29
Aug

မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ကွန်ဒုံး (Migrants & Condom)



ကျွန်မသည်
ကျွန်မတို့ မြန်မာလူမျိုးများအတွက် ကျန်းမာရေး အသိပညာတိုးတက်စေရန်၊ ကျန်းမာရေးနှင့်
သင့်တင့်ညီညွတ်စွာ နေထိုင်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေတဲ့ ကျန်းမာရေး
အဖွဲ့အစည်းတစ်ခုက ကျန်းမာရေး လုပ်သားတဦးပါ။ လူ့အခွင့်ရေး ပညာပေးဌာန (မြန်မာနိုင်ငံ)
ကျန်းမာရေး ပညာပေးအဖွဲ့ အမည်ဖြင့် ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်တွင် အခြေစိုက် ထားပါသည်။

ဖန်ငခရိုင်တွင်
နေထိုင် လုပ်ကိုင်ကြရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား (ပန်ရံအလုပ်သမား၊ ရာဘာခြံအလုပ်သမား၊
မွေးမြူရေး အလုပ်သမား၊ အုတ်ဖုတ် စက်ရုံအလုပ်သမား၊ ခြံစိုက်ပျိုးရေး အလုပ်သမား၊ ဈေးရောင်းအလုပ်သမား၊
ရေလုပ်ငန်း အလုပ်သမား၊ သစ်စက်ရုံ အလုပ်သမား) များကို ကျွန်မတို့ အဖွဲ့က ကူးစက်တတ်သော
ရောဂါများနှင့် ပတ်သက်၍ ကျန်းမာရေး ပညာပေး ဟောပြောပွဲများကို အလုပ်သမားများ နေထိုင်ရာ
တန်းလျှားများသို့ သွားရောက်၍ ပညာပေး ဟောပြောခြင်းဖြင့် လည်းကောင်းတို့၏ အသိပညာ တိုးပွားလာအောင်
လူနေမှု အဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်ပေးပါတယ်။

ကျွန်မတို့ အဖွဲ့အစည်းအနေနဲ့ ဖန်ငခရိုင်တွင်
အခြေစိုက် လုပ်ကိုင်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပါပြီ။ ယခုလက်ရှိ ကျွန်မတို့အဖွဲ့သည်
မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွင်း မိသားစုစီမံကိန်း (သားဆက်ခြား စီမံကိန်း)
နှင့် ပတ်သက်၍ အသိပညာနှင့် လက်ရှိ အသုံးပြုနေမှု အမျိုးသမီး ကျန်းမာရေးနှင့် ပတ်သက်၍
ကြုံတွေ့ ခံစားရမှု၊ ကွန်ဒုံး Condom အသုံးပြုမှုနှင့် လည်းကောင်းအပေါ် ထားသည့် စိတ်နေသဘောထား
စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ စစ်တမ်းကောက်ပြီး အချက်အလက် ပြုစုမှုများ ပြုလုပ်နေပါတယ်။
ရရှိသော အချက်အလက်များ အရ ကျွန်မတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွင်း ကွန်ဒုံးအသုံးပြုမှု
အလွန် နည်းပါးနေပြီး အသုံးပြုမှုအပေါ် ရှက်ရွံ့မှုများ ရှိနေခြင်းနှင့် ကွန်ဒုံးအကြောင်း
ဆွေးနွေးမှုများ အလွန် နည်းပါနေပြီး တချို့က သုံးရမှန်းပင် မသိကြပါ။

ကျန်းမာရေး ဗဟုသုတ
နည်းပါသော အချို့သူများကလည်း ကွန်ဒုံးဆိုတာ မကြားဘူး မမြင်ဘူး ကြပါ (သုံးဖူးဖို့ဝေစွ)။
တချို့ကလည်း ကွန်ဒုံးသုံးရင်ပဲ အပျော်အပါး လိုက်စားသူ မကောင်းတဲ့နေရာ (ဇိမ်ခံခန်း)
သွားတဲ့သူလို့ သူများတွေ ထင်မြင်မှာ စိုးရိမ်ကြပြန်ရော။ ဒါကြောင့်တချို့က သုံးခဲ့ဖူးရင်တောင်
တခြားသူ မသိအောင် ဖုံးကွယ် ထားတတ် ကြပါတယ်။ တချို့ကလည်း သုံးတော့ သုံးကြည့်ချင်တယ်၊
ဆေးဆိုင်မှာ သွားဝယ်လို့ တခြားသူမြင်ရင် ကိုယ့်ကိုအထင်သေးမှာ စိုးရိမ် ကြပြန်ပါတယ်။
ဒါအပြင် တချို့ကလည်း ကွန်ဒုံး အသုံးပြုခြင်းကြောင့် ရရှိလာမည့် ကောင်းကျိုး ရလာဒ်ကိုလည်း
သေသေခြာခြာ မသိကြပါဘူး။ ကွန်ဒုံးသုံးရမှာက အပျော်အပါး လိုက်စားရင်သာ သုံးဖို့လိုတယ်
ငါတို့အတွက် သုံးဖို့ မလိုဟု တချို့ အိမ်ထောင်ရှင် အမျိုးသားများက ထင်တတ်ကြပါတယ်။

ကျွန်မတို့
ရရှိတဲ့ စစ်တမ်း အချက်အလက်များ အရတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွင်း ကွန်ဒုံးအသုံးပြုမှု
တိုးပွားလာအောင်နှင့် အသုံးပြုမှုပေါ် မှန်ကန်သည့် စိတ်နေသဘောထား ရောက်အောင် တည့်မတ်ပေးရန်နှင့်
အကျိုးအာနိသင်များ သေခြာရှိအောင် ပညာပေး ဟောပြောမှုနှင့် အသုံးပြုပုံ အဆင့်ဆင့်ကို လက်တွေ့
သရုပ်ပြမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိမြင်ခဲ့ရပါသည်။ ဒါ့အတွက်ကြောင့် ကျွန်မတို့
ကျန်းမာရေး အဖွဲ့အစည်းမှ အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်သည့် ကျန်းမာရေး ဟောပြောဆွေးနွေးမှုများ
ဖန်ငခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွင်း စတင် အကောင်ထည်ဖော် ဆောင်ရွက်ပေးနေပါပြီ။
ဒါပေမဲ့ ကွန်ဒုံးနဲ့ ပတ်သက်တဲ့ဆောင်းပါ တပုဒ်ရေးပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွင်း
ဖြန့်ပေးချင်တဲ့ ဆန္ဒလေးတစ်ခု ကျွန်မရင်ထဲ ဖြစ်တည်ခဲ့ရလို့ ကျွန်မ ဒီဆောင်းပါးလေး ရေးဖြစ်ခဲ့တာပါ။

ကွန်ဒုံးနှင့်ပတ်သက်ပြီး
ကျွန်မ ပထမဦးဆုံး ပြောချင်တာက ကွန်ဒုံးအသုံးပြုမှုကို မရှက်ပါနဲ့၊ ကွန်ဒုံးအသုံးပြုခြင်း၊
သူငယ်ချင်း မိတ်ဆွေများနှင့် ကွန်ဒုံးအကြောင်း ဆွေနွေးခြင်းသည် ရှက်စရာ စိုးရိမ်စရာ
ကိစ္စ မဟုတ်ပါ။ ဆေးဆိုင်မှာ ကွန်ဒုံး ဝယ်ယူမှု အပေါ် တခြားသူမြင်မှာ အထင်အမြင် သေးမှာလည်း
မကြောက်ပါနဲ့။ ယခုခေတ်မှာ ကျန်းမာရေး ဗဟုသုတ ပြည့်ဝသူတိုင်း ကွန်ဒုံး အသုံးပြုနေကြပါပြီ။
သို့အတွက်ကြောင့် မိမိ အသုံးပြုခြင်းသည်လည်း ကျန်းမာရေးနှင့် ဆီလျော်အောင် ကာကွယ်မှု
ပြုတတ်သူအဖြစ်သာ တခြားသူများက မြင်ပေလိမ့်မည်။ ဒီအတွက် စိုးရိမ် ကြောက်ရွံ့မှုရှိရန်
လုံးဝမလိုအပ်ပါ။

ကွန်ဒုံးတစ်ခုကို
တခါသာသုံး ရပါတယ်။ အသုံးမပြုခင်မှာ သေခြာစစ်ဆေးဖို့ လိုအပ်ပါတယ်။ အသုံးမပြုခင် မိမိသုံးသည့်
ကွန်ဒုံးသည် သက်တမ်း လွန်၊ မလွန် သေခြာစစ်ဆေး ရပါမယ်။ ကွန်ဒုံးအိတ်ပေါ်တွင် ရေးထားသည့်
သက်တမ်းကုန်ဆုံးရက်ကို ကြည့်၍ သက်တမ်း လွန်၊ မလွန် သိနိုင်ပါတယ်။ ဒါပေမဲ့ တချို့ကွန်ဒုံးအိတ်ပေါ်တွင်
သက်တမ်းကုန်ဆုံးရက် မပါဘဲ ထုတ်လုပ်ရက်စွဲသာ ရေးထား တတ်ပါတယ်။ အကယ်၍ ထုတ်လုပ်ရက်စွဲသာ
ပါရှိပါက ထုတ်လုပ်သည့် အချိန်မှ တစ်နှစ်ကျော်နေသည့် ကွန်ဒုံးအား အသုံးပြုရန် မသင့်ပါ။
နောက်တစ်ခုက ကွန်ဒုံးအိတ်ပေါ်တွင် ဆိုဒ်အရွယ်အစား ရေးထားပါတယ်။ မိမိနှင့် သင့်တော်သော
အရွယ်အစားကို ရွေးချယ်၍ သုံးစွဲပါ။ အကယ်၍ အရွယ်အစား မသင့်တော်ပါက မတော်တဆ ကွန်ဒုံးပေါက်ပျြဲမှု၊
ကွဲထွက်မှု၊ ကျွတ်ထွက်မှုများ ရှိနိုင်တဲ့အတွက် အရွယ်အစားကို အထူးသတိထား ရွေးရန် လိုအပ်ပါတယ်။
ကွန်ဒုံးကောင်း၊ မကောင်းကိုတော့ အိတ်အပြင်ဘက်မှ လက်ဖြင့် တွန်းကြည့်လျှင် အဆီဖြင့်
ဟိုဘက်ဒီဘက် ရွေ့နိုင်ပါက ကွန်ဒုံးကောင်းကြောင်း သိနိုင်ပါတယ်။

ကွန်ဒုံးအသုံးမပြုမီ
စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ကွန်ဒုံးကို အိတ်၏ သတ်မှတ်ထားသည့် နေရာမှ အသာအယာ ဖြဲ၍
ထုတ်ယူပါ။ ထုတ်ယူရာတွင် ကွန်ဒုံးလိပ် ပြေမသွားစေရန် အထူးသတိပြုပါ။ ကာကွယ်မှု အထိရောက်ဆုံး
ဖြစ်စေရန်အတွက် ကွန်ဒုံးကို မိန်းမကိုယ်၊ စအို၊ ပါးစပ်ဖြင့် လိင်မဆက်ဆံမီ အမျိုးသား
လိင်အင်္ဂါတံတွင် တပ်ဆင်ပါ။ တပ်ဆင်ရာတွင် လိင်တံမာ၍ လိင်ဆက်ဆံရန် အသင့်ဖြစ်သော အခြေအနေတွင်
ကွန်ဒုံးထိပ်ရှိ သုတ်လက်ခံရန် ပြုလုပ်ထားသော နို့သီးခေါင်း သဏ္ဌန်ထိပ်ကို လက်တစ်ဖက်ဖြင့်
ညစ်၍ လိင်တံထိပ်မှ အရင်းသို့ ရောက်အောင် တဖြည်းဖြည်း ဆွဲချ တပ်ဆင်ရမည်။ ဆက်ဆံပြီး၍
ကွန်ဒုံး ပြန်လည်ဖြုတ်ရာတွင် ကွန်ဒုံးတွင် ပေနေသော လိင်အင်္ဂါအရည်များ မထိမိစေရန် ဂရုပြု
ဆောင်ရွက်ရမည်။ အသုံးပြုပြီးသော ကွန်ဒုံးကို စနစ်တကျ စွန့်ပစ်ရပါမယ်။ အိမ်သာတွင်းထဲသို့
ပစ်ခြင်း၊ မီးရှို့ခြင်း၊ မြေမြှပ်ခြင်းများ ပြု၍ စွန့်ပြစ် နိုင်ပါတယ်။

တချို့သူများသည်
ကွန်ဒုံးသုံးရာတွင် ဆီကိုအခြေခံ၍ ထုတ်လုပ်သော ချောဆီများကို ထည့်၍ သုံးတတ် ကြသည်။ ချောဆီများသည်
ကွန်ဒုံးကို ပေါက်ပြဲ စေနိုင်သောကြောင့် မသုံးသင့်ပါ။ ကွန်ဒုံးတွင် ဆီပါထားပြီဖြစ်၍
ထပ်၍ သုံးစရာ မလိုအပ်ပါ။ အသုံးမပြုမီ ကွန်ဒုံးအား နေရောင်ခြည် အပူဒဏ်မှ ကင်းလွတ်သည့်
ခြောက်သွေ့ အေးမြသည့် နေရာတွင် ထားရမည်။ နေရောင်ခြည် အပူကြောင့် အသုံးပြုရာတွင် ကွန်ဒုံး
ပေါက်ပြဲမှုများ ဖြစ်ပေါ် နိုင်ပါသည်။

အမျိုးသမီးများ
အသုံးပြုနိုင်ရန် အတွက် အမျိုးသမီး ကွန်ဒုံးများလည်း ရှိပါသည်။ အမျိုးသမီး ကွန်ဒုံးများသည်
နူးညံ့၍ ချောင်ချောင်ချိချိရှိသော ပလပ်စတစ်ဖြင့် ပြုလုပ်ထားပြီး မိန်းမကိုယ် အတွင်းပိုင်းကို
ကာရံထားသည်။ ၎င်းတွင် အနည်းငယ်မာသော ပလစ်စတစ် ကွင်းများကို ထိပ်တစ်ဖက် တစ်ချက်စီတွင် တပ်ဆင်ထားသည်။
အတွင်းကွင်းသည် အတွင်းသို့ ထည့်ရန် ဖြစ်ပြီး ကွန်ဒုံးရွေ့လျားမှု မရှိစေရန် ဆောင်ရွက်ပေးသည်။
အပြင်ကွင်းသည် မိန်းမကိုယ်နှုတ်ခမ်းကို ကာကွယ်ပေးပြီး ကွန်ဒုံး ပွင့်နေစေရန် ဆောင်ရွက်ပေးသည်။

အရည်အသွေးကောင်းတဲ့
ကွန်ဒုံးကို အမြဲတမ်း နည်းစနစ်မှန်မှန် သုံးတတ်ရင် လိင်ဆက်ဆံခြင်းကြောင့် ကူးတတ်သည့်
HIV ပိုး၊ ကာလသားရောဂါပိုး၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးစသည့် ကူးစက်ရောဂါ ပိုးများအား
ရာနှုန်းပြည့် ကာကွယ် ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ ကွန်ဒုံးအမြဲသုံးနိုင်မှ
စိတ်ချရပါတယ်။ အဓိက အချက်ကတော့ ဘယ်သူ့ဆီမှာ ကူးစက်ရောဂါပိုး ရှိ၊ မရှိ ဆိုတာကို အပြင်ပန်း
ကြည့်ရုံနဲ့ မသိနိုင်လို့ ပါဘဲ။ ဒါကြောင့် လူတိုင်းမှာ ရောဂါပိုး ရှိနိုင်တယ်လို့ ယူဆပြီး
လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးရန် မမေဖို့ အထူးလိုအပ်ပါတယ်။

ဇနီးမောင်နှံ
နှစ်ဦးစလုံးမှာ HIV ပိုး ရှိနေရင်တောင်မှ ကွန်ဒုံးသုံးဖို့ လိုအပ်ပါတယ်။ HIV ပိုး
အရေအတွက်များလေ သွေးဖြူဥ များများ ပျက်စီးလေ ဖြစ်ပြီး အချိန်တိုတိုအတွင်းမှာ အေအိုင်ဒီအက်(စ်)
ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ခံစား ရမှာပါ။ ဒါကြောင့် HIV ပိုး ရှိပြီးသား သူဟာ မိမိခန္ဓာကိုယ်ထဲကို
HIV ပိုးတွေ ထပ်ပြီး ဝင်မလာအောင် ကာကွယ်ဖို့ အရေးကြီး ပါတယ်။ ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ
HIV ပိုး ရှိနေပေမဲ့လည်း လိင်ဆက်ဆံရာက တဆင့် HIV ပိုးတွေ ထပ်ပြီး ခန္ဓာကိုယ်ထဲ မရောက်အောင်
ကွန်ဒုံးသုံးဖို့ လိုအပ်ပါတယ်။

ကွန်ဒုံးကို
ရောဂါကာကွယ်ဖို့ အပြင် တခြားနည်းလမ်း အတွက်လည်း သုံနိုင်ပါတယ်။ အဲဒါကတော့ သားသမီး ဝေးချင်ရင်
သားသမီး မလိုချင်သေးရင် သားဆက်ခြား စီမံကိန်းအတွက် ကွန်ဒုံးသုံးလို့ ရပါတယ်။ လိင်ဆက်ဆံတဲ့အခါ
ယောက်ျားရဲ့ သုတ်ရည်ဟာ ကွန်ဒုံးထဲမှာဘဲ ရှိနေပြီး မိန်းမ အင်္ဂါကတဆင့် သားအိမ်ထဲကို မဝင်နိုင်တော့ပါဘူး။
ဒါကြောင့် ကွန်ဒုံးကို စနစ်တကျ သေသေခြာခြာ သုံးရင် မိမိရဲ့ လိင်ဆက်ဆံဖက် အမျိုးသမီးမှာ
ကိုယ်ဝန် မရနိုင်ပါဘူး။

နောက်တခုက
သားဆက်ခြား နည်းလမ်းများ ဖြစ်တဲ့ အမျိုးသမီး ဟော်မုန်းဓာတ်ဖြင့် ထုတ်လုပ်ထားသော အမျိုးသမီး
နေ့စဉ်သုံး သန္ဓေတားဆေး သုံးလခံထိုးဆေး လက်မောင်း အရေပြား အပ်စိုက်ထားခြင်း စသည်တို့သည်
အနည်းနှင့် အများတော့ ဟော်မုန်းဓာတ်ရဲ့ ဆိုးကျိုးများ ခံစား ရတတ်ပါတယ်။ သွေးတိုးရောဂါ၊
နှစ်လုံးရောဂါ ရှိသူ အမျိုးသမီးများ ထိုနည်းလမ်း များနှင့် လုံးဝ မတည့်ပါ။ ၎င်းတို့၏ ရောဂါများပို၍
ဆိုးသွား နိုင်သောကြောင့် အသုံးပြုရန် မသင့်ပါ။ ကွန်ဒုံး အသုံးပြုခြင်းသည် ထိုကဲ့သို့သော
ဆိုးကျိုး မရရှိနိုင်ပါ။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ရှိသူ အမျိုးသမီးများ၏
အိမ်ထောင်ဖက်များ ကွန်ဒုံးအသုံးပြုခြင်းက ပို၍ သင့်တော် ပါလိမ့်မည်။ ဒါ့ကြောင့် သားဆက်ခြား
စီမံကိန်းအတွက်လည်း ကွန်ဒုံး အသုံးပြုခြင်းက နည်းလမ်းကောင်း တခု ဖြစ်ပါတယ်။

ကွန်ဒုံးက
တခါသုံး ဖြစ်တဲ့အတွက် ဆေးဆိုင်၊ စတိုးဆိုင်နှင့် တချို့ဆိုင်ငယ်တွေမှာ လူတန်းစား မရွေး
ဝယ်သုံး နိုင်ပါတယ်။ အရည်အသွေး ကောင်းပြီး ဈေးလည်း သက်သာတဲ့ ကွန်ဒုံးကို ရွေးဝယ်ပါ။
ကျွမတို့ ကျန်းမာရေး အဖွဲ့မှလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကွန်ဒုံးအခမဲ့
ဝေပေးနေပါပြီ။ လိုအပ်ပါက ကျွန်မတို့ အဖွဲ့နဲ့ ဆက်သွယ် ရယူနိုင်ပါတယ်။ တိုင်ပင် ဆွေးနွေးမှုများ
လုပ်လိုပါကလည်း ကျွန်မတို့ အဖွဲ့ဖြင့် အချိန်မရွေး ဆက်သွယ်၍ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

စာဖတ်သူများ
ကျန်းမာရေး အသိပညာ ဒီထက်မက တိုးပွားစေဖို့ ရည်သန်လျှက်

ဏီ(HREIB.HT)

(စာမျက်နှာ
၁၇ - ၁၉)

ကျန်းမာရေးလက်စွဲ -
မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ကွန်ဒုံး (Migrants & Condom)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top