ကျနော် ကျန်းမာရေးပညာပေး[ Health Educator] ယောက်အနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း
ဖန်ငါခရိုင်တွင် ကျနော် နေ့စဉ်ထိတွေ့နေရသော မြန်မာပြည်က အကြောင်း အမျိုးမျိုးကြာင့်
ရောက်ရှိလာကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများရဲ့ ကျန်းမာရေးနှင့် ပတ်သက်သည့်
အနာဂတ် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသော ကိစ္စတခုအဖြစ် အမျိုးသားရေး တာဝန်တရပ်အနေဖြင့်
ရှုမြင်မိသောကြောင့် ကျနော်နေ့စဉ်ကြုံတွေ့နေရ ထိတွေ့နေရ မြင်တွေ့နေရသည့်
ကျနော်တို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးမှာ အလွန်တရာပင်
စိုးရိမ်ကြောင့်ကြမှု ဖြစ်မိပါသည်။
ကျနော်ချစ်သော ကျနော်နိုင်ငံသားများနှင့် ထိတွေ့၊ဆက်ဆံ နေထိုင်ရသည်ကို စိတ်ထဲတွင် အတိုင်းအဆမဲ့
ကျနော် ကျေနပ်မိပါသည်၊ အခြားတဖက်တွင်လည်း ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏
ကျန်းမာရေးနှင့် သက်ဆိုင်သော အခြေခံကျန်းမာရေး ပြုစုစောင့်ရှောက်မှု
ပေးနေသည့် ကျနော်လက်ရှိအလုပ် လုပ်နေသော နယ်စည်းမထား ဆရာဝန်များအဖွဲ့ [msf-medecins
sans frontieres-Belgiun] အား
မြန်မာနိုင်ငံသားများ ကိုယ်စား ကျေးဇူးတင်ရှိပါသည်။
စားဝတ်နေရေး အဆင်မပြေမှု၊ လူနေမှုအဆင့်အတန်း နိမ့်ကျမှု၊ နယ်စပ်ဒေသ
အနီးတ၀ိုက်ကျေးရွာများကို မြန်မာစစ်တပ်က လက်နက်အားကိုးပြီး အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းမှု
အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ မိကောင်း ဖခင်သမီးပျိုများကို မုဒိမ်းကျင့်မှု၊ စသည့်လူသားမဆန်သော
လုပ်ရပ်များကြောင့် မိမိတို့ဘ၀လုံခြုံရေးနှင့် မိသားစုတွင်း ကြုံတွေ့နေရသော စားဝတ်နေရေး
ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် တိုင်းတပါးသို့ တရားမ၀င်တဲ့နည်း လမ်းနဲ့ခိုးဝင်
ထိုင်းနိုင်ငံသားတွေ မလုပ်တဲ့ အောက်ခြေသိမ်း အလုပ်တွေကို သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် ရုန်းကန်ကြရရှာတယ်၊
တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တဲ့အတွက် လုပ်အားခက ရတချက်မရတချက်၊
အလုပ်ရှင်က လုပ်အားခမပေးလည်း ပြန်ပြောလို့မရ၊ လျှာရှည်လို့ပြန်ပြောမိလို့ကတော့
ပင်လယ်ရေလုပ်သား တွေဆိုရင် ငါးမန်းစာ၊ ရော်ဘာခြံ အလုပ်သမားဆိုရင်
သေနတ်မဟုတ်ရင်ဓါး၊ ဆောက်လုပ်ရေးလုပ်သားဆိုရင် အလုပ်ပြီးခါနီးလုပ်အားခမရှင်းပဲ
ပုလိပ်နဲ့ဖမ်းခိုင်း၊ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ပြန်တော့လည်း၊ ထိုင်း ကျန်းမာရေးဝန်ထမ်းတွေရဲ့
ဂရုစိုက်မှုကို ပြည့်ပြည့်၀၀ မရရှိကြ၊ ဖျားနာလို့ ပုလိပ်ရန်ကိုကြောက်ပြီး
ဆေးရုံမသွား ရဲတာကြောင့် မသေသင့်ပဲ သေသွားရရှာတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေကလည်း
ဒုနဲ့ဒေး၊ ဒါတွေအားလုံးဟာ ကျနော်နေ့စဉ် မြင်တွေ့နေရတဲ့ ကျနော်တိုင်းရင်းသား ညီအကိုတွေ
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရင်ဆိုင်ကြုံတွေ့နေ ရတဲ့ ပြဿနာ၊ ဒါတွေအားလုံးရဲ့ အဓိကတရားခံကတော့
ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားကို ဖူလုံအောင်မထား တိုင်းတပါးကို
များများထွက်သွားကြလေ ကောင်းလေဆိုတဲ့ သူခိုးဂျပိုး စစ်အာဏာရှင်လူတစုရဲ့
တိုင်းသူပြည် သားတွေပေါ်မှာထားရှိတဲ့ စေတနာအမှန်တွေလေ။
ကျနော် ကျန်းမာရေး ပညာပေးလုပ်ငန်းများကို လုပ်ပါတယ်၊
အခြားတဖက်မှလည်း နယ်တကာလှည့်ပြီး မြန်မာ ဆရာဝန်နှစ်ဦးနဲ့အတူ [mobile
clinic] ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးပါတယ်၊
လူနာအရေးကြီးလျှင်ကြီး သလို နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပြီး
ကုန်ကျစားရိတ်အားလုံးကို ကျနော်တို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ ကုန်ကျစားရိတ်တွေ
အားလုံးကို စိုက်ထုတ်ပေးပါတယ်၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင်မှာ တရားမ၀င်မြန်မာ
ရွှေ့ပြောင်းအလုပ်သမား ကိုးသောင်းနီးပါး ရှိပါတယ်၊ နိုဝင်ဘာလ ကျနော်တို့ နယ်စည်းမထား
ဆရာဝန်များအဖွဲ့ရဲ့ နှစ်ချုပ် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အားလုံးရဲ့
ကျန်းမာရေး စစ်တမ်းတွေအားလုံးကို ပြန်စစ်ကြည့်လိုက် တဲ့အခါမှာ လေးရာခိုင်နှုံးဟာ -HIV-AIDS-
ရောဂါပိုး ကူးစက်ခံနေရတာကို တွေ့ရှိရပါတယ်
၊ဒါဟာတကယ့်ကို ကြောက်ခမန်းလိလိ ကူးစက်မှု နှုံးထားပါ၊ သူတို့တတွေရဲ့ မိသားစုဝင်တွေကိုပါ
တဦးချင်းစီ သွေးခေါ်ပြီးစစ်ကြည့် လိုက်မယ်ဆိုရင် ဒီရောဂါပိုး ကူးစက်မှုနှုံးထား
ပိုမြင့်လာမှာမလွဲပါဖူး၊ နေရာတခုမှာ အတည်တကျမရှိတဲ့ မြန်မာရွှေ့
ပြောင်းလုပ်သမားများဟာ အလုပ်အဆင်ပြေရာ နေရာကို ပြောင်းရွှေ့နေထိုင်ခြင်းကြောင့် ရောဂါပျံ့နှုံးထားဟာ အနာဂတ်မှာ
မြန်မာနိုင်ငံကြီးကို ခြိမ်းခြောက်လို့နေတယ်၊ စစ်အစိုးရရဲ့ တာဝန်မဲ့မှုတွေ ကြောင့်
မြန်မာနိုင်ငံမှာ ဒီရောဂါကူးစက်မှုဟာ တစထက်တစ ကြီးထွားလာမှာ မုချမလွဲအမှန်ဧကန်
ဖြစ်သည်။
မြန်မာနိုင်ငံသားတွေရဲ့အဖြစ်က စပါးစိုက်တော့မိုးကခေါင်
ခိုးစားပြန်တော့လည်း ခွေးကဟောင် ဆိုသလိုပါပဲလား၊ ခုလောလောဆယ်တော့ HIV ရောဂါပိုး ကူးစက်ခံနေရသူ မြန်မာနိုင်ငံသား ဝေဒနာရှင်များအား
နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ လိုအပ်သည့် -HIV-ဗိုင်းရပ်ပိုး ရပ်တန့်ဆေးများကို မြန်မာနိုင်ငံသား ၀န်ထမ်းများခန့်အပ်ကာ
နေ့စဉ်ပုံမှန်ဂရုစိုက်တိုက်ကျွေးလျှက်ရှိသည်။
အကယ်၍ နယ်စည်းမထား ဆရာဝန်များအဖွဲ့အနေဖြင့်
ပရောဂျက်ကုန်ဆုံးပြီး ဖန်ငါခရိုင်မှ အခြားဒေသသစ် တခုစီဆီသို့ ပြောင်းရွှေ့ခဲ့သည်ရှိသော်
ဝေဒနာရှင်များအတွက် လိုအပ်နေသော ဆေးဝါးများကို မည်သည့်အဖွဲ့ အစည်းမှ တာဝန်ယူမည်ဆိုသည်ကို
ကျနော်အနေနှင့် အဖြေရှာမရဖြစ်နေသည်မှာ အမှန်ပင်၊ တီဘီရောပါပြန့်ပွားမှု မှာလည်း
မြန်မာနိုင်ငံသားများအတွက် အလွန်ကိုကြောက်စရာပင်၊ ကျနော်နိုင်တဲ့ဖက်က ကျနော်လူမျိုးများရဲ့
လိုအပ်နေတဲ့ ကျန်းမာရေး လုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်၊
ခုနှစ်ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ။
http://khukdaungnee.blogspot.com




