မြန်မာနိုင်ငံ၌
ကိုယ်ခံအားကျဆင်းစေသည့် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကူးစက်ခံနေသူ အရေအတွက် သိသိသာသာ
လျော့နည်းကျဆင်းသွားသော်လည်း လူ (၁) ထောင်လျှင် (၇) ဦး ကူးစက်ခံနေ ရဆဲဖြစ်သည်ဟု
ကုလသမဂ္ဂ ယူအန်အေ့ဒ်စ် (UNAIDS) အဖွဲ့၏
ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်
အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသည့် အရွယ်ရောက်သူနှင့် ကလေးဦးရေသည် ၂၀၀၁ ခုတွင် (၃၀၀,၀၀၀) ခန့် ရှိရာမှ ၂၀၀၇ခု၌ (၂၄၀, ၀၀၀) ခန့်သာ ရှိတော့သည်ဟု ယမန် နေ့ထုတ် အစီရင်ခံစာတွင်
ဖော်ပြထားခြင်းဖြစ်သည်။
ထိုသို့ကျဆင်းသွားရခြင်းသည်
ကိုယ်ဝန်ဆောင်မိခင်များ၌ ကူးစက်မှု ကျဆင်းသွား၍ ဖြစ်သည်ဟု ယူအန်အေ့ဒ်စ်အဖွဲ့
ဒေသတွင်းအစီစဉ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာစန်ဂန်က ဘန်ကောက်မြို့ရှိ
နိုင်ငံခြားသတင်းထောက်များအသင်း၌ ယနေ့နံနက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌
ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “ဆေးခန်းတွေက ရရှိတဲ့ စာရင်းတွေအရ များသောအားဖြင့်
ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကူးစက်မှု သိသိသာသာ ကျဆင်းသွားတာဖြစ်တယ်။ လွန်ခဲ့တဲ့
သုံးလေးနှစ်အတွင်းမှာ အဲဒီအုပ်စု အကြားမှာ (၂.၅) ရာခိုင်နှုန်းလောက်ကနေ (၁)
ရာခိုင်နှုန်း ကျော်ကျော်လောက်ထိ ကျဆင်းသွား တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံအပါအ၀င်
မြန်မာနိုင်ငံဟာ ဒေသတွင်းမှာတော့ အိတ်ခ်ျအိုင်ဗွီ ကူးစက် နှုန်း အမြင့်မားဆုံး
ဖြစ်နေတုန်းပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လူ (၁)
ထောင်လျှင် (၇) ဦး အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရကြောင်း၊ အသက် (၁၅) နှစ်မှ (၂၄)
နှစ်အကြား လူငယ်အမျိုးသမီး (၁) ထောင်လျှင် (၆) ဦးနှင့် လူငယ်အမျိုးသား (၁)
ထောင်လျှင် (၇) ဦးနှုန်း ဖြစ်ပွားနေပြီး ၂၀၀၇ ခုနှစ် စာရင်းအရ
အိတ်ခ်ျအိုင်ဗွီကြောင့် သေဆုံးသူ (၂၄,၀၀၀) ဦး ရှိကြောင်း အစီရင်ခံစာအရ သိရသည်။
အာရှ ဒေသတခုလုံး၌
အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသူပေါင်း (၅) သန်းရှိပြီး တကမ္ဘာလုံး၌ (၃၃)
သန်းရှိကြောင်းနှင့် နိုင်ငံအများအပြားတွင် လူငယ်လူရွယ်များအကြား
ကွန်ဒုံးသုံးဆွဲမှု ပိုမိုများပြား လာကြောင်း ယူအန်အေ့ဒ်စ် အစီရင်ခံစာတွင်
ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ လူ (၁)
ထောင်လျှင် (၇) ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရ




