22
Apr

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီဥပဒေ ထွက်လာဖို့ ဆောင်ရွက်နေ

မြန်မာနိုင်ငံမှာ ကိုယ်ခံအားကျဆင်းမှုရောဂါ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ဥပဒေတခု ပထမဆုံး ပြဌာန်းနိုင်ဖို့ လွှတ်တော်အမတ်တွေနဲ့ လူထု အခြေပြုအဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။

လွှတ်တော်အမတ်တွေနဲ့ လူထုအခြေပြုကွန်ရက်တွေရဲ့ အိတ်ခ်ျအိုင်ဗီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပူးပေါင်းကော်မတီက အိတ်ခ်ျအိုင်ဗီ ဥပဒေကြမ်း တရပ် ရေးဆွဲနိုင်ဖို့ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ Myanmar Positive Women Network က ဒေါ်ချောစုက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ကျမတို့က အိတ်ခ်ျအိုင်ဗီနဲ့ ပတ်သက်လို့ အိတ်ခ်ျအိုင်ဗီ ပေါ့စတစ်တွေကိုလည်း တကယ်အကျိုးပြုပြီးတော့ ခွဲခြားဆက်ဆံမှုတွေ လျော့ကျပြီးတော့ ကုသမှု၊ ကာကွယ်မှုတွေကို အကုန်လုံး အဆင်ပြေမယ့် ဥပဒေ တခု ထွက်ဖို့တော့ မျှော်မှန်းတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ အဲဒီ ဥပဒေ တခုလုံးကို မလှမ်းသေးခင်မှာ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေထဲမှာ ဘယ်ဥပဒေက အိတ်ခ်ျအိုင်ဗီ ရှိတဲ့ လူတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေလား၊ ပြီးတော့ ကာကွယ်ရေးတွေမှာ ဘာတွေ အခက်အခဲဖြစ်နေလည်း အဲဒါတွေကို ကျမတို့ ကြည့်သွားမယ်လို့ အရင်ဆုံး စဉ်းစားထားတယ်ပေါ့။”

ဒီ ဥပဒေရေးဆွဲရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းနဲ့ ဒေါ်စန္ဒာမင်းတို့လည်း ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒေါ်စန္ဒာမင်းကတော့ ဥပဒေကြမ်းမှာ ဘာတွေ ထည့်သွင်းမယ်ဆိုတာကို မစဉ်းစားရသေးပဲ ခုမှာ စတင်ပြင်ဆင်နေတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။

“ကျမတို့ လွှတ်တော် နားတဲ့ကာလမှာ အိတ်ခ်ျအိုင်ဗီ ဥပဒေကို ဆွဲမယ်လို့ လုပ်နေတာ။ မဆွဲရသေးပါဘူး။ ကျမတို့ အခုမှစပြီး ပြင်ကာစပဲ ရှိပါသေးတယ်။ မဆွဲရသေး ပါဘူး။ ကျမတို့ လွှတ်တော် နားမယ့်အချိန်မှာ တွေ့မယ်လို့ စီစဉ်ထားတာပဲ ရှိပါသေးတယ်။ ကျမတို့ ဘယ်အတိုင်းအတာအထိ ဘာတွေ ထည့်မယ်ဆိုတာက အဓိက ဘယ်ဟာကို ဦးတည်ပြီး၊ ခွဲခြားဆက်ဆံခြင်းကို ဦးတည်ပြီး လုပ်မှာလား၊ ဘယ်ဟာကို လုပ်မှာလဲဆိုတာ ကျမတို့ မဆုံးဖြတ်ရသေးဘူး။”

ဒီဥပဒေကြမ်းမှာ အိတ်ခ်ျအိုင်ဗီဝေဒနာရှင်တွေ ခွဲခြားဆက်ဆံခံရတာနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းရေးဆွဲနိုင်ဖို့ လေ့လာသွားမယ်လို့လည်း ပြောပါတယ်။

အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူ တယောက်ကတော့ ဥပဒေမှာ ပါစေချင်တဲ့ အချက်နဲ့ သူကြုံတွေ့ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“လုပ်ငန်းခွင်များလည်း သူတို့ကတော့ ထုတ်ပစ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ခဏ နားလိုက်ပါအုံးဆိုပြီး ပြန်ပြီးတော့ အလုပ် မခန့်တော့တာမျိုးပေါ့လေ။ လူက ကျန်းမာလာတယ်၊ ဆေးသောက်လိုက်လို့ နေကောင်း လာပေမယ့် ပြန်မခန့်တာတွေပေါ့လေ။ ရောဂါရှိပေမယ့် လုပ်နိုင်နေသေးတယ် ဆိုရင်ပေါ့နော် လုပ်ငန်းတွေ ခန့်ထားပေးဖို့ပေါ့နော်။ အကြောင်းအမျိုးမျိုးနဲ့ ဆေးပင်စင်တို့ဘာတို့ ဒါမျိုးပေးတာတွေပေါ့။”

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့တို့က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၂ သိန်း ၄ သောင်းကျော် ရှိနေတာ ဖြစ်ပါတယ်။

လတ်တလော ဝေဒနာရှင်တွေအတွက် ပုံမှန်ဆေးသောက်ဖို့ အကူအညီလိုအပ်တဲ့အပြင် အလုပ်အကိုင်တွေ ရရှိဖို့လည်း အရေးတကြီး လိုအပ်နေတယ်လို့ အိတ်ခ်ျအိုင်ဗီအရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

မြန်မာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်စတဲ့ နိုင်ငံတွေမှာ အိတ်ခ်ျအိုင်ဗီ ဥပဒေကို ပြဋ္ဌာန်းထားတယ်လို့လည်း သိရပါတယ်။

DVB - မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီဥပဒေ ထွက်လာဖို့ ဆောင်ရွက်နေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top