13
Apr

မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်မှုနှုန်း တစ်နေ့လျှင်၂၃ ဦးရှိ

မြန်မာနိုင်ငံတွင် ကျန်းမာရေး အသိပညာအားနည်းမှုကြောင့် HIV ပိုး ကူးစက်မှုနှုန်း တစ်နေ့လျှင် အနည်းဆုံး ၂၃ ဦးခန့် ကူးစက်ခံနေရကြောင်းကို Myanmar Positive Group (MPG) ၏ စစ်တမ်းများတွင် ထုတ်ပြန်ထား ကြောင်းကို ဧပြီ ၈ ရက်တွင် အမျိုးသမီးများ ကွန်ရက်မှ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံတွင်း ကျန်းမာရေး အသိအမြင် တစ်ပြေးညီဖြစ်လျှင် HIV/AIDS ရောဂါ လျော့ကျသွားနိုင်ကြောင်း၊ လူတိုင်းသည် မိမိတို့ ကျန်းမာရေးအရ သွေးစစ်ရန် အထူးလိုအပ်ကြောင်း၊ HIV ပိုး ရှိသူများသည် ကျန်းမာရေး အသိပြည့်ဝရန် လိုအပ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ခုခံကာကွယ်မှု ပြုလုပ်မှသာ HIV ပိုး ကူးစက်မှုနှုန်း လျော့ကျမည် ဖြစ်ကြောင်းတို့ကို “Sex Worker မှ ကူးတာ မဟုတ်ဘူး။ သာမန် အမျိုးသမီး ဘ၀နဲ့ ရပ်တည်နေရင်း ကူးစက်ခံရသူ အများကြီး ရှိတယ်။ တချို့ဆို အဖေ၊ အမေမှာရှိတဲ့ အတွက် မွေးလာတဲ့ ကလေးတွေမှာ ဒီရောဂါပိုး ပါလာရော။ အဲဒီလိုဆိုရင် လောကထဲကို HIV ပိုးရှိသူ အလိုလို ရောက်လာတာပဲလေ။ ဒီလိုဖြစ်တာ ကျန်းမာရေး အသိပညာ အားနည်းလို့ပါပဲ” ဟု ဒေါ်စုစုလှိုင်က ပြောကြားခဲ့သည်။

HIV ပိုးရှိသူသည် ပိုးရှိကြောင်း သိရှိပါက ရောဂါပိုး ထပ်မံဖြစ်ပွားမှု မရှိစေရန် သတိထားသင့်ကြောင်း၊ ရောဂါပိုး မရှိသူသည်လည်း သွေးစစ်ကာ စစ်ဆေးမှု ခံယူ သင့်ကြောင်း၊ ကျန်းမာရေး အသိပညာ အားနည်း၍ ခွဲခြား ဆက်ဆံ ခံရသူများ ရှိဆဲဖြစ်နေကြောင်း၊ HIV/AIDS ရောဂါသည် စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်ကြောင်း၊ HIV ပိုး ရှိရုံဖြင့် AIDS ရောဂါ မဖြစ်နိုင်ကြောင်း၊ ART ဆေး ပုံမှန်သောက်သုံး သူများသည် AIDS ရောဂါ အခြေအနေထိ မရောက်နိုင်ကြောင်း၊ HIV ပိုးရှိသော်လည်း AIDS ဖြင့် မသေဆုံးရေး၊ HIV ပိုးရှိသော် လည်းနောက် ထပ်ပိုးမပြန့်ပွားရေး စသည့် အဆိုပါ ရောဂါများကို ဇီးရိုး (၀) အဆင့် ကျအောင်ချရန် ကမ္ဘာက သတ်မှတ် ထားကြောင်းတို့ကို ၎င်းက ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်း HIV ပိုး ကူးစက်မှုနှုန်းသည် ၂၀၁၃ ခုနှစ် ကောက်ယူရရှိသော စစ်တမ်းများအရ တစ်နေ့လျှင် လူဦးရေ ၂၃ ဦးခန့် ကူးစက်ခံနေရကြောင်းကို MPG အဖွဲ့မှ လေ့လာ တွေ့ရှိခဲ့သည်။

ရန်ကုန်၊ ဧပြီ ၈

မြန်မာသံတော်ဆင့် - မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်မှုနှုန်း တစ်နေ့လျှင်၂၃ ဦးရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top