မြန်မာနိုင်ငံတွင် ART ဆေး သောက်သုံးရန် မဖြစ်မနေ လိုအပ်သည့် လူဦးရေ ခုနှစ်သောင်းနီးပါး ရှိသည့်အနက် နှစ်သောင်းကျော်သာ ဆေးသောက်သုံးခွင့် ရနေကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့မှ ဒေါ်ယိမ်းမျှော်က ပြောသည်။
မြန်မာနိုင်ငံရှိ အိတ်အိုင်ဗွီ ကာကွယ်တားဆီးရေး လုပ်ငန်းများသို့ အဓိက ပံ့ပိုးကူညီ ထောက်ပံ့ပေးနေသော INGO တစ်ခု ဖြစ်သည့် Global Fund မှ လှူဒါန်းမှုများ ရပ်ဆိုင်းသွားသည့် အတွက် ဆေးဝါး လိုအပ်နေသည့် လူနာများ ပိုမိုများပြားလာကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းက စီဒီဖိုး အကောင့် သုံးရာငါးဆယ် ရှိသူတိုင်းကို အေအာတီဆေး တိုက်ကျွေးရမည် ဆိုသော်လည်း ဆေးဝါးအခက်အခဲ ရှိမှုကြောင့် စီဒီဖိုးအကောင့် တစ်ရာငါးဆယ် ရှိသူများကိုသာ ယင်းဆေးများ အခမဲ့ ဖြန့်ဝေပေးရကြောင်း ၎င်းက ပြောသည်။
“နေရာ အတည်ကျ မရှိတဲ့အတွက် ဆေးအခက်အခဲကတော့ ရှိကြတယ်။ Sex Worker တွေအတွက် သက်သက်ပေးနေတဲ့ ပြည်တွင်းက အဖွဲ့တွေကနေ ဆေးရကြပါတယ်” ဟု SWIM (Sex Workers In Myanmar) မှ မသူဇာဝင်းက The Voice Weekly သို့ ပြောသည်။ အိတ်အိုင်ဗွီ ဗိုင်းရပ် ပြန့်ပွားမှုကို ထိန်းချုပ်ပေးသည့် အေအာတီဆေးဖြင့် ကုသမှု လုပ်ငန်းများကို ၂၀၀၅ ခုနှစ်က စတင်ပြီး ကျန်းမာရေး ဝန်ကြီးဌာန လက်အောက် ရှိ ဆေးရုံ ၃၀ နှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့က ပူးပေါင်း စတင်ခဲ့ရာ ၂၀၀၈ ခုနှစ်တွင် ၁၅၁၉၁ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၂၁၁၃၈ ဦး ကုသပေးနိုင် ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။
ရိုးရာလေး - မြန်မာနိုင်ငံတွင် ART ဆေးပြတ်နေသူ ငါးသောင်း နီးပါးရှိ




