တရုတ်-မြန်မာ နယ်စပ်တွင် မြန်မာနိုင်ငံသား ကားမောင်းသမား တစ်ယောက်၌ ပြင်းထန်သော HIV ရောပိုးတစ်မျိုးကို တရုတ် သုတေသန ပညာရှင် အဖွဲ့ တစ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း HIV Research and Human Resto Viruse သုတေသန ဂျာနယ်တွင် ဖော်ပြထားချက် အရ သိရသည်။
ထိုကားမောင်းသမားမှာ မြန်မာနိုင်ငံ မြောက်ပိုင်း ဇာတိ ဖြစ်ကာ ယူနန်ပြည်နယ် တောင်ပိုင်းနှင့် တရုတ်ပြည်၏ အခြား ပြည်နယ်များကို မကြာခဏ ဖြတ်သန်း သွားလာနေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုတေသန အဖွဲ့မှာ ကူမင်း သတ္တဗေဒ သိပ္ပံဌာနမှ ပါမောက္ခ Zheng Yongtang ဦးဆောင်ပြီး တရုတ်မြန်မာ နယ်စပ်ကို ဦးစားပေးနယ်မြေ အဖြစ် သတ်မှတ်ကာ သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။
“တရုတ် အစိုးရနဲ့ မြန်မာ အစိုးရကြား ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းက HIV ရောဂါပိုး ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး လုပ်ဆောင်ရာမှာ အများကြီး အခက်အခဲ ရှိပါတယ်။ အခု ကျွန်တော်တို့ တွေ့ရှိတယ် ဆိုတာက ရေခဲမျောတုံးကြီးရဲ့ ထိပ်ပိုင်းကလေးပဲ ဖြစ်နိုင်တယ်။
အပြင်မှာ အများကြီး ရှိနိုင်တယ်” ဟုအဆိုပါ သုတေသန အဖွဲ့မှ အမည် မဖော်လိုသူ တစ်ဦးက ပြောကြားကြောင်း တရုတ်နိုင်ငံ အခြေစိုက် သတင်းစာ တစ်စောင် ဖြစ်သော South Morning China Post တွင်ဖော်ပြထားသည်။
အဆိုပါ HIV ရောဂါပိုးမှာ သာမန် HIV ရောဂါပိုးများထက် ပိုမိုလျှင်မြန်စွာ AIDS ရောဂါ ဖြစ်ပွားစေကြောင်း သိရသည်။
ယခုလက်ရှိတွင် HIV ရောဂါပိုးမှာ တစ်နှင့်နှစ်ဟူ၍ ခွဲခြားထားပြီး ယခုတွေ့ရှိသော ရောဂါပိုးမှာမူ နောက်ထပ်မျိုးကွဲ တစ်မျိုး ဖြစ်ကြောင်း သိရသည်။
“တရုတ်နိုင်ငံက သူတို့က ဒါကို အထူးပြု လေ့လာနိုင်လို့ ဒီလိုသိတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို မစစ်ဆေး နိုင်သေးတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ သတိထားဖို့ လိုတယ်” ဟု HIV ရောဂါနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်လျက် ရှိသော ဦးမျိုးသန့်အောင်က The Messenger Media သို့ ပြောသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူပေါင်း (၂၃) ယောက် HIV ပိုး ကူးစက် ခံနေရပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း လူဦးရေ နှစ်သိန်းခန့် ရှိနေကြောင်း UNAIDS ထံမှ သိရသည်။
The Messenger - မြန်မာ-တရုတ် နယ်စပ်တွင် ပြင်းထန် HIV ရောဂါပိုးတစ်မျိုး တွေ့ရှိ




