10
Jun

မြန်မာတွင် တစ်ရက်လျှင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူအသစ် ၂၃ ဦးနှုန်းရှိ

ပြီးခဲ့တဲ့နှစ်ရဲ့ တွက်ချက်မှုတွေအရ မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရသူ တစ်ရက်မှာ ၂၃ ယောက်ရှိနေတယ်လို့ ယူအန်အေ့ဒ်စ် (UNAIDS) ရဲ့ အိပ်ခ်ျအိုင်ဗွီ  တားဆီးကာကွယ်ရေး အရာရှိ ဒေါက်တာ စိုင်းလုံးတစ်က ပြောပါတယ်။

ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အိပ်ခ်ျအိုင်ဗွီ နဲ့ လူ့အခွင့်အရေးဆိုင်ရာ မီဒီယာတွေရဲ့ သိမြင်နားလည်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

မနှစ်က အထိ အသက် ၁၅ နှစ်နဲ့ အထက် အိပ်ခ်ျအိုင်ဗွီ  ကူးစက်ခံရသူ ခန့်မှန်းဦးရေဟာ ၂ သိန်း ၀န်းကျင်ရှိနေပြီး ၂၀၁၄ နှစ်ကုန်ပိုင်းထိ စာရင်းတွေအရ အဲဒီထဲက လူပေါင်း ၈ သောင်းခွဲကျော်ပဲ ကုထုံး ဆေးဝါးထောက်ပံ့မှု ရနေတာပါ။

ပြီးတော့ အေအိုင်ဒီအက်စ် နဲ့ စပ်နွယ်တဲ့ ရောဂါတွေကြောင့် မနှစ်က လူပေါင်း တစ်သောင်းကျော် သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

ဆွေးနွေးပွဲကို တခြားလူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ပြီး လိင်အလုပ်သမတွေ၊ လိင်တူချစ်သူတွေ စတာတွေကြားမှာ အိပ်ခ်ျအိုင်ဗွီ  ပျံ့နှံ့နိုင်ပုံနဲ့ တားဆီးဖို့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။

တကမ္ဘာလုံးမှာ အမျိုးသမီး လိင်လုပ်သမားတွေဟာ တခြားသူတွေထက် အိပ်ခ်ျအိုင်ဗွီ  ရောဂါပိုး ကူးစက်နိုင်ခြေ ၁၂ ဆ ပိုများပြီးတော့ အာရှမှတော့ တခြားသာမန် အမျိုးသမီးတွေထက်  ဖြစ်နိုင်ခြေ ၂၉ ရာခိုင်နှုန်း ပိုများနေတာပါ။

ခန့်မှန်းအားဖြင့်  မြန်မာနိုင်ငံမှာ အမျိုးသမီး လိင်လုပ်သားဦးရေ  ၇၀၀၀၀ ၀န်းကျင် ရှိနေပါတယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ ခန့်မှန်းအားဖြင့် အမျိုးသား လိင်တူချစ်သူ ဦးရေ  ၂၃၀,၀၀၀ ၀န်းကျင်ရှိပြီး သူတို့တွေ ဟာလည်း တခြားသူတွေထက် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်နိုင်ခြေ ၁၉ ဆ ပိုများပါတယ်။

မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေကတော့ ရောဂါကူးစက်နိုင်ခြေ အများဆုံးဖြစ်ပြီး မနှစ်က အသစ် ကူးစက်ခံရသူတွေရဲ့ ၃၉ ရာခိုင်နှုန်းရှိပါတယ်။

ဒီအုပ်စုတွေကြားမှာ ရောဂါကူးစက်နှုန်းကို လျှော့ချဖို့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ ဥပဒေတွေနဲ့ လူမှု ပတ်ဝန်းကျင် စရိုက်တွေက အဓိက အဟန့်အတားဖြစ်စေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
23perday-123perday-223perday-3
ဒီဗွီဘီ - မြန်မာတွင် တစ်ရက်လျှင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူအသစ် ၂၃ ဦးနှုန်းရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top