10
Jul

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပြန်ပြင်မည့် အစီအမံ ရဲချူပ် လက်မခံ

ပထအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့ ဇူလိုင်လ (၉) ရက်နေ့၌ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် ရှိ/မရှိ တို့ နှင့် စပ်လျဉ်း သည့် မေးခွန်းအား ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှ မေးမြန်းခဲ့သည်။

“ ဒီနေ့ လွှတ်တော်မှာ ပြည့်တန်ဆာ ဥပဒေ ပြင်ဆင်ဖို့ကို ရဲချုပ်က သဘောမတူပါဘူး ။ ကျမက မေးပါတယ်၊ ပြစ်မှု ကျူးလွန်တာချင်း အတူတူ လိင်ကိုရောင်းစားသူ အမျိုးသမီးများက ပြစ်မှုမြောက်ပြီး လိင်ကို ဝယ်ယူသူ အမျိုးသား တွေကတော့ ပြစ်မှုမြောက်ခြင်း မရှိတဲ့ ဥပဒေကို ပြင်သင့်ပါတယ်လို့ တင်ပြတာပါ” ဟု ဒေါ်စန္ဒာမင်း မှ ၄င်း၏ လူမှုရေးစာမျက်နှာမှ တဆင့် ပြောကြားလိုက်ခြင်း ဖြစ်သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ ခေတ်ကာလနှင့် လိုက်လျော ညီထွေးမှု မရှိတော့သည့် အတွက် ပြန်လည်ပြင်ဆင် ရေးဆွဲ့ရန် အစီအစဉ် ရှိ/မရှိဆိုသည့် မေးခွန်းအား မေးမြန်းရာ၌ ပြည်ထဲရေးဝန်ကြီး ဋ္ဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းမှ ဥပဒေ ပြင်ဆင်ရန် သဘောတူခြင်း မရှိသေးဟု ပြန်လည်ဖြေကြား ခဲ့သည်။

“ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့သော ဥပဒေ ဖြစ်သော်လည်း ယနေ့ခေတ် ကာလတွင် လိုက်နာ ကျင့်သုံးနိုင်မှု ရှိနေသေးကြောင်း တွေ့ရှိရသည့် အတွက် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအား ပြန်လည် ပြင်ဆင်ရေးဆွဲရန် အစီအစဉ်မရှိ သေးပါကြောင်း” ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ပြည့်တန်ဆာ လုပ်ငန်းများကို ဖမ်းဆီးအရေး ယူခဲ့ရာ ပြည့်တန်ဆာ ဖမ်းဆီးအရေးယူမှု အရေအတွက်မှာ ၂၀၁၁ ခုနှစ်၌ ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်မှာ ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လမှ မေလအထိ ၆၄၀ မှုကို အရေး ယူခဲ့ပြီး ဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီးဋ္ဌာနမှ သိရသည်။

၁၉၄၁ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေအား အလွဲသုံးသူ တချို့ကိုလည်း ပြည့်တန်ဆာများ အနေဖြင့် ရင်ဆိုင်နေရကြောင်း၊ စီမံချက်ရှိပါက သက်ဆိုင်ရာ တာဝန်ရှိ ၀န်ထမ်းများ အနေဖြင့် မကျေနပ်လျှင် ကွန်ဒုံး ဆောင်သည့် သာမန် ရိုးရိုး မိန်ကလေးကိုတောင်မှ ပြည့်တန်ဆာ အဖြစ် မြူဆွယ် လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီး၍ ရကြောင်းကိုလည်း ဒေါ်စန္ဒာမင်းက ဆိုသည်။

ပြည့်တန်ဆာ အဖြစ် အသက်မွေးဝမ်းကျောင်းခြင်းကို မြန်မာ့ယဉ်ကျေးမှုအရ လူမှုရေးနယ်ပယ်တွင် လက်မခံသည့် အတွက် ထိရောက်စွာ အရေးယူနိုင်ရန် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေ ကို ပြဋ္ဌာန်း ခဲ့ရာ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းမှာ စီးပွားရေး၊ လူမှုရေးအကြောင်း တရားများနှင့် ဆက်စပ်ပေါ်ပေါက်ရခြင်း ဖြစ်သည့်အတွက် ၁၉၅၆ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး ပြင်ဆင်ချက် အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေ၏ အမည်ကို ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ အဖြစ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြည့်တန်ဆာများ အနေဖြင့်လည်း ကျန်းမာရေးအတွက် ကွန်ဒုံးဆောင်ရမည်ဖြစ်ကြောင်း၊ ရဲဝန်ထမ်းအချို့မှာ လူကိုမခင်ပါက ထောင်ထဲပို့ပြီး လူကိုခင်ပါက မူကိုပြင်၍ အိပ်ခန်းထဲ ခေါ်သွားလေ့ ရှိကြောင်းကိုလည်း ပြည့်တန် ဆာ အသိုင်းအ၀ိုင်းက သိရသည်။

“အရင်ကဆိုရင် ရဲတွေကလည်း ကျွန်မတို့ ဆီကနေ ပိုက်ဆံလည်း ယူတယ်၊ ခန္တာကိုယ်လည်း ယူတဲ့ အဖြစ်အပျက် မျိုးတွေ ရှိခဲ့ဘူးတယ်၊ ပိုက်ဆံမပေးပဲ အုပ်စုလိုက် အနိုင်ကျင့်တာတွေလည်း ရှိတော့ ကျွန်မတို့ အကာ အကွယ်ပေးမယ့် ဥပဒေနဲ့ အပြစ်ရှိရင် အရေးယူလို့ရမယ့် ဥပဒေမျိုး ရှိစေချင်တယ်” ဟု အင်းယားကန်ဘောင် ၀န်းကျင်၌ လိင်လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ဦးစီးဌာနမှ လေ့လာသုတေသန ပြုချက်များအရ ပြည့်တန်ဆာများမှာ HIV, AIDS ရောဂါဖြစ်ပွားနှုန်းက ၂၀၀၀ ပြည့်နှစ်မှာ ၃၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ ခုနှစ် ၇.၁ ရာခိုင် နှုန်းအထိ ကျဆင်း လာကြောင်းနှင့် ရောဂါပိုး ကူးစက်မှု မရှိစေရန် ကာကွယ်ရေး အတွက် ဦးတည် အုပ်စုများမှာ ရာနှုန်းပြည့် ကွန်ဒုံး အသုံးပြုရေး စီမံချက် လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ရာ ၂၀၁၃ ခုနှစ်မှာ မြို့နယ်ပေါင်း ၈၆ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

“လူ့အခွင့်အရေး လူ့အခွင့်အရေးနဲ့ ပြောနေကြတဲ့ ဟာကို သူတို့ကိုလည်း ရစေချင်ပါတယ်၊၊ တခြားထူးထူး ခြားခြား ပိုပြီးတော့ မတောင်းဆိုချင်ပါဘူး” ဟု မြန်မာ လိင်လုပ်သားများ ကွန်ယက်အသင်း ဥက္ကဋ္ဌက ဒေါ်နှင်းနှင်းယု က ဆိုထားသည်။

ပြည့်တန်ဆာ ဥပဒေများမှာ ကမ္ဘာနိုင်ငံ့ အများစု၌ ပြဋ္ဌာန်းထားကြောင်း သိရ၍ အာရှတိုက်အတွင်း အင်အား ကြီးနိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများ၌ တရားဝင် ဈေးကွက်တစ်ခု အနေဖြင့် သက် မှတ်ပေးထားသည်ဟု သိရသည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အာဏာ သက်ရောက်ပြီး ယနေ့ အထိ ကျင့်သုံးနေသော ဥပဒေ ဖြစ်ပါသည်။

မြစ်မခ - ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပြန်ပြင်မည့် အစီအမံ ရဲချူပ် လက်မခံ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top