30
Jun

မြန်မာနိုင်ငံတွင် ART ဆေးအား နိုင်ငံတကာပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းဖြင့် သုံးစွဲခွင့်ရ



မြန်မာနိုင်ငံမှ AIDS ဝေဒနာရှင်များသည် ၎င်းတို့၏ သက်တမ်းဆွဲဆန့်နိုင်ရန် ART (Antiretroviral) ဆေးသုံးစွဲရာ၌ နိုင်ငံတကာတွင် ၀ယ်ယူရသော ဈေးနှုန်း၏ ၁၀ ရာခိုင်နှုန်းဖြင့်
သုံးစွဲခွင့်ရကြောင်း ဆေးဝါးတင်သွင်း၍ လက်ကားဖြန့်ဖြူး ရောင်းချသော
လုပ်ငန်းရှင်တစ်ဦးမှ
True News သို့
ပြောကြားခဲ့သည်။

 

ကမ္ဘာ့နိုင်ငံအများစုမှ AIDS ဝေဒနာရှင်များသည် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နှင့်
ဂျာမနီအစရှိသော နိုင်ငံများမှ ထုတ်လုပ်သည့်
ART ဆေးဝါးများကိုသာ သုံးစွဲကြပြီး အဆိုပါဆေးများမှာ
ဈေးနှုန်းအဆမတန် မြင့်မားကြောင်း မြန်မာနိုင်ငံမှ ရောဂါရှင်များမှာမူ
အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော
ART ဆေးဝါးများကို သုံးစွဲခွင့်ရရှိသဖြင့် အဆိုပါနိုင်ငံများမှ
ထုတ်လုပ်သော ဆေးများ၏ ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် လွန်စွာသက်သာသော
ဈေးနှုန်းဖြင့် သုံးစွဲနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆိုသည်။

 

အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများမှာ အဆိုပါနိုင်ငံများမှ
ထုတ်လုပ်သော ဆေးဝါးများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကွာခြားသကဲ့သို့
အရည်အသွေးလည်း ကွာခြားကြောင်း ဝေဒနာရှင်များအား
ART ဆေးဖြန့်ဖြူးပေးနေသည့် NGO တစ်ခုမှ တာဝန်ရှိသူတစ်ဦးက True News သို့ ပြောကြားခဲ့သည်။

 

အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများအား မြန်မာနိုင်ငံသာမက
အိန္ဒိယနှင့် အာဖရိကနိုင်ငံများကပါ သုံးစွဲကြကြောင်း အဆိုပါလုပ်ငန်းရှင်က ပြောသည်။

 

မြန်မာနိုင်ငံတွင် ART ဆေးဝါးအား အစောပိုင်းကာလများက ၁ မျိုးတည်း
သုံးစွဲခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဆေးယဉ်ခြင်း၊ ဆေးမတိုးခြင်းတို့ကြောင့် ၂ မျိုးတွဲ၊
၃ မျိုးတွဲတို့အား အသုံးများလာပြီး ၃ မျိုးတွဲတွင် ဈေးနှုန်းအသက်သာဆုံးမှာ
Triomune
30
ဖြစ်ပြီး တစ်လလျှင် ၃၄၀၀၀ ကျပ်
ကျသင့်မည်ဖြစ်သည်။

 

ဆေးဝါးဈေးနှုန်း လျှော့ချရမှုကြောင့် သုံးစွဲလာနိုင်ခြင်း၊ ART ဆေးဝါးကုသမှုစနစ်အပေါ် နိုင်ငံတိုင်းမှ ပိုမိုလက်ခံ
ကျင့်သုံးလာခြင်းနှင့်
HIV ဝေဒနာရှင်များမှ
ART ကုသမှုအား
ပိုမိုတောင်းဆိုလာခြင်း စသည့်အချက်များကြောင့်
ART ကုသမှုခံယူသည့် ဝေဒနာရှင်အရေအတွက် ပိုမိုများပြားလာကြောင်း ၂၀၀၈
ခုနှစ် ဇွန်လအတွင်း ကုလသမဂ္ဂ အေဂျင်စီများ ပူးတွဲထုတ်ဝေသည့် အစီရင်ခံစာတွင်
ဖော်ပြထားသည်။ ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံကဲ့သို့သော ၀င်ငွေနည်း
တိုင်းပြည်များနှင့် ၀င်ငွေ အလယ်အလတ်ရှိ တိုင်းပြည်များတွင်
HIV ပြန့်ပွားမှုအား ထိန်းချုပ်သည့် ART ဆေးသုံးစွဲနိုင်သူ ဝေဒနာရှင် တစ်သန်းနီးပါး
ထပ်မံတိုးပွားလာပြီး ၂၀၀၈ ခုနှစ်အတွင်း
ART ဆေးဝါးသုံးစွဲနိုင်သူ စုစုပေါင်း လူဦးရေ သုံးသန်းခန့်
ရှိလာပြီဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကမ္ဘာတွင် ART ဆေးသုံးစွဲရန် လိုအပ်နေသည့် ဝေဒနာရှင် ၉.၇ သန်း
ရှိသည့်အနက် ၃၁ ရာခိုင်နှုန်းသူာ ကုသမှုခံယူနိုင်ခဲ့ပြီး ၆.၇ သန်းမှာ အသက်ကယ်ဆေးဝါးများ
ရရှိရန် လိုအပ်နေသေးသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။



မြန်မာနိုင်ငံတွင် ART ဆေးအား နိုင်ငံတကာပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းဖြင့်
သုံးစွဲခွင့်ရ 
 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top