ရန်ကုန်မြို့၏ အေးစိမ့်စိမ့်ဆောင်းညနေခင်း ခြုံပ၀ါအောက်တွင် ကိုမောင်မောင် တစ်ယောက် ရီဝေသော မျက်လုံးနှင့်အတူ ဟိုကြည့်သည်ကြည့်ဖြင့် ယမကာဖီလင်တက်နေသည်။ အမြှုပ်တသဲ့သဲ့ ဆူထွက်လာသော ဘီယာဘူးကို နှုတ်ခမ်းပေါ်သို့တည့်ကာ မော့ချလိုက်သည်။
တက္ကစီတစ်စီး၏ ၀မ်းဗိုက်ထဲတွင် ထိုင်လျက် စမ်းချောင်းတစ်ခွင်သို့ ခြေဦးလှည့်နေခြင်းဖြစ်သည်။ မကြာမီ သူသွားလိုသည့်နေရာသို့ ဆိုက်ရောက်သွားလေသည်။ “အသက် (၂၀) ၀န်းကျင် လူငယ်တစ်ဦးက “အစ်ကို
Section ၀င်ချင်လို့လား” ဟုဆိုကာ သူ့အား ခရီးဦးကြိုဆိုလိုက်သည်။ ထို့နောက် အရှေ့တွင် အလှပန်းအိုးများ စိုက်ပျိုးထားသည့် မြေညီထပ် အခန်းတစ်ခုထဲသို့ တိုးဝင်သွားကြသည်။ ထိုအခန်းထဲမှ ကောင်တာစားပွဲပေါ်တွင် “ဂျာကြီး” ဆိုသူက “ဖုန်းဆက်ထားသေးလား” ဟု မေးလိုက်တော့ ကိုမောင်မောင်ကို ခေါင်းခါပြလိုက်သည်။
ဝါဖျော့ဖျော့။ ခပ်မှိန်မှိန်။ မပီပြင်ဝိုးတ၀ါး မီးရောင်အောက်တွင် စကတ်ကို တိုနိုင်သမျှ တိုအောင် မလုံ့တလုံ အ၀တ်အစားများကို ၀တ်ဆင်ထားသည့် နတ်မိမယ်များက တန်းစီလျက်ရောက်ရှိလာသည့် ဧည့်သည်များရှေ့တွင် ကိုယ်နေဟန် အမျိုးမျိုး အသင့်အနေအထားဖြင့် နေရာယူထားကြသည်။ အခန်းထဲမှ ထုံသင်းကြိုင်လှိုင်လျက် ထွက်ပေါ်လာသည့် စူးရှရှ အနံ့များမှာလည်း တထောင်းထောင်း။ ကိုမောင်မောင်သည် ထိုနတ်မိမယ်များ၏ လှပသော ကျော့ကွင်းထဲသို့ ဆင်းသက်ရန် ပိုပိုဆိုသည့် အမျိုးသမီးငယ်တစ်ဦးကို ရွေးထုတ်လိုက်သည်။
ပိုပိုသည် ကိုမောင်မောင်စီးနင်းလာသည့် ကတ္တီပါ ဖိနပ်ကို ကိုင်ဆောင်လျက် အခန်းကျဉ်းငယ်တစ်ခုထဲ သို့ဦးဆောင်လျက် ခေါ်ဆောင်သွားသည်။ ထိုနေရာ၏ အခန်းငယ်များထဲတွင် ကိုမောင်မောင် အပါအ၀င် ပြည့်တန်ဆာဝိုင်ဖိုင်ကို သုံးစွဲရန် ရောက်ရှိလာသော ပုရိသယောက်ျားသားများသည် နတ်မိမယ်များနှင့် ရင်ချင်း ပူးကပ်လျက် ငြီးငြူသံ၊ သာယာနာပျော်သံ၊ ကျီစားသံရယ်မောသံ စသည့် ဆန္ဒတေး သီချင်းများကို ကိုယ်စီကိုယ်င သီကျူးနေကြလေရဲ့။
ကိုမောင်မောင်သည် အရပ်အမောင်းကောင်းပြီး ရုပ်ရည်ပြေဖြစ်သူ တစ်ဦးဖြစ်သည်။ ခေတ်ပညာတတ် ဘွဲ့ရတစ်ဦးလည်း ဖြစ်သည်။ ထိုနေရာသို့ သွားရောက်ပျော်ပါးခြင်းမှာ သူ့တွင် ကိုယ်ပိုင်ခံယူချက် အစွဲတစ်ခုရှိသည်။
“ကျွန်တော် အချစ်ရေးကံမကောင်းဘူး။ မိန်းမတွေကိုယုံလည်း မယုံတော့ဘူးဗျာ။ ရည်းစားလည်း ထပ်မထားချင်တော့ဘူး” ဟု အမူးပြေစ ရင်ဘတ်ကို လက်ဖြင့်ဖိကာ စတင်ဖွင့်ဟလာသည်။
အသက် (၂၈) အရွယ် ကိုမောင်မောင်သည် ချစ်သူရည်းစားများ၏။ အချစ်ဦး၏ သစ္စာဖောက်မှုကို ခံခဲ့ရသူတစ်ဦးလည်းဖြစ်သည်။ အသည်းကွဲဝေဒနာကို ခံလိုက်ရသည့် နောက်ပိုင်းတွင် ကိုမောင်မောင် တစ်ယောက် မိန်းကလေး သုံးယောက်လောက်နှင့် တွဲဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ရည်းစားများ၏ လိုအင်ဆန္ဒကြီးမားမှုနှင့်အတူ နားပူနားဆာလုပ်သည့် ဒဏ်များကို မခံနိုင်တော့သည့်အတွက် သူ့အဖို့ ချစ်သူရည်းစားကို စိတ်ကုန်ခန်းလာသည်။
“ကျွန်တော် ရည်းစားများခဲ့တယ် ဆိုတာက တစ်ယောက်နဲ့ကွဲမှ နောက်တစ်ယောက်ကို ထားတာ။ပြိုင်တူထားတာတော့ မဟုတ်ဘူး” ဟု သူ၏ ရည်းစားများခဲ့ရသည့် အကြောင်းကို တစ်ပိုင်းတစ်စဖွင့်ချသည်။
နောက်ပိုင်းတွင် ကိုမောင်မောင်တစ်ယောက် ရည်းစားထားခြင်းအပေါ် စိတ်ကုန်လာသည်။ ရည်းစားအတွက် တန်ဆာပလာ ၀ယ်ပေးရသည်က တစ်ကြောင်း၊ ဆိုင်ထိုင်၍ ငွေကုန်သည်ကတစ်ကြောင်း၊ အချိန်ပေးရသည်က တစ်ကြောင်း၊ ဖုန်းဆက်ရသည်က တစ်ကြောင်း၊ တစ်ခါတလေ ဖုန်းဘေလ်ဖြည့်ပေးရသည်က တစ်ကြောင်း၊ ညညဆို Facebook၊ Viber စသည့်တို့ဖြင့် ခေါ်ပြော ကျူရသည့်အတွက် အိပ်ရေးပျက်ရသည့်က တစ်ကြောင်းတို့ကြောင့် ချစ်သူရည်းစားမျာဖြင့် တွဲသွားတွဲလာရမည်ကို ကိုမောင်မောင် အလိုမရှိတော့ပြီ။
သို့အတွက်ကြောင့် သူသည် ချစ်သူရည်းစားထားခြင်းထက်၊ အချိန်ကုန်၊ ငွေကုန်၊ နှောင်ကြိုးကင်းသည့် အပျော်မယ်များရှိသည့်နေရာသို့ ခြေဦးလှည့်လည်ပတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုနေရာသို့ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ အမျိုးသားများ လာရောက်ပျော်ရွင်ကြသည်။ ထိုသို့ပျော်ရွှင်လာကြသည့် အထဲတွင် ရည်းစားများကို စိတ်ကုန်၍လာရောက်သူ အမျိုးသားတချို့လည်း ပါသည်ဟု အဆိုပါလုပ်ငန်းကို လုပ်ကိုင်နေသည့် အမျိုးသမီးများက ဆိုသည်။
“ရည်းစားကို စိတ်ကုန်လို့ လာတယ်။ ရည်းစားလည်း မထားတော့ဘူးဆိုပြီး ပြောတဲ့လူတွေ ရှိတယ်။ အဲလိုမျိုး လူတွေနဲ့ဆိုနေရတာ သိပ်ကြာကြာမနေရဘူး” ဟု အဆိုပါ လုပ်ငန်းကိုလုပ်ကိုင်နေသည့် အမျိုးသမီးငယ် တစ်ဦးကပြောသည်။
ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းတွင် နေထိုင်သော ကိုထက်မြက်စိုး (၁၈) နှစ်ကလည်း အဆိုပါနေရာများဆီသို့ ၅ ကြိမ်ထက်မနည်း သွားလာလည်ပတ်ဖူးသည်ဟု ဆိုသည်။ ၄င်းနေရာသည် ကိုထက်မြက်အတွက်တော့ ချစ်သူရည်း စားထားခြင်းထက် အဆိုပါနေရာသို့သွားခြင်းက သူ၏ စိတ်ကို ကျေနပ်စေသည် ဟုဆိုသည်။
“ကျွန်တော် ရည်းစားတစ်ယောက်နဲ့ တွဲတုန်းက တစ်ရက်ကို တစ်သောင်းလောက်ကို ကုန်တယ်။ လူကသာသေးတာ။ တော်တော်ကို စားနိုင်တာ” ဟု ဆိုပြောသည်။ အသက် ၄၀ ခန့် ကုမ္ပဏီ အရာရှိငယ်တစ်ဦးဖြစ်သူ ကိုမင်းဦးကလည်း ချစ်သူရည်းစားထားခြင်းသည် ၎င်းအတွက် ဇယားရှုပ်သည်ဟုဆိုကာ အဆိုပါပျော်ရေး အခန်းကျဉ်းသို့ တစ်လတစ်ခေါက် (သို့မဟုတ်) နှစ်ခေါက် သွားရောက်ဖျော်ဖြေလေ့ ရှိကြောင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးပြသည်။
ချစ်သူရည်းစားနှင့် တွဲသွားတွဲလာလုပ်၊ ဆိုင်ထိုင်မည်ဆိုပါက တစ်နေ့ကုန်ကျစရိတ်မှာ အနည်းဆုံးကျပ်လေးသောင်းမှ ငါးသောင်းကျော်အထိ ကုန်ကျမှုရှိကြောင်း၊ ရုံးတက်ရုံးဆင်းလိုက်ပို့ရသည့် ၀ဋ်ဒုက္ခ၊ စိတ်ကောက်၍ လိုက်လံချော့မော့ ရသည့် ဒုက္ခအ၀၀။ ပြည့်တန်ဆာ အခန်းများရှိသည့်နေရာသို့သာ သွားမည်ဆိုလျင် ငွေနှစ်သောင်း၊ နှစ်သောင်းခွဲလောက်ဆို စိတ်ကျေနပ်မှုကို ရစေကြောင်း ကိုမင်းဦးက သူ၏ အတွေ့အကြုံနှင့် နိုင်းယှဉ်၍ သုံးသပ်ပြသည်။
ယင်းသို့ ချစ်သူရည်းစားများ ထားခြင်းကို မြို့ပြနေ လူငယ်များက ငွေကုန်ကြေးကျများပြီး အချိန်ကုန်၊ လူပန်း ကိစ္စရပ်တစ်ခုဖြစ်သည်ဟု ယူဆလာကြသည်။ ထိုသို့ ယူဆလာကြသည်မှာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာဆောင်ခြင်း မဟုတ်ဘဲ မြန်မာလူမျိုးတို့၏ အနာဂတ် လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေတတ်ခြင်း အပါအ၀င် မျိုးဆက်များ ပြတ်လပ်သွားမှု၊ ကူးစက်ရောဂါများ ဖြစ်ပွားနိုင်မှုစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟုလည်း လူမှု အသိုင်းအ၀ိုင်းများက တန်ပြန်ဝေဖန်လာကြသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဒေါက်တာအောင်ခင်ဆင့်က “ဒီလိုမျိုး စိတ်တွေဝင်ပြီး မိသားစုဘ၀ ပေါ်ပေါက်မှုကို အလေးမထားဘဲ အဲဒီလိုနေရာမျိုးဆီကို ပဲသွားပြီး လိုအပ်ချက်ကို ဖြည့်ဆည်းမယ်ဆိုရင် မိမိကိုစောင့်ရှောက်မယ့် မျိုးဆက်တွေကို ကိုယ်တိုင်ဖျက်ဆီးပစ်တာနဲ့တူတယ်” ဟုဆိုသည်။
ရည်းစားထားခြင်း၊ ချစ်သူရှာခြင်း၊ အိမ်ထောက်ဖက်ရွေးခြင်း၊ မိသားစုဘ၀များကို ထူထောင်ခြင်းများသည်စသည့် လုပ်ဆောင်မှုများသည် လူသားတို့၏ တာဝန်ဝတ္တရားများပင်ဖြစ်သည်။ ယင်းသို့ တာဝန် ၀တ္တရားများကို ရှောင်လွဲပြီး ပြည့်တန်ဆာ အခန်းများသို့ သွားရောက် အာသာဖြေ ခြင်း၊ အပျော်အပါးသဘောမျိုး၊ စိတ်ထွက်ပေါက်တစ်ခု ဖြစ်ဟု ဆိုကာ သွားလာနေမှုများသည် မိမိ၏ အသက်အန္တရာယ်ကို ရန်ရှာတတ်သည့် HIV/AIDS ရောဂါများကို ငွေပေးပြီး ၀ယ်ယူနေခြင်းနှင့် တူနေကြောင့် လူမှုအသိုင်း အ၀ိုင်းများက ဝေဖန်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်ထိ HIV ရှိသူ တစ်သိန်းရှစ်ထောင့်ငါးရာရှိပြီး ART ကုထုံးဖြင့် ကုသနေသူ တစ်သိန်းနှစ်သောင်းကျော် ရှိသည်ဟု အမျိုးသား ခုခံမှုကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ (NAP 2013) အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ရည်းစားထားတာ ငွေကုန်လို့ စိတ်ရှုပ်လို့ အချိန်ကုန်လို့ ပြည့်တန်ဆာ အခန်းတွေကိုသွားပြီး ဖျော်ဖြေနေမယ်ဆိုရင် အကာအကွယ်ဘယ်လောက်ပဲ သုံးသုံးစိတ်မချရဘူး။ နောက်ပိုင်း ကာလသားရောဂါ ဖြစ်တာတို့၊ ဂနို၊ အဖြူဆင်း တာတို့ ဖြစ်လာတတ်တယ်။ ဆိုတော့ ကိုယ့်အတွက်လည်း မကောင်းဘူး။ လူမှုပတ်ဝန်းကျင် အတွက်လည်း မကောင်းဘူး။ ကူးစက်တဲ့ရောဂါတွေ မွေးထုတ်နေသလို ဖြစ်သွားနိုင်ပါတယ်” ဟု ဒေါက်တာအောင်ခင်ဆင့်က ထပ်ဆင့်ဆိုသည်။
အထက်တန်း ရှေ့နေတစ်ဦးဖြစ်သူ ဦးညီလေးဝင်းက “ဒါခေတ်ရေစီးကြောင်းအရ ဖြစ်လာတာ။ ဒါမသွားသင့်ဘူး။ ရောဂါရရှိနိုင်တယ်ဆိုပြီး ဘယ်လောက်ပင် ပညာပေးနေသော်လည်း လက်တွေ့လိုက်နာဖို့ဆိုတာက ရာနှုန်းပြည့်မဖြစ်နိုင်ဘူး။ တိုင်းပြည်ရဲ့ လူတစ်ဦးချင်းဝင်ငွေနဲ့လည်း ဆိုင်တယ်။ ဘာကြောင့် လူတွေ အိမ်ထောင်မပြုဘဲ ပြည့်တန်ဆာအိမ်ကို သွားနေရတာလဲဆိုတဲ့ အဖြေကိုရှာပါ။ ဒီခေတ်ကာလမှာ အိမ်ထောင်ပြုဖို့ဆိုတာ တော်ရုံဝင်ငွေလောက်နဲ့ အိမ်ထောင် တစ်ခု ထူထောင်ဖို့ ဆိုတာမလွယ်ဘူး။ အတော်အတန်ဝင်ငွေနဲ့ လည်ပတ်နေကြတဲ့ လူလွတ်တွေ အနေနဲ့ ပြည့်တန်ဆာ အခန်းတွေကို သွားပြီး ဆန္ဒလိုအပ်ချက်ကို ဖြည့်ဆည်းတယ်ဆိုတာ မဆန်းပါဘူး” ဟု ဝေဖန်ထောက်ပြသည်။
ပြည့်တန်ဆာ လိုင်းခန်းများသို့ သွားရောက်ပျော်ပါးခြင်းသည် ငွေကုန်၊ လူပန်း၊ အချိန်ကုန် သက်သာစေသည်ဟု ယူထားသူ လူငယ်များအတွက် အကောင်းဆုံး စံပျော်ရာ တစ်ခုဖြစ်လင့်ကစား တစ်ဖက်မှာလည်း လူတို့၏ မျိုးဆက်ပြန့်ပွားမှုကို အဟန့်အတားဖြစ်စေခြင်း၊ တိုင်းပြည်ကုန်ထုတ် စွမ်းအားကျဆင်းခြင်း အခြားမမျှော်မှန်းနိုင်သည့် ကျန်းမာရေး၊ လူမှုရေး ၊ စီးပွားရေး နယ်ပယ်မျိုးစုံတွင် ထိခိုက်မှု ဆိုးကျိုးရလဒ်များ ဖြစ်ပေါ်လာနိုင် လူမှုအသိုင်းအ၀ိုင်းများက ဝေဖန်ထောက်ပြ လာကြသည်။
ကိုမောင်မောင်သည် ပန်းနုရောင် မီးရောင်အောက်တွင် သက်ပြင်းများချကာ ပိုပိုဆိုသည့် အမျိုးသမီးငယ်၏ ကျော့ကွင်းထဲမှ ရုန်းထွက်လိုက်တော့သည်။ ကိုမောင်မောင်သည် ၄င်းနေရာသို့ လာရောက်ဖျော်ဖြေသော အမျိုးသားများကဲ့သို့ အမျိုးသမီးငယ်များတို့၏ ဖုန်းနံပါတ်များကို နောက်တစ်ခါ ဆက်သွယ်လိုသည်ဟုဆိုကာ ဖုန်းနံပါတ်များကို တောင်းခံလေ့မရှိပေ။
“ကျွန်တော်က သူများတွေလို ဖုန်းနံပါတ်တွေ မတောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မလာချင်တောင်မှ တစ်ခါတခါသူတို့က ဖုန်းဆက်ပြီး ခေါ်တာရှိတယ်။ ပြောမယ်ဆိုရင် ကိုယ်စိတ်ပါတဲ့အခါ ထသွားမယ်။ စိတ်မပါရင်မသွားဘူး။ အာရုံနောက်တာကို မခံချင်လို့ပေါ့ဗျာ” ဟု အဆိုပါခန်းမမှ မထွက်ခွာမီ ကိုမောင်မောင်က သူ၏ ဒဿနကိုပြောသည်။ ထိုအချိန်တွင် တခြားအခန်းမှ ချစ်တင်းနှောနေသံ၊ ရယ်မောသံ၊ လမ်းခွဲနှုတ်ဆက် အနမ်းပေးသံများဖြင့် ပြည့်တန်ဆာ တန်းလျားအတွင်းတွင် ယိုစိမ့်ဖိတ်လျှံနေသည်။
Search Myanmar - ပြည့်တန်ဆာ ၀ိုင်ဖိုင်သို့ ခြေဦးလှည့်ခြင်း




