20
Apr

မြန်မာပြည်၏ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ကုလ ချီးကျူး



မြန်မာနိုင်ငံတွင်
လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာမှုဝါဒနှင့် ကူညီ စောင့်ရှောက်ရေး ကဏ္ဍများ၌ များစွာတိုးတက်လာကြောင်း
ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Mr. Bishow Parajuliက ပြောကြားလိုက်သည်။

မတ်ခ်ျလ
အတွင်းက မန္တလေးတိုင်း ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ပြုလုပ်ကျင်းပသော သတ္တမအကြိမ် မဲခေါင်ဒေသအတွင်း
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့
ခြင်းဖြစ်သည်။

Mr.
Bishow Parajuliက မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒ၊ တားဆီးကာကွယ်ရေး၊
ပြစ်ဒဏ်ချမှတ်ရေးနှင့် လူကုန်ကူးခံရသူများအား စောင့်ရှောက်ရေး ကဏ္ဍများ၌ များစွာတိုးတက်လာကြောင်း၊
မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင်း နိုင်ငံများအနက် ပထမဆုံး လူကုန်ကူးမှု တားဆီးကာကွယ်ရေး
ဥပဒေ ထုတ်ပြန်သည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်း
ဥပဒေသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတကာ အစိုးရများ၊ ကုလသမဂ္ဂအဖွဲ့နှင့် အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများက
ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လိုအပ်ကြောင်းလည်း  Mr. Bishow Parajuli က ဆိုသည်။  

အစည်းအဝေးသို့
မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ
ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော ကိုယ်စားလှယ်များ
စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်မှ
ကချင်အမျိုးသမီး မိုင်းဂျာက စစ်အစိုးရ အာဏာပိုင်များ အနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး
အစီအစဉ်များကို ယခုထက်ပိုမို လုပ်ဆောင်နိုင်ရန် လိုအပ်နေသေးကြောင်း ပြောသည်။ 

“စစ်အစိုးရက
လုပ်နိုင်တဲ့ အတိုင်းအတာလောက်တော့ မဆိုးဘူး၊ ရောင်းစားခံနေရတဲ့ အတိုင်းအတာနဲ့ ဒီမှာ
လုပ်နိုင်တဲ့ အတိုင်းအတာက အရမ်းကို နှေးနေသေးတယ်လို့ မြင်တယ်”ဟု ၎င်းက ပြောသည်။

မိုင်းဂျာသည်
ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှဖြစ်၍ တရုတ်-မြန်မာနယ်စပ်တွင်
လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသူ တဦးလည်း ဖြစ်သည်။

၂၀၀၉
ခုနှစ်တွင် တရုတ်နိုင်ငံက လူကုန်ကူးခံရသူ ၃၀၀ ခန့်ကို  မြန်မာနိုင်ငံသို့  တရားဝင် ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးခဲ့သူများတွင် ၁၈ နှစ်အောက် အရွယ်များလည်း ပါဝင်ကြောင်း တရုတ် မြန်မာနယ်စပ်
မှုဆယ်မြို့ လူမှောင်ခိုနှိမ်နင်းရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

မဲခေါင်
ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံအပါအ၀င်
ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင်
၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်း လက်မှတ် ရေးထိုးခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်
ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အမေရိကန် အစိုးရက
အကူအညီပေးခြင်း မပြုဘဲ မျက်ကွယ်ပြုလျက်ရှိသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန၊ လူကုန်ကူးမှု
တားဆီးရေးဌာန အကြီးအကဲ ရဲမှူးကြီးစစ်အေးက တရားဝင်ဝေဖန် ပြောဆိုခဲ့သည်။

အဆိုပါ
ရဲမှူးကြီး စစ်အေးက ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် လူကုန်ကူးမှု တားဆီးရေး
MTV EXIT ရုပ်/သံ ဇာတ်လမ်း မိတ်ဆက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက်လာသော ကုလသမဂ္ဂ
အရာရှိများ၊ ပြည်တွင်း ပြည်ပ နိုင်ငံတကာအဖွဲ့ အစည်းများ၏ အကြီးအကဲများနှင့် ၀န်ထမ်းများ၊
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ရှိ ပုဂ္ဂိုလ်များရှေ့မှောက်၌  ဝေဖန်ပြောဆို ခဲ့ခြင်းဖြစ်သည်။

HREIB -

မြန်မာပြည်၏
လူကုန်ကူးမှု တိုက်ဖျက်ရေးကို ကုလ ချီးကျူး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top