26
Aug

မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် တစ်နေ့လျှင် ၂၀ ဦးခန့်ရှိပြီး ခင်ပွန်းမှတစ်ဆင့် ဇနီးသို့ ကူးစက်ခံရနှုန်း အများဆုံးဖြစ်နေဟုဆို

မြန်မာဖီးနစ်အဖွဲ့မှ ဖွင့်လှစ်ထားသည့် တည်းခိုဆောင်တွင် နယ်မှဆေးလာရောက်ထုတ်ယူသည့် အိတ်ခ်ျအိုင်ဗွီဝေဒနာရှင်တစ်ဦး တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်) မြန်မာနိုင်ငံ၌ တစ်နေ့လျှင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံနေရသူ လူနာသစ် ၂၀ ခန့် ရှိနေပြီး ကူးစက်ခံရသူ အများစုမှာ ခင်ပွန်းမှတစ်ဆင့် အိမ်ထောင်ရှင်အမျိုးသမီး (ဇနီး)ထံသို့ ကူးစက်မှု အများဆုံးဖြစ်နေကြောင်း ‘HIV Estimates and Projections Asian Epide miological Model Myanmar 2010-2015’ တွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် အိတ်ခ်ျအိုင်ဗွီကူးစက်ခံရမှုမှာ တစ်ရက်လျှင် ၆၀၀၀ ခန့်ရှိခဲ့ပြီး ယင်းတို့အနက် အသက် ၁၅ နှစ်အောက် ကလေးငယ်များ ကူးစက်ခံရမှုမှာ ၇၀၀ ခန့်နှင့် အသက် ၁၅ နှစ်အထက် အရွယ်ရောက်ပြီးသူများတွင် ကူးစက်ခံရမှုမှာ ၅၂၀၀ ကျော်ရှိခဲ့ကြောင်း UNAIDS ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၃ ခုနှစ်၏ စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရမှုမှာ တစ်နေ့လျှင် ၆၀၀၀ ခန့်ရှိနေပြီး ၎င်းတို့အနက်မှ ၄၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း၊ ၃၃ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်များဖြစ်ကြောင်း သိရသည်။

စစ်တမ်းများတွင် ဖော်ပြထားချက်များအရ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုအများဆုံးမှာ အန္တရာယ်ထူးထူးခြားခြားမရှိသည့် အမျိုးသမီးတွင် ၃၂ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး မူးယစ်ဆေးထိုးသူများသည် ၂၆ ရာခိုင်နှုန်း၊ အမျိုးသားချင်း စုံမက်ခြင်းသည် ၁၆ ရာခိုင်နှုန်း၊ အပျော်အပါးလိုက်စားသူ အမျိုးသားများတွင် ဖြစ်ပွားသူ ၁၅ ရာခိုင်နှုန်း၊ အန္တရာယ်ရှိသည့် အခြေအနေတွင် မရှိနေသည့် အမျိုးသားများတွင် ခုနစ်ရာခိုင်နှုန်းနှင့် အမျိုးသမီးလိင်လုပ်သားများတွင် ဖြစ်ပွားမှု လေးရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့ပြင် WHO၊ UNAIDS နှင့် UNICEF တို့ ပူးပေါင်းစစ်တမ်းကောက်ယူထားချက်အရ မြန်မာနိုင်ငံရှိ အသက် ၂၅ နှစ်အောက် ဆယ်ကျော်သက် လူငယ်များအကြား အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိပြီး စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ကူးစက်မှုမြင့်မားသည့် လူထုအကြား အသက် ၂၅ နှစ်အောက် လူငယ်များအကြား အိတ်ခ်ျအိုင်ဗွီရောဂါဖြစ်ပွားနှုန်း မြင့်တက်နေပြီး မူးယစ်ဆေးထိုးမှုကြောင့် ကူးစက်မှု ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ လိင်လုပ်သားများအတွင်း ကူးစက်မှု ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမျိုးသားအချင်းချင်း လိင်တူဆက်ဆံမှုကြောင့် ကူးစက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်အောက် အိတ်ခ်ျအိုင်ဗွီရောဂါဖြစ်ပွားမှု အန္တရာယ်များသည့် အသိုင်းအ၀ိုင်းအတွင်း ကွန်ဒုံးသုံးစွဲမှု မြင့်မားလာသော်လည်း လူဦးရေအချိုးအစား အနည်းငယ်သာ အိတ်ခ်ျအိုင်ဗွီရောဂါပိုး စစ်ဆေးမှုခံယူခဲ့ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူသုံးဦးလျှင် တစ်ဦးနှုန်း၊ လိင်လုပ်သားသုံးဦးတွင် နှစ်ဦးနှုန်း၊ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံသူများတွင် ထက်ဝက်နှုန်းခန့် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၌ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ လူနာသစ်ဦးရေ ၂ ဒသမ ၁ သန်းခန့်ရှိပြီး အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အရွယ်ရောက်ပြီး လူနာသစ် ၁ ဒသမ ၉ သန်း၊ အသက် ၁၅ နှစ်အောက် ကလေးငယ် ၂၄၀၀၀၀ ခန့်ရှိကြောင်းနှင့် အေ့စ်ရောဂါနှင့် ဆက်နွှယ်ပြီး သေဆုံးရသူ ၁ ဒသမ ၅ သန်းရှိခဲ့ကြောင်း သိရသည်။

အိသဉ္ဇာကျော်

Myawaddy Daily - မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် တစ်နေ့လျှင် ၂၀ ဦးခန့်ရှိပြီး ခင်ပွန်းမှတစ်ဆင့် ဇနီးသို့ ကူးစက်ခံရနှုန်း အများဆုံးဖြစ်နေဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top