24
Jul

မြန်မာနိုင်ငံတွင် တီဘီ ဆေးဝါးများ ထောက်ပံ့ရာတွင် 3D Fund မှ ဒေါ်လာ သုံးသန်း သုံးစွဲမည်



မြန်မာနိုင်ငံ၌ တီဘီ ရောဂါဆေးများ ထောက်ပံ့ရာတွင်
3D Fundမှ အမေရိကန် ဒေါ်လာ သုံးသန်း သုံးစွဲသွားမည်ဖြစ်ကြောင်း သတင်း ရှိသည်။ ယင်း
ရန်ပုံငွေ သုံးသန်းကို ရောဂါသုံးမျိုး ရန်ပုံငွေ အဖွဲ့၏ တတိယအကြိမ် ရန်ပုံငွေ
ထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၁၄သန်းမှ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် တီဘီရောဂါ တိုက်ဖျက်ရေး၌ အစိုးရ
ဆေးရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးများကို Global Drug Facility၏
ပံ့ပိုးမှုမှာ ၂၀၀၉ ခုနှစ် ကုန်ပိုင်းတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက်အရ
မြန်မာနိုင်ငံတွင် တစ်နှစ်လျင် လူဦးရေ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းကို တီဘီရောဂါ ကူးစက်
ပြန့်ပွားလျက်ရှိရာ နှစ်စဉ် တီဘီ ရောဂါ ဖြစ်ပွားသူ တစ်သိန်းခန့် ရှိမည်ဟု
ခန့်မှန်းထားကြောင်း သိရသည်။ ယင်း အနက် တစ်ဝက်ခန့်သည် ကူးစက် နိုင်စွမ်းရှိသော
သလိပ်ပိုးတွေ့ လူနာများ ဖြစ်သောကြောင့် တီဘီရောဂါ ဆက်လက်
ကူးစက်ပြန့်ပွားလျက်ရှိကြောင်း သိရသည်။

 

ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားမှု အများဆုံး
နိုင်ငံများအနက် မြန်မာနိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံတွင် ၁၉၉၅ခုနှစ်၌
ပြုလုပ်ခဲ့သော သုတေသန စစ်တမ်းအရ ဆေးမျိုးစုံ ယဉ်ပါးသည့် တီဘီရောဂါ ဖြစ်ပွားသည့်
နှုန်းမှာ သလိပ်ပိုးတွေ့ လူနာသစ်များ၌ ၁ဒသမ၂၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၂-၂၀၀၃
ခုနှစ်တွင် တီဘီဆေး ယဉ်ပါးမှု လေ့လာခြင်း၏ စစ်တမ်းအရ သလိပ်ပိုးတွေ့ လူနာသစ်များတွင်
၎ရာခိုင်နှုန်းနှင့် လူနာဟောင်းများတွင် ၁၅ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း
တွေ့ရှိခဲ့သည်ဟု ကျန်းမာရေး ၀န်ကြီးဌာန၏ တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

ရောဂါသုံးမျိုး ရန်ပုံငွေ အလှူရှင်
ခြောက်နိုင်ငံဖြစ်သော သြစတြေးလျ၊ ဥရောပ ကော်မရှင်၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်နှင့်
ဗြိတိန် နိုင်ငံများမှ မြန်မာနိုင်ငံတွင် လိုအပ်နေသော တီဘီ၊ ငှက်ဖျားနှင့် ခုခံအား
ကျဆင်းမှု ကူးစက်ရောဂါများ တိုက်ဖျက်ရာတွင် အသုံးပြုနိုင်ရန် အမေရိကန်ဒေါ်လာ သန်း
တစ်ရာကို စုပေါင်း ထောက်ပံ့ ကြသည့် ရန်ပုံငွေ တစ်ရပ်ဖြစ်သည်။

 

Weekly Eleven ( July- 22- 2009 )

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top