လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး သတင်းတွေထဲမှာ ကြီးကျယ်ခမ်းနားတဲ့ သတင်းတစ်ပုဒ် ပေါ်ထွက်လို့လာခဲ့ပြန်ပါပြီ။ တခြားမဟုတ်ပါဘူး။ ကျွန်တော်တို့တွေအတွက် ကုရာနတ္ထိဆေးမရှိသေးတဲ့ အိတ်ခ်ျအိုင်ဗွီကို မဖြစ်ပွား မကူးစက်အောင်လို့ ကြိုတင်ကာကွယ်နိုင်ဖို့ အလားအလာရှိနေပြီပဲဖြစ်ပါတယ်။
ဒီတစ်ပတ်ထုတ် Clinical Infectious Diseases ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုသစ်တစ်ခုက အမေရိကန်ဆေးဝါး Truvada ဟာ အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခြင်းကို တားဆီးရပ်တန့်စေမယ့် အဖြေတစ်ရပ်ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲ့ဒီ ကာကွယ်ဆေးကို အိတ်ခ်ျအိုင်ဗွီပိုး တစ်ချိန်မဟုတ်တစ်ချိန် ကူးစက်ခံရဖို့ ဖြစ်နိုင်ခြေအရမ်းမြင့်မားတဲ့ကျားမမရွေး ၆၅၇ ဦးကို နှစ်နှစ်ခွဲကြာ နေ့စဉ်သောက်သုံးစေခဲ့ရာ တစ်ယောက်မကျန် အားလုံးက အိတ်ခ်ျအိုင်ဗွီပိုး ကင်းစင်နေသေးတာကို တွေ့ရပါတယ်။
အဲ့ဒီ ထဲက ၄၀ ရာခိုင်နှုန်းက ကွန်ဒုံးအသုံးမပြုခဲ့ကြောင်း၊ အေအိုင်ဒီအက်စ်ဖြစ်စေတဲ့ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် မကူးစက်ခဲ့သော်လည်း သာမန်ပဋိဇီဝဆေးဖြင့် ကုသရုံနဲ့ပျောက်ကင်းနိုင်တဲ့ ကူးစက်ရောဂါတွေသာ ရခဲ့ကြောင်း ဆန်ဖရန်စစ္စကိုရှိ Kaiser Permanente မှ သုတေသီတွေထံ ပြောကြားခဲ့ပါတယ်။
အဆိုပါရလဒ်ဟာ Truvada ဆေးနဲ့ကာကွယ်ခြင်းက ရောဂါကူးစက်နိုင်ခြေအရမ်းမြင့်မားတဲ့ အခြေအနေတွေမှာတောင် အိတ်ခ်ျအိုင်ဗွီကူးစက်မှုသစ် မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ဖွယ်ရှိတယ်ဆိုတာကို ရည်ညွှန်းတာဖြစ်တယ်လို့ သုတေသီခေါင်းဆောင် ဂျိုနသန်ဗော့စ်က ၀ါရှင်တန်ပို့စ်နဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဖိုးသူတော် - ၁၀၀ ရာခိုင်နှုန်းပြည့် ထိရောက်တဲ့ အိတ်ခ်ျအိုင်ဗွီကြိုတင်ကာကွယ်ဆေး




