နယ်စည်းမခြား
ဆရာဝန်များအဖွဲ့မှ ထုတ်ပြန်ချက်အရ ထိရောက်သည့် ကုသမှု မရလျှင် မြန်မာနိုင်ငံ၌
အေအိုင်ဒီအက်စ်ရောဂါဖြင့် သေဆုံးမည့်သူ ဦးရေမှာ ယခုနှစ်အတွင်း ၂၅,၀၀၀ အထိ
ရှိလာနိုင်ကြောင်း သိရသည်။
အေအိုင်ဒီအက်စ်ဝေဒနာသည်များကို
မြန်မာအစိုးရအနေဖြင့် ထိရောက်သည့် ကုသမှု မပေးသည့်အတွက် မြန်မာပြည်သူများအတွက်
စိုးရိမ်စရာ ဖြစ်နေသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်
လူဦးရေ ၂၄၀,၀၀၀ မှာ အေအိုင်ဒီအက်စ်ဝေဒနာကို ခံစားနေရပြီး ထိုသူများအနက်
၇၆,၀၀၀ မှာ Antiretroviral (ART) ဆေးဝါး မရလျှင် သေမင်းနှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု
အင်္ဂါနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
နယ်စည်းမခြား
ဆရာဝန်များအဖွဲ့၏ အဆိုအရ အေအိုင်ဒီအက်စ်ဝေဒနာသည် ၂၀ ရာခိုင်နှုန်းမျှသာ ART ဆေးဝါးကို ရရှိကြောင်း သိရသည်။ လတ်တလောတွင် ထိုဆေးဝါးကို
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ တစ်ခုတည်းကသာ ထောက်ပံ့လျက်ရှိပြီး ဝေဒနာသည် ၁၁,၀၀၀ ကျော်ခန့်အား ထောက်ပံ့နေသည်ဟု သိရသည်။
ထိုအဖွဲ့၏ Operations
Manager ဖြစ်သူ Joe
Belliveu က “ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်း (NGO) တစ်ခုထဲက
အခုလောက် ဝေဒနာသည် အများအပြားကို ကုသမှုပေးနေရတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါ” ဟု
ထိုထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဆရာဝန်တစ်ဦးကမူ
“တခါတခါ ညသန်းခေါင်ကြီး လူနာတွေကို အိပ်မက် မက်ပြီး နိုး
နိုးလာတယ်။ ဆေးကုသမှု ခံဖို့ လာကြတဲ့ HIV positive ဖြစ်နေသူတွေက အမျိုးသမီးတွေပါ။ သူတို့မှာ ကလေး ၃ ယောက်လောက် ရှိပြီး ယောက်ျားကတော့ အေအိုင်ဒီအက်စ်နဲ့
ဆုံးပါးနှင့်ပြီ။ သူတို့တွေ အားလုံးအတွက် လုံလောက်တဲ့
ဆေးဝါးနဲ့ ကုသမှုတွေ ထပ်မပေးနိုင်တော့ဘူး” ဟု
ပြောဆိုခဲ့သည်။
မြန်မာအစိုးရနှင့်
နိုင်ငံတကာမှ အကူအညီ အနည်းငယ်ကိုသာ ရသည်ဟု Belliveu က ပြောဆိုသည်။
၂၀၀၈ ခုနှစ်တွင်
အေအိုင်ဒီအက်စ် ဝေဒနာသည်များအတွက် မြန်မာအစိုးရက ဘတ်ဂျတ်ငွေ ဒေါ်လာ ၂၀၀,၀၀၀ သာ ချမှတ်
ပေးခဲ့ပြီး ၎င်းမှာ တစ်ကမ္ဘာလုံးတွင် အနည်းဆုံးသော ပမာဏ ဖြစ်ကြောင်း နယ်စည်းမခြား ဆရာဝန်များ
အဖွဲ့က ဆိုသည်။
NGO နှင့်
အစိုးရတို့ထံမှ ဆေးဝါးမရသည့် ဝေဒနာသည်များအတွက် တစ်လလျှင် ဆေးဝါးဖိုး ၂၉ ဒေါ်လာခန့် ကျသင့်နေကြောင်း သိရသည်။ မြန်မာပြည်သူ တစ်ဦး၏
တစ်နေ့တာ နေထိုင်သုံးစွဲမှု စရိတ်မှာ ၁.၂ ဒေါ်လာသာ ရှိသည့်အတွက် ထိုဆေးဝါးများကို ၀ယ်ယူရန်မှာ
အများစုအတွက် မဖြစ်နိုင်ပေ။
ထိုပြဿနာကို
ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာမှ အကူအညီများ ပေးကြရန် နယ်စည်းမခြား ဆရာဝန်များ
အဖွဲ့က တောင်းဆိုထားသည်။ လတ်တလောတွင် နိုင်ငံတကာအကူအညီများကို မြန်မာနိုင်ငံ
အနေဖြင့် လူတစ်ဦးလျှင် ၃ ဒေါ်လာသာ
ရသည့်အတွက် တစ်ကမ္ဘာလုံးတွင် အနိမ့်ဆုံးနှုန်းထား ဖြစ်နေသည်ဟု သိရသည်။ ဖြစ်နိုင်သည့်
အကြောင်းရင်းတစ်ခုမှာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဝေဖန်ခြင်းခံနေရသည့်
စစ်အစိုးရ အုပ်ချုပ်နေသည့်အတွက် နိုင်ငံတကာမှ အလှူရှင် အဖွဲ့အစည်းများအနေဖြင့်
မြန်မာနိုင်ငံသို့ အကူအညီများ ပေးရန် တွန့်ဆုတ်နေကြခြင်း ဖြစ်မည်ဟု ယူဆရသည်။
နယ်စည်းမခြား
ဆရာဝန်များအဖွဲ့သည် မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်မှ စ၍ ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၀၃ ခုနှစ်မှ စကာ
အေအိုင်ဒီအက်စ်ဝေဒနာသည်များအား ဆေးဝါးကုသမှု ပေးခဲ့သည့် အဖွဲ့အစည်း တစ်ခုလည်း
ဖြစ်သည်။
သတင်း
မြန်မာနိုင်ငံတွင်
ယခုနှစ်အတွင်း အေအိုင်ဒီအက်စ်ကြောင့် လူ ၂၅,၀၀၀ အထိ
သေဖွယ်ရှိ




