22
Nov

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ကျဆင်း

မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုရောဂါဖြစ်စေတဲ့ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးကူးစက်မှု ၇၄ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ UNAIDS ကုလလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့  UNAIDS အဖွဲ့က နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားတာပါ။

အိပ်ခ်ျအိုင်ဗွီပိုး အသစ်ကူးစက်မှု ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတဲ့နိုင်ငံ ၂၅ နိုင်ငံထဲမှာ အာရှဒေသက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေပါဝင်ပြီး ဇင်ဘာဘွေ၊ ရ၀န်ဒါ၊ တိုဂို၊ ဂါနာ၊ နမီးဘီးယား၊ အီသီယိုးပီးယား၊ ဟေတီ၊ ဘော့စွာနား စတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။

ဒါဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း အရွယ်ရောက်သူ အသက် ၁၅ နှစ်နဲ့  ၄၉ နှစ်အကြား အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုနှုန်းကို သုတေသန ပြုလုပ်တွက်ချက်ထားတာဖြစ်ပြီး မြန်မာ နိုင်ငံမှာတော့ ၇၄ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ခုလို ရောဂါကူးစက်နှုန်း ကျဆင်းသွားရတာဟာ  အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ အသိပညာတွေ တိုးလာတဲ့အတွက် ဖြစ်ကြောင်း UNAIDS ရန်ကုန်ရုံးရဲ့ အကြံပေးအရာရှိ ဒေါက်တာစိုးနိုင်က ပြောပါတယ်။

“ကူးစက်နှုန်းတွေကလည်း အဖြစ်များတဲ့ လူထုကြားမှာ လျော့သွားတာပါပဲ။ အရင်တုန်းကဆိုရင် မူးယစ်ဆေးဝါး သုံးစွဲသူတွေကြားမှာ အိပ်ခ်ျအိုင်ဗွီက ပြီးခဲ့တဲ့နှစ်မှာ ၄၄ ရာခိုင်နှုန်းလောက် ရှိတယ်လေ။ အခုဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်။ ဒီလိုဖြစ်လာတာက အကုန်ပါပါလိမ့်မယ်။ အသိဥာဏ်တွေ များလာတယ်၊ ပညာပေး လုပ်ငန်းတွေ များလို့လည်း ဖြစ်မယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွိပိုး ကူးစက်ခံနေရသူပေါင်း  ၂ သိန်း ၄ သောင်း လောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။  ဒီအထဲမှာ အေအာဗွီ ခေါ် အိပ်ခ်ျအိုင်ဗွီတန့်ဆေး ဆေးတိုက်ဖို့ လိုအပ်နေ သူပေါင်း ၁ သိန်း ၂ သောင်းလောက်ရှိပြီး လူပေါင်း ၄ သောင်းလောက်ကိုသာ ဆေးဝါး ကူညီပေးနိုင်တယ်လို့ UNAIDS အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ်ရောဂါ ပပျောက်ရေး လုပ်ဆောင်ဖို့အတွက် ငွေကြေးအခက်အခဲ အပါအ၀င် စိန်ခေါ်မှုတွေ ရှိနေတုန်းပဲလို့လည်း ဒေါက်တာ စိုးနိုင်က ပြောပါတယ်။

“စိန်ခေါ်မှုကတော့ အားလုံး တက်ညီလက်ညီ ပူးပေါင်လုပ်ဆောင်မှုတွေကတော့ လိုတယ်လေ။ ဒါတဖွဲ့တည်း လုပ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး။ ယူအန်ရော အစိုးရရော အားလုံး အတူတွဲပြီး ဟန်ချက်ညီညီနဲ့ လုပ်ရမယ့် ကိစ္စတွေဆိုတော့ အတူတွဲလုပ်ဖို့က လွယ်တဲ့ကိစ္စတွေ မဟုတ်ဘူး။ ငွေရေးကြေးရေး အပိုင်းတွေရော၊ ခွဲခြားဆက်ဆံမှုတွေလည်း အရေးကြီးတယ်။”

လက်ရှိ ကမ္ဘာမှာ အိပ်ခ်ျအိုင်ဗွိပိုးနဲ့ နေထိုင်နေရသူပေါင်းက ၃၄ သန်းရှိပြီး  ၂၀၁၁ ခုနှစ်က ကမ္ဘာတ၀န်းလုံးမှာ အိပ်ခ်ျအိုင်ဗွီပိုး အသစ် ကူးစက်ခံရသူ ၂သန်းခွဲနဲ့ အေအိုင်ဒီအက်စ် နဲ့ ဆက်နွယ်ပြီး သေဆုံးခဲ့သူပေါင်းက ၁ သန်း ၇ သိန်းရှိတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

DVB - မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ကျဆင်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top