါက်တာ စစ်နိုင်က ပြောသည်။

တချို့ ပြည်ပနိုင်ငံများတွင် ပြည့်တန်ဆာလုပ်ငန်းကို အတိုင်းအတာတစ်ခုထိ တရားဝင်ခွင့်ပြုထားပြီး ကွန်ဒုံးကို မဖြစ်မနေအသုံးပြုရကြောင်း၊ ကွန်ဒုံးအသုံးမပြုပါက ဖမ်းဆီးအရေး ယူခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။

”ကွန်ဒုံးလက်ဝယ်တွေ့ရှိရုံနဲ့ ဖမ်းဆီးတယ်ဆိုတာ လွယ်ကူနေတဲ့အတွက် တချို့ လုပ်ကောင်း လုပ်မိနိုင်တယ်။ စည်းမျဉ်းနဲ့တော့ ကိုက်ညီမှုမရှိဘူး။ အဲဒီလိုလုပ်တာလေး တစ်ခါ တစ်လေ ရှိနေသေးရုံနဲ့ ပြည့်တန်ဆာတွေက ကွန်ဒုံးဆောင်ရမှာကို ကြောက်ပြီး HIV ရောဂါ ကူးစက်မှုအန္တရာယ်ကလည်း ဆက်ရှိနေမှာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်ကထပ်လောင်း ပြောသည်။

ကွန်ဒုံးအသုံးပြုမှုနှင့်ပတ်သက် ပြီး စစ်တမ်းများကောက်ယူသည့်အခါတွင် ရာခိုင်နှုန်း ၈ဝ/၉ဝ သုံးစွဲကြသည်ဟု ဆိုကြသော်လည်း တကယ်တမ်းတွင် ၅ဝ ရာခိုင်နှုန်း ပင် မပြည့်နိုင် သေးဟု ယူဆကြကြောင်း သိရသည်။

မင်းချစ်နိုင် - ပြည့်တန်ဆာအချို့ အဖမ်းခံရမည်စိုးသဖြင့် ကွန်ဒုံးဆောင်ရမှာကြောက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top