မြန်မာစစ်အစိုးရဘက်က ဖိတ်ခေါ်ချက်အရ Global Fund အဖွဲ့ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ မတ်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဟာ အဖွဲ့ရဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လိုအပ်ချက်တွေကို ရှင်းလင်းပြောပြခဲ့တာ ဖြစ်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Global
Fund အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် John
Liden က RFAကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ AIDS တီဘီအဆုပ်နာနဲ့ ငှက်ဖျားရောဂါ သုံးခုကို ကာကွယ်တိုက်ဖျက်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဆီက ထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေပေမယ့် စစ်အစိုးရဘက်က အခုချိန်အထိ အကူအညီ မတောင်းခံသေးဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။မြန်မာနိုင်ငံက အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်နှင့် နေထိုင်သူတွေအတွက် ဂလိုဘယ်ဖန်း အဖွဲ့ကြီးကနေပြီးတော့ ART
ဆေးပြားတွေ သွင်းခွင့်ရဖို့ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်ရဖို့
စောင့်ဆိုင်းနေတယ်ဆိုတာ ဟုတ်ပါသလားရှင့်။
ဖြေ။ ။မြန်မာအစိုးရရဲ့ ခွင့်ပြုချက်ရဖို့
ကျတော်တို့ ဘာတစ်ခုမှ တင်မထားပါဘူး မြန်မာအစိုးရကသာ လူမှုရေးလုပ်ငန်းတွေအတွက်
ငွေလိုအပ်ရင် ဂလိုဘယ်ဖန်း အဖွဲ့ကို လျောက်ထားနိုင်တာပါ။ ဒါပေမဲ့ ခုအချိန်အထိတော့
မြန်မာအစိုးရဘက်က ကျတော်တို့အဖွဲ့ကို ဆက်သွယ် တာမျိုး မရှိသေးပါဘူး။ နိုင်ငံတကာ
အစိုးရအဖွဲ့တွေရဲ့ ခွင့်ပြုချက်ရဖို့ ဂလိုဘယ်ဖန်းအဖွဲ့ အနေနဲ့ တောင်းခံတာမျိုး
မလုပ်ပါဘူး။ အကူအညီ လိုအပ်နေတဲ့ နိုင်ငံတွေကဘဲ ကျတော်တို့ အဖွဲ့ကို
ဆက်သွယ်တောင်းခံတာပါ။ ကျတောတို့ကလဲ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို အကူ၊ အညီတွေ
ရောက်အောင် အစိုးရက လုပ်ဆောင် ပေးနိုင်၊ မပေးနိုင် ကြည့်ပါတယ်။
ကျတော်တို့ပေးလိုက်တဲ့ ငွေတွေကို အစိုးရတွေအနေနဲ့ အလွဲသုံးစား မလုပ်ဘဲ
ပြည်သူတွေအတွက် တစ်ကယ်အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ နေနဲ့
လုပ်ဆောင်တာမျိုး ခုချိန်ထိ မတွေ့ရသေးပါဘူး။ ဒါကြောင့် ကူညီ၊ ထောက်ပံ့ရေး
လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ဂလိုဘယ်ဖန်း အဖွဲ့ကြားမှာ
ဘာပတ်သက်မှုမှ မရှိပါဘူး။
မေး။ ။ ဟုတ်ကဲ့ ဒါဆိုလို့ရှိရင်
ပြီးခဲ့တဲ့လက ဂလိုဘယ်ဖန်း အဖွဲ့ကနေပြီးတော့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို
သွားပြီးတော့ မြန်မာအစိုးရရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စကရောရှင့်။
ဖြေ။ ။ မြန်မာအစိုးရအနေနဲ့ ဂလိုဘယ်ဖန်း
ဆီကနေ ဒီနှစ်အတွင်း အကူအညီတွေ တောင်းခံဖို့ ရှိနေတယ်လို့ ပြည်တွင်းက NGO အဖွဲ့
တွေက နားလည်ထားကြပါတယ်။မြန်မာ အစိုးရဘက်ကလဲ ဂလိုဘယ်ဖန်းက သတ်မှတ်ထားတဲ့
စည်းမျဉ်းစည်းကမ်းတွေ လိုအပ်ချက်တွေကို သိရအောင်လို့ တာဝန်ရှိသူတွေကို
ဖိတ်ခေါ်ရှင်းလင်း ပြခိုင်းတာပါ။ အဖွဲ့ရဲ့ငွေတွေကို မြန်မာအစိုးရအနေနဲ့
ဘယ်လိုသုံးစွဲသလဲဆိုတာ လွတ်လွတ်၊ လပ်လပ် စောင့်ကြည့်ခွင့် ပေးရမှာ ဖြစ်သလို။
ဒီငွေတွေကို အာမခံပေးနိုင်မယ့် အခြေအနေပေါ်မူတည်ပြီးတော့ အဖွဲ့အနေနဲ့
စဉ်းစားဆုံးဖြတ်မှာ ဖြစ်တယ်လို့ ရှင်းပြခဲ့ကြပါတယ်။ ကျတော်တို့ အနေနဲ့ ဒီသတင်း
အချက်အလက် ရှင်းပြတာထက်ပိုပြီး မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့တာ မရှိပါဘူး။
မေး။ ။ ဟုတ်ကဲ့ နောက်တစ်ခု မေးချင်တာက
မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ နေထိုင်သူတွေအတွက် ART
ဆေးပြားတွေ အရေးတကြီးလိုအပ်နေတယ် ဆိုပြီးတော့ နိုင်ငံတကာ
အသိုင်းအဝိုင်းကနေပြီးတော့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကနေပြီးတော့ ထုတ်ပြန်
ကြေငြာခဲ့တဲ့ အပေါ်မှာ ဂလိုဘယ်ဖန်းအဖွဲ့အနေနဲ့ ဘယ်လိုတုံ့ပြန် ထားပါသလဲရှင့်။
ဖြေ။ ။ကျတော်တို့ အနေနဲ့ နယ်စည်းမခြား
ဆရာဝန်များ အဖွဲ့လိုမျိုး တသီးပုဂ္ဂလ စေတနာရှင် တစ်ဦးချင်းအလိုက် ထောက်ပံ့တာမျိုး
မရှိပါဘူး။ အေအိုင်ဒီအက်၊ တီဘီအဆုတ်နာနဲ့ ငှက်ဖျားရောဂါ သုံးမျိုးကို
ကာကွယ်တိုက်ဖျက်ဖို့အတွက် ရန်ပုံငွေ အကြီးအကျယ်လိုအပ်နေတဲ့ နိုင်ငံတွေက
ဂလိုဘယ်ဖန်း အဖွဲ့ကို လျောက်လွာတင်သွင်း လာတဲ့အခါမှသာ အဖွဲ့ရဲ့ သတ်မှတ်ထားတဲ့
စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ထောက်ပံ့ပေးပါတယ်။ မြန်မာအစိုးရအနေနဲ့ ပြည်သူတွေအတွက်
တကယ်အကျိုးရှိမယ် အကူအညီတွေ တောင်းခံလာခဲ့ရင် ကျတောတို့ အဖွဲ့ အနေနဲ့ ဝမ်းသာအားရ
လက်ခံစဉ်းစားမှာပါ။ အရေးကြီးဆုံး အချက်ကတော့ ထောက်ပံ့ငွေတွေကို
တကယ်လိုအပ်နေသူတွေဆီကို တကယ်ရောက်အောင် အာမခံပေးနိုင်ဖို့ ဆိုတာပါဘဲ။
မေး။ ။ဟုတ်ကဲ့ရှင့်
နောက်ဆုံးမေးခွန်းတစ်ခု မေးချင်ပါတယ် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို
ဂလိုဘယ်ဖန်း အဖွဲ့ အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင်။
ဖြေ။ ။ကျတော်တို့အနေနဲ့ နိုင်ငံရေး ရှူ့ထောင့်ကနေ
မသုံးသပ်ပါဘူး။ ဒါပေမဲ့ ကျတော်တို့ သိထားသလောက်ဆိုရင် မြန်မာနိုင်ငံမှာ
အဓိကလိုအပ်နေတာက အေအိုင်ဒီအက်စ်၊ တီဘီအဆုတ်နာနဲ့ ငှက်ဖျားရောဂါ ဒီသုံးမျိုးကို
ကာကွယ် တိုက်ဖျက်ဖို့ပါ။ အေအိုင်ဒီအက်စ်နဲ့ နေထိုင်သူ အရေအတွက်ဟာ မြန်မာနိုင်ငံမှာ
အတော်လေး မြင့်မားနေပါတယ်။ အဆုတ်ရောဂါ ဖြစ်ပွားနှုန်းလဲ ဒီအတိုင်းပါဘဲ။ ဒါကြောင့်
ဒီရောဂါတွေ တိုက်ဖျက်ဖို့ ရန်ပုံငွေ အတော်လေးလိုအပ်နေပါတယ်။ ဂလိုဘယ်ဖန်း
အဖွဲ့အနေနဲ့ အကူအညီပေးဖို့ အဆင်သင့်ပါဘဲ ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာက
အလှူရှင်တွေ ယုံကြည်စိတ်ချရအောင် ဆောင်ရွက်ဖို့လိုအပ်နေပါတယ်။
သတင်း
မြန်မာနိုင်ငံမှာ ရောဂါသုံးခုတိုက်ဖျက်ဖို့ အကူအညီ အရေးတကြီး လိုအပ်နေ




