9
Jun

ပြတ်တောက်သွားသော အိမ်မက်များ



နာကျည်း ကြေကွဲဖွယ်ကောင်းတဲ့ နေ့ရက်တခုကို
ကျမပိုင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ပျော်ရွှင်ခဲ့ဖူးတဲ့ အတိတ်တွေ၊
ကျေနပ်စရာကောင်းတဲ့ နေ့ရက်တွေကို ဘယ်လိုမှ ပြန်ရနိုင်စွမ်း မရှိတော့ပါဘူး။ ဟိုး တချိန်တုန်းကပေါ့
ပန်းကလေး တပွင့်ဟာ လေပြေညှင်းတွေ တိုက်ခတ်နေတဲ့ ကောင်းကင်ပြာကြီး အောက်မှာ ရောင်စုံ
လိပ်ပြာလေးတွေ ဝန်းရံပြီး လွတ်လပ်စွာ ဖူးပွင့်ခဲ့ဖူး ပါတယ်။ ခုတော့ ... ဒဏ်ရာဒဏ်ချက်တွေ
အပြည့်နဲ့ပေါ့။ ကံကြမ္မာရဲ့ လှည့်စားချက် ဒဏ်ကို ကျမ ဘယ်လိုမှ မရင်ဆိုင်နိုင်ခဲ့ ပါဘူး။
ခုတော့ နောက်ကောက်ကျအောင် အလဲထိုး အနိုင်ယူ ခံခဲ့ရတဲ့အတွက် ဘာကို အပြစ်တင်ရမလဲ။ နေ့စဉ် နေ့တိုင်းဟာ
ကျမအတွက် နေဝင်ချိန်တွေ ချည်းပါပဲ။ မှောင်မဲလွန်းတဲ့ ကမ္ဘာ့အတွင်းပိုင်းကို ကျမ တယောက်တည်း
ရောက်နေရသလို ထင်ရတယ်။ ကြယ်တွေလည်း မလင်းဘူး။ လတွေလည်း မသာဘူး။ ညအမှောင်မှာ လေယူရာ ယိမ်းနွဲ့ပြီး ကနေတဲ့
ဖယောင်းတိုင် မီးလေးတောင်မှ ကျမအတွက် အလင်း မဖြစ်နိုင်တော့ပါဘူး ရှင်။

အရာရာ မပြည့်စုံပေမယ့် နွေးထွေးတဲ့
မိသားစုအရိပ်အောက်မှာ ခိုလှုံနေရတာပဲ ကျမအတွက် ပြည့်စုံလှပါပြီ။ နွေးထွေးတဲ့ နေရောင်ခြည်ရယ်၊
စိမ်းလန်းတဲ့ သစ်ပင်ပန်းပင်တွေရယ်၊ ပြီးတော့ ကျမတို့ မိသားစုပိုင်ဆိုင်တဲ့ အိမ်အိုခြံဝိုင်းရယ်က
ကျမ အတွက် အလုံခြုံဆုံး နေရာတခုပါ။ အဲဒီအိမ်အိုလေးမှာ နေထိုင်တဲ့ အမေရယ်၊ အဖေရယ်၊ ကျမရယ်ဆိုတဲ့
လူသားသုံးဦးဟာ လောကပေါ်မှာ အနွေးထွေးဆုံး၊ အပျော်ရွှင်ဆုံးနဲ့ လောဘ သိပ်မကြီးတတ်တဲ့ သူတွေပေါ့။
ဒါပေမယ့် ကျမတို့မှာ ရည်မှန်းချက်တွေ ကိုယ်စီရှိခဲ့ကြပါတယ်။ ကျမမိဘတွေက ကျမကို ပညာတတ်ကြီးတယောက်
ဖြစ်စေချင်တယ်။ ကျမကတော့ ပျော်ရွှင်တဲ့ မိသားစုလေးတခု ဖြစ်စေချင်တယ်။ ဒါပေမယ့် မာယာများတဲ့
ပင်လယ်ကြီးနဲ့တူတဲ့ ကံကြမ္မာမုန် တိုင်းထန်လာတဲ့ နေ့မှာတော့ ...။

'အဖေဆုံးပြီ' တဲ့။ ကျမတို့ မိသားစုရဲ့
အားကိုးအားထားရာ တခုတည်းသော ရွှေတောင်ကြီး ပြိုလဲခဲ့ပါပြီ။ နှစ်ပေါင်းများစွာ သားကျွေးမှု၊
မယားကျွေးမှုကို ပင်ပင်ပန်းပန်း တာဝန်ယူခဲ့တဲ့ အဖေ။ ခုတော့ အပြီးအပိုင် အနားယူသွားပြီလား
အဖေရယ် ...။ ငယ်စဉ်ကတည်းကစလို့ ချို့ချို့ငဲ့ငဲ့နဲ့ ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့ အဖေနဲ့အမေကို
ကျေးဇူးတင်ရပါတယ်။ မျက်နှာပေါ်က ဇရာ အရေးအကြောင်းတွေနဲ့ မျက်ဝန်းတွေ အရောင်ဖျော့လာတဲ့
အမေ့ကိုလည်း ဒီထက်ပိုပြီး မပင်ပန်း စေချင်တော့ပါဘူး။ 'သမီး ပြန်လာပြီလား' တဲ့။ အားငယ်ဖျော့တော့တဲ့
လေသံနဲ့ ကျမပြန်လာတိုင်း မေးခဲ့တဲ့ အမေ့ မေးခွန်းကို အကြိမ်ပေါင်း များစွာ အားတင်းပြီး
ပြန်ဖြေခဲ့ဖူးပါတယ်။ 'သြော် ... အမေ့မျက်ဝန်းတွေ ရီဝေလို့ပါလား ...။' အဖေ မရှိတော့တဲ့နောက်
အမြဲတမ်း အိမ်ရှေ့ထွက်ထိုင်ပြီး အဝေးတနေရာကို ငေးမောနေတတ်တဲ့ အမေ့မျက်ဝန်း တွေက မှုန်မှိုင်းပြီး
ဆွေးရိပ်သန်း နေတယ်လို့ ကျမထင်ခဲ့မိတယ်။ အားငယ်နေတဲ့ အမေ့ကို 'အားမငယ်ပါနဲ့ အမေရယ်'
လို့ ဖြေသိပ်ခဲ့ဖူးတာ အကြိမ်ကြိမ်ပါ။ တကယ်တမ်းတော့ အမေဟာ နေ့တိုင်း အဝေးတနေရာကို ငေးမော
နေတတ်ပေမယ့် ဘာကိုမှ မြင်နိုင်စွမ်း မရှိတော့ပါဘူး။ ရုတ်တရက် အဖေဆုံးပါးသွားပြီး နောက်ပိုင်း
နေ့စဉ်ရက်စက် ငိုကြွေးခဲ့တဲ့ အမေ့မျက်လုံးတွေက ကျမကို စိတ်အသိနဲ့သာ မြင်နိုင်ပါတော့တယ်။

ပြာလဲ့လဲ့ မီးရောင်အောက်မှာ ရယ်မောသံ၊
စကားသံ၊ ဖန်ခွက်ချင်း ထိခတ်သံများရဲ့ အလယ်မှာ ကျမကျင်လည်ရပါပြီ။ တဝိုင်းကနေ တဝိုင်း
လိပ်ပြာလေးလို ကူးလူး ဖြတ်သန်းရင်း မူးယစ် ရီဝေနေသူများရဲ့ အလိုကျ နေထိုင်ခဲ့ရပါတယ်။
ရာဂခိုး လျှံနေတဲ့ မျက်ဝန်းတွေကို ကျင်လည်စွာ 
ရှောင်တိမ်းရင်း
ကျမ ရည်မှန်းချက် အတွက်
ကြိုးစားခဲ့ပါတယ်။
ရရှိတဲ့ အခကြေးငွေက မဆိုးလှပေမယ့် အမေ့မျက်လုံး ခွဲဖို့နဲ့ အိမ်တလုံး
ကောင်းကောင်းရဖို့ မရေရာလှပါဘူး။ 'သီးသန့်ခန်းထဲမှာ ဧည့်သည်ရှိတယ်'။ စိုးရွံ့တဲ့ ခြေလှမ်းနဲ့အတူ
သီးသန့်ခန်းထဲ ရောက်သွားချိန်မှာတော့ မူးယစ်ရီဝေနေတဲ့ မျက်ဝန်းတစုံကို ပထမဆုံး တွေ့လိုက်ရပါပြီ။
အလိုက်သင့် ပြောဆိုဆက်ဆံရင်းမှ ငွေကြေးများစွာကို အချိန်တို အတွင်းမှာ ရရှိဖို့ ထိုသူရဲ့ ဆန္ဒကို
ကျမ လိုက်လျော ပေးခဲ့မိပါတယ်။ အမှားတခုကို ကျူးလွန်လိုက်မှန်း သိပေမယ့် မထူးတဲ့ အခြေအနေမို့
ရှေ့ဆက် တိုးဖို့ ဆုံးဖြတ်လိုက်တယ်။ တိမ်မဲကြားထဲ တိုးဝင်သွားတဲ့ လတစင်းလိုပါပဲ။ ကျမဘဝအတွက်
လမိုက်ညတွေဟာ ရှည်ကြာ လွန်းလှပါတယ်။ အခကြေးငွေယူပြီး အနှစ်သာရမရှိတဲ့ အချစ်တွေကို ရယူခဲ့ရတယ်။
တခါတလေ မီးရောင်မှိန်မှိန် အောက်က အိပ်ခန်းလေးထဲမှာ 'အရမ်းချစ်တာပဲ'လို့ ပြောခဲ့တဲ့
စကားတွေကို ကြားတိုင်း ကျမ ဟားတိုက် ရယ်မောလိုက်ချင်ပါတယ်။ ကျမကိုယ်တိုင်က အချစ်ကို
မသိမဟုတ်၊ သိတယ်။ ဒါပေမယ့် ကျမလျှောက်နေတဲ့ လမ်းမှာ အချစ်ဆိုတာ အလကားပါပဲ။ ငွေကြေးနဲ့
ဆန္ဒကသာ အရေးကြီးတာပါ။

အသက်ရှူသံပြင်းပြင်းနဲ့ ပိတ်လှောင်မွန်းကျပ်တဲ့
ညများစွာကို ဖြတ်ကျော်ခဲ့ဖူးပါပြီ။ 'ကျမကို ခွင့်လွတ်ပါအမေ'။ ကျမရဲ့ မိုက်မဲမှုအတွက်
ဒီစကားလေးတခွန်းနဲ့ပဲ တောင်းပန်ဖို့ တတ်နိုင်ပါတော့တယ်။ ရင်ခွင်တကာမှာ ခိုနားနေရတဲ့
မိငှက်ခါးကို အမေ ခွင့်လွတ်နိုင်ပါ့မလား။ ဒါပေမယ့် အမေရယ် ငွေကြေးလုံလောက်တဲ့ တနေ့မှာ
ဒီ စက်ဆုပ်စရာကောင်းတဲ့ အလုပ်ကို စွန့်လွတ်ပြီး အမေ့ဆီပြန်လာခဲ့မှာပါ။ မပျော်ပေမယ့်လည်း
ပျော်ခဲ့ရတယ်။ မပြုံးချင်လဲ ပြုံးခဲ့ရတယ်။ ဒီလို ဟန်ဆောင်ပြီး နေရတဲ့ ဘဝမျိုးကို ကျမ
ဘယ်လိုချင်ပါ့မလဲ။ အရင်လို ရိုးသားတဲ့ အပြုံးတွေ၊ လွတ်လပ်တဲ့ ပျော်ရွှင်မှုတွေကို ပြန်လိုချင်မိတာ
အမှန်ပါပဲ။ ဒါပေမယ့် ခုချိန်မှာ ကျမအတွက် 'ဆည်းဆာချိန်'ရဲ့ အလှတရားကိုတောင် မခံစားတတ်တော့ပါဘူး။
အဆုံးစွန်ထိ မိုက်မဲနေတဲ့ ကျမအတွက် မျှော်လင့်ချက်လမ်းဆိုတာ ရေးရေးလေးပါပဲ အမေရယ်
...။

ခြောက်သွေ့နေတဲ့ ပန်းပင်တွေနဲ့ ယိုယွင်းနေတဲ့
အိမ်လေးပဲ ကျမကို ကြိုဆိုနေပါလား။ အမေ ဘယ်ရောက်နေလဲ။ ကျမကို ပုန်းပြီး ထွက်မတွေ့တာလား။
'အမေ'။ ကျမတုန်ယင်စွာနဲ့ ခေါ်လိုက်မိတယ်။ 'သမီး ... သမီးပြန်လာတာလား'။ အို အမေ့ အသံပါလား။
အမေ့အသံက အရင်နဲ့ မတူတော့ပါလား။ အသားအရေ ညှိုးခြောက်ပြီး ပိန်လှီနေတဲ့ အမေ။ အမေ့ကို
ဖက်ရင်း 'သမီးကို ခွင့်လွတ်ပါ အမေရယ်'။ ငိုရှိုက်ရင်း ပြောလိုက်တဲ့ စကားကို အမေပြုံးပြီး
ပြန်ပြောတယ်။ 'သမီးပြန်ရောက်လာရင်ပဲ တော်ပါပြီ ...' တဲ့။ အို အမေရယ် မေတ္တာတရား ကြီးမားတဲ့အမေ။
အရိုးပေါ် အရေတင်နေပေမယ့် အမေ့အပြုံးဟာ ဒီကမ္ဘာပေါ်မှာ အလှဆုံးနဲ့ အနွေးထွေးဆုံးပါပဲ။
ကျမရည်မှန်းချက်တွေ မဖြစ်လာပေမယ့် အမေ့အပြုံးက ကျမအတွက် ခွန်အားသစ် ဖြစ်စေပါတယ်။ အမေ့မျက်လုံးခွဲပြီးတဲ့အခါမှာ
ကျမတို့ မိသားစုရဲ့ နွေးထွေးတဲ့အရသာကို အမေ ခံစား နိုင်စေရမယ် အမေရယ်။ အမေ့မျက်ဝန်းက
မျက်ရည်တွေ စီးကျလာပါတော့တယ်။ အို ... ချိုမြိန် မျက်ရည်တွေပါပဲလား။

အချိန်ကာလတွေက နာရီလက်တံရွေ့သလို တဖြည်းဖြည်းနဲ့
ရွေ့လျားသွားခဲ့ပါပြီ။ အချိန်ကာလတွေ ရွေ့လျားပြောင်းလဲ သွားခဲ့ပေမယ့် အတိတ်အရိပ်မဲကြီးက
ကျမကို ထိန့်လန့် စေတုန်းပါဘဲ။ ကျမလေ အမေနဲ့ အတူနေပြီး အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်
စားသောက်ချင်တယ်။ အတိတ်က အဖြစ်အပျက်တွေကို သင်ပုန်းချေ ပစ်လိုက်ချင်တယ်။ ပျော်ရွှင်တဲ့
မိသားစု လေးပေါ့။

ဒါပေမယ့် ဘဝဆိုတာ မာတိကာအတိုင်း ဘယ်တော့မှ
မဖြစ်လာနိုင်ဘူးဆိုတာ ကျမသိလိုက်ပါပြီ။ ကျမရဲ့ ကျန်းမာရေး အခြေအနေက အရင်နဲ့ မတူတော့ဘူး။
ဆေးမြီးတိုလေးတွေနဲ့ပဲ ကုသပြီး နေသာသလို နေခဲ့ရတယ်။ ကျမ ဘဝအတွက် အကောင်းဆုံး အခြေအနေကိုဘဲ
မျှော်လင့်ခဲ့ပါတယ်။ အဆိုးဝါးဆုံးဆိုတာ တခါမှ မစဉ်းစားခဲ့ပါဘူး။

'ကျမမှာ ပိုက်ဆံသိပ်မရှိဘူး အရီးလေးရယ်'

'အိုအေ ... ပိုက်ဆံမရှိတာ အရေးလား။
ဟိုရောက်ရင် ညည်းကို ဘယ်သူမှ မမောင်းထုတ်ပါဘူး'

တရှောင်ရှောင်ဖြစ်နေတဲ့ ကျမရဲ့ ကျန်းမာရေးအတွက်
အရီးလေးရဲ့ စေတနာစကားပါ။ ဒါနဲ့ပဲ အရီးလေးနဲ့အတူ မယ်တော် ဆေးခန်းကို ရောက်ရှိခဲ့ပါတယ်ရှင်..။

 ဘာတွေဖြစ်ကုန်ပြီလဲ။ ဘာကြောင့် ဖြစ်ရတာလဲ။ ကျမအတွက်
ကံကြမ္မာက ဆုံးဖြတ်ပေးတာ အရှုံးတဲ့လား။ ကျမ မယုံနိုင်ဘူး။ ကျမ မိုက်ခဲ့ပါတယ်။ ကျမဝန်ခံပါတယ်။
ဒါပေမယ့် ကျမ အပြည့်အဝ ကာကွယ်ခဲ့ပါတယ်။ ကျမ မိသားစု၊ ကျမ ဘဝအတွက် အမြဲတမ်း အကာအကွယ်
(ကွန်ဒုံ) သုံးခဲ့ပါတယ်။

ကျမ သွေးလှူခန်းထဲက ထွက်လာခဲ့တယ်။ ဆေးခန်း
အပြင်ဘက်ထိအောင် ရောက်လာခဲ့ပါပြီ။ လေနုအေးလေးက ကျမကို ကရုဏာသက်စွာနဲ့ ညင်သာစွာ တိုက်ခတ်ပေးနေပေမယ့်
မအေးနိုင်ပါဘူး။ ဒါ ကျမဘဝအတွက် နိဂုံးတဲ့လား။ အဓိပ္ပါယ်မရှိ ဦးတည်ရာမဲ့ လျှောက်သွားရင်း
ကျမ စဉ်းစားမိခဲ့တယ်။ အတိတ်ပုံရိပ်တွေ အထပ်ထပ်ပြောင်းရင်း ကျမ တစုံတခုကို သတိရလာသလို
ဖြစ်လာတယ်။ ပြာလဲ့လဲ့ မီးရောင်တွေ၊ ရယ်မောသံတွေ၊ တဝိုင်းနဲ့ တဝိုင်း ကူးလူးနေတဲ့သူ။
'အို ... သူမက ကျမပဲ'။ မန်နေဂျာရဲ့ ခိုင်းစေသံ၊ နောက် ... မူးယစ်ရီဝေနေတဲ့ မျက်ဝန်းတစုံ။
'အို ... ကျမ သိလိုက်ပါပြီ'။ ကျမ ကောင်းကောင်း မှတ်မိပြီ။ 'မင်းနဲ့အတူ လှပတဲ့ ညလေးတညကို
ပိုင်ဆိုင်ချင်တယ်' တဲ့။ ဟုတ်ပါပြီ။ အဲဒီအချိန်က ကျမလည်း မူးယစ်နေခဲ့တယ်။ ကျမတို့ အကာအကွယ်မပါဘဲ
မှောင်မိုက်တဲ့ ညတညကို ဖြတ်သန်းခဲ့ကြတယ်။ 'အို ... လှပတဲ့ ညလေးတည ဆိုပါလား ...'။ ကျမအတွက်ကတော့
ရုပ်ဆိုး အကျည်းတန်တဲ့ နိဂုံးပေါ့။ 'ဆောင်းမှာကြွေကျတဲ့ မိုး' လို လိုက်ဖက်ညီမှု မရှိလှပါဘူး။
ကျမဖန်တီးခဲ့သမျှ၊ ကျမကြိုးစားခဲ့သမျှ၊ ရလဒ်ဟာ ဒါပဲလား။ 'အမေရယ် ... ကျမ မကောင်းတာပါ'။
'အိတ်ခ်ျအိုင်ဗွီ ပိုး တွေ့တယ်တဲ့။ တစစီကျိုးပဲ့သွားတဲ့ ကျမ အနာဂတ်အတွက် ဘာမှပြန်လည်
အစားထိုးဖို့ မရနိုင်တော့ပါဘူး။ လောကအလယ်မှာ တယောက်တည်း အထီးကျန်တော့မှာလား။

လမ်းမပေါ်မှာ ကားတွေ ဖြတ်သွားနေပေမယ့်
ကျမ မျက်ဝန်းမှာဝေဝါးပြီး ဘာကိုမှ မမြင်နိုင်ပါဘူး။ ကျမ ငိုနေတာ ကျမ သိတယ်။ ဒါပေမယ့်
ရှိုက်သံ မထွက်လာပါဘူး။ အပင်ပေါ်က သစ်ရွက်လေးတရွက် ကြွေကျလာတယ်။ မြေပြင်ပေါ် ကျသွားပေမယ့်
အသံမထွက်ဘူး။

သြော် ... ကျမလည်း ရင်ထဲကနေပြီး အသံမထွက်သော
ငိုခြင်းနဲ့ ငိုနေတာပါပဲရှင်။

နန်းမေသစ်



NIGHTINGALE (ကျန်းမာရေးဂျာနယ်) -  အမှတ် ၂၂၊ မေ ၂၀၁၀ ခုနှစ် (စာမျက်နှာ ၁၀)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top