မြန်မာနိုင်ငံတွင်
HIV ဖြစ်ပွားနှုန်း ကျဆင်း လာသော်လည်း ကြို တင်ကာကွယ်ရေးအတွက် အသိ ပညာပေး ဆောင်ရွက်ရာတွင်
အခက်အခဲများ ရှိနေသေးကြောင်း သိရသည်။ ကျန်းမာရေး ဦးစီးဌာနနှင့် လက်တွဲ၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊
နိုင်ငံတကာနှင့် ပြည်တွင်း NGO အဖွဲ့များမှ နိုင်ငံအတွင်း HIV/AIDS ရောဂါ တိုက်ဖျက်ရေး
အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေရာ ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်အရ
မြန်မာနိုင်ငံတွင် HIV ကူးစက် ပြန့်ပွားနှုန်း ကျဆင်းလာပြီး ၂ဝဝ၉ ခုနှစ်တွင် ဝ ဒသမ ၆
ရာခိုင်နှုန်း၊ လူ ၁ဝဝဝ လျှင် ၆ ဦး နှုန်းသာ ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ နိုင်ငံတွင်း
တိုးတက်မှုများ ရှိလာသော်လည်း ကြိုတင်ကာကွယ်ရေး အတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း
မရှိပါက ရေရှည်ရလဒ် ကောင်းမွန်ရန် စိတ်ချရမှု မရှိကြောင်း UNFPA မှ ဒေါက်တာနေဝင်းက သုံးသပ်သည်။
”ကျွန်တော်တို့
အဓိက ကာကွယ်မှု ဆောင်ရွက်တဲ့ အပိုင်းတွေအရ လိင်ဆက်ဆံမှုကနေ ကူးစက်တာ၊ မူးယစ်ဆေးသုံးသူ
အချင်းချင်း ကူးစက်တာ၊ ပိုးရှိတဲ့၊ မသန့်ရှင်းတဲ့ သွေးကနေ ကူးစက်တာ၊ ပြီးတော့ ရောဂါဖြစ်ပြီး
သူတွေကို ပြုစုကုသတဲ့ အပိုင်းရယ်ပေါ့။ အဓိက ကူးစက်နိုင်တဲ့ လိင်ဆက်ဆံမှု အတွက် အန္တရာယ်ကင်းတဲ့
ဆက်ဆံမှုဖြစ်ဖို့ ပညာပေးတာရယ်၊ ကွန်ဒုံးဖြန့်ဝေမှုရယ်ကို ဆောင်ရွက် ပါတယ်။ ဒီအပိုင်းမှာ
Sex Worker တွေရယ်၊ အမျိုးသားချင်း လိင်တူ ဆက်ဆံသူ တွေနဲ့ သူတို့နဲ့ ပတ်သက် ဆက်နွှယ်သူတွေကို
ပစ်မှတ်ထား ဆောင်ရွက်ရပါတယ်။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ဖြစ်ဖို့ ကွန်ဒုံးလို အကာအကွယ်
ပစ္စည်းတွေ သုံးရပါမယ်။ အဲဒီမှာ အခက်အခဲ ကတော့ ဘယ်သူဟာ Sex Worker လဲ၊ ဘယ်သူဟာ ဆက်ဆံသူလဲ။
အတိအကျ မသိနိုင်တဲ့အတွက် သူတို့လက်ထဲကို အကာ အကွယ်ပစ္စည်းတွေ ရောက်ဖို့၊ သူတို့ ကိုယ်တိုင်
အသိဉာဏ်နဲ့ သုံးစွဲဖို့မှာ အခုထိတော့ ပညာပေးကဏ္ဍ အဓိက လုပ်နေရပါသေးတယ်” ဟု ၎င်းက ပြောသည်။
လိင်အပျော်အပါး
လိုက်စားမှုများမှာ ပျောက်ကွယ်သွားမည် မဟုတ်သည့်အတွက် အန္တရာယ် ကင်းသည့် လိင်ဆက်ဆံမှု
ဖြစ်စေရန်၊ အကာအကွယ် ပစ္စည်းများကို မဖြစ်မနေ သုံးစွဲ သင့်ကြောင်း သိရသည်။
”ကျွန်တော်တို့
လေ့လာ တွေ့ရှိရတာကတော့ တချို့တွေမှာ အသိရှိပေမယ့် ကွန်ဒုံးကို မသုံးချင် ကြဘူး။ သူတို့ရဲ့
စိတ်ခံစားမှုအရ ပေါ့လေ။ အိမ်ထောင်ဖက်ချင်းက ပြဿနာ မရှိဘူး။ စိတ်မချရတဲ့ ဆက်ဆံဖက်နဲ့ဆို
မဖြစ်မနေ သုံးဖို့ လိုလာပြီ။ ဒါဟာ မကင်းနိုင်တဲ့ သူတွေအတွက် အကောင်းဆုံး ကာကွယ်မှုပါ။
တစ်ခုပဲ၊ ကျွန်တော်တို့က အဲဒီလူတွေ ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျ မသိနိုင်တဲ့ အတွက် အားလုံးခြုံပြီးပဲ
ပညာပေးမှု လုပ်နိုင်မယ်။ Sex Worker တွေ အနေနဲ့ကတော့ သူတို့ သုံးသုံး၊ မသုံးသုံး၊ ကိုယ်ကိုယ်တိုင်က
သတိရှိရှိနဲ့ သုံးမယ်ဆိုရင် ကူးစက်ပြန့်ပွားမှုတွေကို ထိန်းချုပ်နိုင်မှာပါ” ဟု ဒေါက်တာနေဝင်းက
ဆိုသည်။
အောင်ခွန်းဆက်
Aug 21st, 2010
Popular Myanmar - မြန်မာနိုင်ငံတွင်
အေ့စ် ကူးစက်နှုန်း လူ ၁ဝဝဝ လျှင် ၆ ဦးရှိ




