2
Sep

မြန်မာအမျိုးသမီးများအား လိင်ကုန်ကူးမှုကြီးထွားလာကြောင်း အစီရင်ခံစာ ထွက်ပေါ်



မြန်မာအမျိုးသမီးများ
လိင်ကုန်ကူးမှု ပြဿနာ ကြီးထွားလာရခြင်းမှာ မြန်မာစစ်အစိုးရ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု
ညံ့ဖျင်းမှုကြောင့်ဖြစ်ကြောင်း ယနေ့ထုတ်ဝေသည့် ပြေးစရာ မြေမရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသမီးနှင့်
ကလေးအခွင့်အရေး အစီအစဉ် (Women and Child Right Program - WCRP) က ထုတ်ဝေသည့် ယင်းအစီရင်ခံစာတွင်
လိင်ကုန်ကူးခံရသည့် အမျိုးသမီးတို့ ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံ ခရီးကြမ်းကို လေ့လာတင်ပြထားပြီး
လိင်ကုန်ကူးမှုစနစ်၏ အကြောင်းအရင်းများကို သုတေသနပြုထားခြင်းဖြစ်သည်။

WCRP
မှ တာဝန်ခံ မိကျရိုင်နွန်က “ထိုင်းနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ လိင်ကုန်ကူးခံရတဲ့ အမျိုးသမီးတွေအနက်
အယောက် (၄၀) နဲ့ တွေ့ဆုံမေးမြန်းထားပြီး လိင်ကုန်ကူးခံရတဲ့ အကြောင်းအရင်းခံတွေကို သုတေသနပြုလုပ်ခဲ့တာ
ဖြစ်တယ်။

စီးပွားရေး
စီမံခန့်ခွဲမှု မကျွမ်းကျင်တဲ့ နအဖစစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ အများပြည်သူတွေရဲ့
စီးပွားရေး ချွတ်ခြုံကျမှုက အဓိက အကြောင်းအရင်းအနေနဲ့ တွေ့ခဲ့တယ်” ဟု ခေတ်ပြိုင်သို့
ပြောသည်။

အင်္ဂလိပ်ဘာသာဖြင့်
ထုတ်ဝေသည့် စာမျက်နှာ (၉၀) ပါ  ယင်းအစီရင်ခံစာတွင်
မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့၏ သတ်မှတ်စံညွှန်းဖြစ်သည့် အဖြစ်အပျက်၊
နည်းလမ်းနှင့် အကြောင်းအရင်းခံ ဆိုသည့် မူ (၃) ရပ်ကို အခြေခံ၍ ၂၀၀၄ ခုမှ ၂၀၀၉ ခုအတွင်း
လိင်ကုန်ကူးခံရသူများ၏ ဖြစ်စဉ် (၄၀) ကို ၎င်းတို့ဖမ်းဆီးခံရသည့်အချိန်မှစ၍ ရောင်းစားခံရသည့်
အချိန်အထိ စော်ကားခံရပုံကိုလည်း မှတ်တမ်းတင် ထားသည်ဟု မိကျရိုင်နွန်က ပြောသည်။

ယခုအစီရင်ခံစာတွင်
မွန်၊ ကရင်၊ တနင်္သာရီတိုင်း၊ ရန်ကုန်၊ မန္တလေးတို့မှ လိင်ကုန်ကူးခံရသည့် အဖြစ်အပျက်များအပြင်  ပဲခူးတိုင်းမှ အခြားအရပ်သို့ လိင်ကုန်ကူးခံရသည့်
အဖြစ်အပျက်များ အများဆုံး ပါဝင်သည်ဟု မိကျရိုင်နွန်က ပြောသည်။

၎င်းက
“ဥပမာတွေအနေနဲ့ ပဲခူးတိုင်းက မိခင်တဦးက စားဝတ်နေရေး အဆင်မပြေလို့ ကိုယ့်ကလေးအရင်းကို
ကရင်ပြည်နယ်မှာ ရောင်းစားခဲ့တဲ့ဖြစ်ရပ်လိုမျိုး၊ ထိုင်းနိုင်ငံမှာ အိမ်ဖော်အလုပ်လုပ်ရင်း
လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာမျိုးတွေ၊ ပွဲစားက အလုပ်ပေးမယ်၊ လမ်းစရိတ် စိုက်ပေးမယ်ဆိုပြီးတော့
ရန်ကုန်ကနေ ခေါ်လာပြီး နယ်စပ် ဘုရားသုံးဆူပဲ ရောက်သေးတယ်။ အလုပ်ရှာလို့မရဘူး၊ နင့်အတွက်
ဒီအလုပ်ပဲရှိတယ်။ လုပ်မလားဆိုပြီး နည်းပေါင်းစုံသုံးပြီး ပြည့်တန်ဆာဘဝကို အတင်းသွတ်သွင်းခံရတာမျိုး၊
ခြိမ်းခြောက်ခံတာမျိုးတွေ။ သူတို့တွေက ဒါနဲ့ပတ်သက်ပြီး အကူအညီတောင်းလို့ရတယ်ဆိုတာ မသိကြဘူး။
မြန်မာပြည်ထဲမှာ လိင်ကုန်ကူးခြင်းနဲ့ ပတ်သက်တဲ့ ပညာပေးတာမျိုးလည်း နည်းတော့ နောက်ဆုံး
သူတို့အတွက် ရွေးစရာလမ်း မရှိတော့ဘူး” ဟု ရှင်းပြသည်။

မွန်ပြည်
လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့မှ ဒါရိုက်တာ နိုင်ကဆော့မွန်က “လိင်ကုန်ကူးမှု ပြဿနာ
ကြီးထွားလာတာဟာ မြန်မာနိုင်ငံမှာ တရားမျှတဲ့ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ အဟန့်အတား ဖြစ်နေတယ်ဆိုတာ
ပြနေတာပဲ။ ဒီလိင်ကုန်ကူးမှု ပြဿနာကို နအဖဆီ တင်ပြထားပေမယ့် အခြေအနေ တိုးတက်မလာတဲ့အတွက်
နအဖအုပ်ချုပ်မှုအောက်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက အမျိုးသမီးတွေနဲ့ ကလေးတွေကို လုံလောက်တဲ့ အကာအကွယ်
မပေးနိုင်သေးတာ ဖော်ပြနေတယ်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

တိုင်းရင်းသားဒေသများတွင်
တိုးချဲ့ထားသည့် နအဖစစ်တပ်များအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်း ပေးရန်နှင့် ကုလသမဂ္ဂ
လူ့အခွင့်အရေးဆိုင်ရာ ၁၉၉၂ ပြဋ္ဌာန်းချက်အား အပြည့်အဝလိုက်နာရန် မြန်မာစစ်အစိုးရအား တောင်းဆိုလိုက်ပြီး
စီးပွားရေး ကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံမှ စွန့်ခွာထွက်ပြေးလာသည့် မြန်မာနိုင်ငံသား များအား
အပြည့်အဝအကာအကွယ် ပေးသွားရန်၊ ရွှေ့ပြောင်းအလုပ်သမားတို့၏ ရပိုင်ခွင့်များအား တရားဝင် သတ်မှတ်ပေးရန်
ထိုင်းအစိုးရကိုလည်း WCRP က တောင်းဆိုထား သည်။

 

http://www.khitpyaing.org

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top