12
Oct

မြန်မာပြည်တောင်ပိုင်းသို့ မူးယစ်ဆေးဝါး ပျံ့နှံ့မှု ပိုမိုများပြားလာ





ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတောင်ဘက်ပိုင်း မြို့ကြီးများနှင့်
နယ်စပ်ဒေသတို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုသိသာစွာ ကျယ်ပြန့်လာကြောင်း စုံစမ်းသိရှိရသည်။

 

ရန်ကုန်မြို့ခံ လူငယ်တဦးက “အခု မူးယစ်ဆေးဝါးတွေ ဖြန့်နေတာ
ဗြောင်ကျကျပဲ။ Shopping Center တချို့က စားသောက်ဆိုင်တန်းတွေမှာ တနေ့လုံးထိုင်ပြီး
ရောင်းဝယ်နေတာတောင် ရှိလာတယ်။ ဥပမာ ယုဇနပလာဆာဆိုရင် စားသောက်ဆိုင်တန်း ရှိတယ်လေ။ ရာဘလို့ခေါ်တဲ့
စိတ်ကြွဆေးရယ်၊ ချောင်းဆိုးပျောက်ဆေးရည်လို ပျစ်ပျစ်လေးဖျော်ထားတဲ့ ဆေးရည် သူတို့အခေါ်
‘ငါး’ ရယ် ဂေါ်ပုလင်းထဲ ထည့်ရောင်းတာ။ အကုန်ရတယ်။ စိတ်ကြွဆေးဆိုရင် ဘာအရောင်လိုချင်လဲ
အကုန်ရတယ်” ဟု ပြောသည်။

 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများအပြား အခြေချသည့်
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သည် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာတွင်အဓိက
လမ်းကြောင်း တရပ်အဖြစ် ပြန်လည်အသုံးပြုလာကြကြောင်း သိရသည်။

 

မွန်ပြည်သစ်မှ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ အရာရှိတဦးက
“ထိုင်းနယ်စပ်ဂိတ်မှာ အရေအတွက် ထောင်ချီတဲ့ မြင်းဆေးတွေ ဒီလပိုင်းထဲမှ (၅) ခါတောင်
ဖမ်းမိထားတယ်။  ဒါထိုင်းအာဏာပိုင်တို့က သတိပေးတာ။
ဘုရားသုံးဆူမြို့ပေါ်မှာလည်း မူးယစ်ဆေးဝါးတွေ ရောင်းဝယ်တာ၊ သုံးစွဲတာ အခုသိသိသာသာ ပိုများလာတယ်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်တဝန်းမှာလည်း မနှစ်ကထက်စာရင် မူးယစ်ဆေးဝါး သုံးစွဲတာ ပိုမိုလာတယ်လို့
နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တုန်းက သက်ဆိုင်ရာထိုင်းနဲ့မြန်မာ အာဏာပိုင်တွေကို
ကျနော်တို့ အစီရင်ခံထားတယ်” ဟု ပြောကြားသည်။

 

မွန်ပြည်နယ်ဘက်သို့ အများဆုံး ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများသည်
ပဲခူးတိုင်းအထက်ပိုင်းနှင့် နယ်စပ်ဒေသများမှ သယ်ဆောင်လာခြင်းဖြစ်ပြီး လောင်းကစားဝိုင်း
များနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းများတွင်ပါ သုံးစွဲမှု ကျယ်ပြန့်လာကြောင်းနှင့်
ယခုအခါ လူငယ်များသာမက အိမ်ထောင်သည်ယောက်ျားများလည်း သုံးစွဲလာကြသည်ကို တွေ့ရှိရကြောင်း
မွန်ပြည်သစ်၏ အစီရင်ခံစာတွင် ရေးသားထားပြီး ထိုကဲ့သို့ဖြန့်ဖြူးရာတွင် အပစ်ရပ်တိုင်းရင်းသား
အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် အမည်ခံထားသူ လူငယ်အများစုက တာဝန်ယူကြခြင်းဖြစ်ကြောင်း ပါရှိသည်။

 

သို့သော် ရာဘဆေးပြားများ၏ ဈေးနှုန်းသည် မွန်ပြည်နယ်အတွင်းပိုင်းဒေသများတွင်
(၆,၀၀၀) ကျပ်ဝန်းကျင်အထိ ပေးဆောင်နေရ၍ သုံးစွဲသူအများစုမှာ ထိုဆေးပြားဖြင့် ဖော်စပ်ထားသည့်
ဆေးရည်များကို အများဆုံးအသုံးပြုကြကြောင်း မွန်ပြည်သစ်အရာရှိက ပြောသည်။

 

ထိုင်းအာဏာပိုင်တို့၏အဆိုအရ ထိုင်း-မြန်မာ မြောက်ပိုင်းနယ်စပ်တွင်
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်အစောပိုင်းက ဘိန်းဖြူ (၅၇) ကီလိုဂရမ်သာ
ဖမ်းဆီးရမိခဲ့ရာမှ ၂၀၀၈ ခုနှစ် အောက်တိုဘာမှ ယခုနှစ် သြဂုတ်အထိ ဘိန်းဖြူ (၁,၂၇၀) ကီလိုဂရမ်အထိ
ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုနှစ်အတွင်း ဖမ်းဆီးရရှိမှု ပမာဏမှာ အဆ (၂၀) ကျော် များပြားလာကြောင်း
သိရသည်။

 

“အခုဆိုရင် နယ်စပ်က မူးယစ်ဆေးဝါး ဝယ်တဲ့သူတချို့ဟာ
ပိုက်ဆံနဲ့ အရောင်းအဝယ် လုပ်နေရာကနေ ဘဏ်စနစ်ကတဆင့် ပြောင်းသုံးလာကြတယ်” ဟု ထိုင်းနိုင်ငံ
မြောက်ပိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့မှ ဒါရိုက်တာ နိုင်ဖွန်ထစ် အမ်ပရာပိုင်က
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ရှင်းပြခဲ့သည်။

 

တချိန်တည်းမှာပင် ထိုင်း-မြန်မာ နယ်စပ်များတွင် ရောင်းဝယ်နေသည့်
မူးယစ်ဆေးဝါး ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းလာကြောင်း သိရသည်။

 

Ice ခေါ် မူးယစ်ဆေးသည် ယခင်က (၁) ကီလို ဘတ် (၁) သန်းမှ
ယခုအခါ (၈) သိန်းဝန်းကျင်နှင့် ရာဘဆေးပြားများအနက် အကောင်းဆုံးအဆင့်ဖြစ်သည့် Tiger
ပါးခိုက်ဟုခေါ်သော (၅၀) ဘတ်တန် ဆေးတပြားကို ယခု ဘတ် (၄၀-၄၂) ခန့်သာ ဈေးရှိကြောင်း ရှမ်းမူးယစ်ဆေးဝါး
စောင့်ကြည့်ရေးအဖွဲ့တာဝန်ခံ ဦးခွန်ဆိုင်းက ပြောသည်။

 

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့အား နအဖစစ်အစိုးရက
ထိထိရောက်ရောက် မနှိမ်နင်းသည့် အကြောင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် လက်မခံသည့်
အပစ်ရပ်အဖွဲ့တို့အား လိုအပ်သည့်အချိန်တွင် မူးယစ်ဆေးဝါးအမှုဖြင့် အကြောင်းပြကာ စစ်ရေးအရ
ဖိအားပေးနိုင်ရန်ဖြစ်ကြောင်း လေ့လာအကဲခတ်သူများက ယူဆကြသည်။

 

“ဒေသတရပ်ရပ်မှာ စစ်ရေးလှုပ်ရှားမှု များလာလေလေ၊ ရှုပ်ထွေးလာလေလေ၊
ဒီမူးယစ်ဆေးဝါးက များလာလေလေပဲ။ ဒါက မြန်မာအစိုးရ ကျင့်သုံးနေတဲ့ သဘောတရား တရပ်ပဲဖြစ်တယ်။
ဒီစစ်ပွားမဖြစ်တဲ့ ဒေသတွေမှာဆိုရင် နအဖအာဏာပိုင်တွေရဲ့ သားသမီးတွေ၊ လက်အောက်ငယ်သားတွေ၊
ဆွေမျိုးတွေကပဲ အများစု ဖြန့်ဖြူးတယ်” ဟု ဦးခွန်ဆိုင်းက ပြောသည်။



မြန်မာပြည်တောင်ပိုင်းသို့
မူးယစ်ဆေးဝါး ပျံ့နှံ့မှု ပိုမိုများပြားလာ
 
      

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top