28
Mar

မြန်မာနေရှင်နယ်လိဂ်တွင် HIV ပိုးရှိသော ကစားသမားတစ်ဦး ကစားနေဟု ဦးဇော်ဇော်ပြော

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် HIV Positive ရှိသော ကစားသမားတစ်ဦး ပါဝင်ကစားနေသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မတ်လ ၂၆ ရက်က ဆီဒိုးနားဟိုတယ်တွင် ကျင်းပသော Protect the Goal Programme သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ခံပြောကြားခဲ့သည်။

“မြန်မာနေရှင်နယ်လိဂ် ကလပ်တွေထဲမှာ HIV Positive ရှိတဲ့ ကစားသမားတစ်ဦး ရှိပါတယ်။ သူ့ကို ကျွန်တော်တို့ ပစ်ပယ်မထားပါဘူး။ ဘောလုံး အသိုင်းအ၀ိုင်းထဲကို ပြန်ခေါ်ပြီး နွေးနွေးထွေးထွေးနဲ့ ၀ိုင်းဝန်း ကူညီထားပါတယ်။ သူ့ရဲ့အမည်နဲ့ ကလပ်အသင်းကိုတော့ ကျင့်ဝတ်အရ ထုတ်မပြောချင်ပါဘူး” ဟု ဦးဇော်ဇော်က ဆိုသည်။

အဆိုပါ ကစားသမားမှာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲစတင်ကျင်းပစဉ်က ထိပ်တန်းကလပ်အသင်း တစ်သင်းတွင် ကစားခဲ့ပြီး ဘောလုံးလောကမှ တစ်နှစ်ခန့် အနားယူခဲ့ကာ ၂၀၁၂ ဘောလုံးရာသီမှ စတင်ပြီး လက်ရှိ အချိန်အထိ ဘောလုံးလောကတွင် ကျင်လည်နေသည်။ ယခုကဲ့သို့ HIV Positive ရှိသော ကစားသမား တစ်ဦး မြန်မာနေရှင်နယ်လိဂ်တွင် ကစားခွင့်ရနေခြင်းမှာ ကောင်းမွန်သော အခွင့်အရေးဖြစ်ပြီး ကျန်ကစားသမားများအတွက်လည်း အန္တရာယ်မရှိနိုင်ဟု မြန်မာနိုင်ငံအမျိုးသား HIV အစီအစဉ်၏ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါက်တာမျိုးသန့်က ပြောသည်။ “ဒါက အဖွဲ့အစည်းတိုင်းအတွက် စံနမူ နာပါ။

ကျွန်တော်တို့ နိုင်ငံမှာက ရောဂါရှင်တွေကို ပစ်ပယ်တတ်ကြတယ်။ သူ့အနေနဲ့ လိုအပ်တဲ့ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်မယ်ဆိုရင် ဘောလုံး ဆက်ကစားနေနိုင်မှာပါ။ အခြားကစားသမားတွေ အတွက်လည်း ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး” ဟု ဒေါက်တာမျိုးသန့်က ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် HIV ရောဂါပိုးနှင့် ပတ်သက်ပြီး လူငယ်များအတွင်း အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် အာရှဘောလုံး အဖွဲ့ချုပ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂဆိုင်ရာ အေအိုင်ဒီအက်စ် အစီအစဉ် (UNAIDS)၊ မြန်မာနိုင်ငံ အမျိုးသား HIV အစီအစဉ် စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး “Protect the Goal” အစီအစဉ်ကိုလည်း ဆောင်ရွက်နေသည်။

Mizzima - မြန်မာနေရှင်နယ်လိဂ်တွင် HIV ပိုးရှိသော ကစားသမားတစ်ဦးကစားနေဟု ဦးဇော်ဇော်ပြော

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top