23
Aug

(၁၈) ကြိမ်မြောက် နိုင်ငံတကာအေအိုင်ဒီအက်စ် နှီးနှောဖလှယ်ပွဲကြီး ကျင်းပပြီးစီး



နိုင်ငံတကာ
အေအိုင်ဒီအက်(စ်) အသင်းကြီး (IAS) မှ ဦးစီးကျင်းပသည့် ၁၈ကြိမ်မြောက် နိုင်ငံတကာ အေအိုင်ဒီအက်(စ်)
နှီးနှောဖလှယ်ပွဲ (AIDS 2010) ကို ဇူလိုင်လ ၁၈ရက်နေ့မှ ၂၃ ရက်နေ့အထိ ရက်သတ္တပတ် တပတ်ကြာ
သြစထရီး ယားနိုင်ငံ ဗီယင်နာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဤနှီးနှောဖလှယ်ပွဲကို နိုင်ငံပေါင်း
၁၉၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း နှစ်သောင်းနီးပါးခန့် တက်ရောက် ခဲ့ကြပါတယ်။

လူ့အခွင့်အရေးနှင့်
HIV ရောဂါပိုးအကြား နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေမှုကို ဇောင်းပေး ဖေါ်ပြတဲ့အနေနဲ့ နှီးနှော
ဖလှယ်ပွဲရဲ့ ဆောင်ပုဒ်အဖြစ် “Rights Here, Right Now” “(လူ့) အခွင့်အရေးတွေ ဒီမှာ ချက်ချင်းလက်ငင်း”
လို့ သတ်မှတ်ခဲ့ပါတယ်။ (ဝေဒနာရှင်များအား) စက်ဆုပ် ရွံရှာဖွယ်ရာအဖြစ် ခွဲခြား ဆက်ဆံမှုများက
ရောဂါပြန့်ပွားမှု ကာကွယ်ရေးနှင့် ကုသပေးရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက်
အဓိက အတားအဆီးကြီး ဖြစ်နေကြောင်း တွေ့ရှိ ရပါတယ်။ ထိုကဲ့သို့ ခွဲခြားဆက်ဆံမှုများကြောင့်
နိုင်ငံအတော်များများတွင် မူဝါဒ အမှားများ ချမှတ်မိခြင်းနှင့် ငွေကြေးဆေးဝါး စသည့်
အရင်းအမြစ်များကို လွဲမှားစွာ သုံးစွဲပစ်ခြင်းတို့ကို ဖြစ်ပွားစေပြီး၊ ထိထိရောက်ရောက်
ကာကွယ်ကုသမှုများ ပညာပေးမှုများ ပြုလုပ်ပေးရန် လိုအပ်သည့် လိင်ဖျော်ဖြေရေးတွင် လုပ်ကိုင်
နေသူများ၊ မူးယစ်ဆေးဝါးထိုးသူများ၊ ယောင်္ကျားချင်း လိင်ဆက်ဆံသူများ လိင်ခွဲခြား ဆက်ဆံခံရမှုကြောင့်
HIV ရောဂါပိုး ကူးဆက်ရန် လွယ်ကူဖွယ်ဖြစ်သော အမျိုး သမီးများနှင့် မိန်းကလေး ငယ်များတို့
ကဲ့သို့သော လူ့အသိုင်းအ၀န်း အုပ်စုများ အတွက်မူ လျစ်လျူရှုထားခြင်းမျိုး ဖြစ်စေပါတယ်လို့
နှီးနှောဖလှယ်ပွဲရဲ့ နှုတ်ခွန်းဆက် စာမှာ ဖေါ်ပြထားပါတယ်။

အေအိုင်ဒီအက်(စ်)
ရောဂါတိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေကြတဲ့ ဆရာဝန်တွေ၊ ဆေးသိပံ္ပ ပညာရှင်တွေ၊ သုတေသနပညာရှင်တွေ၊
ဝေဒနာရှင်များကို ကူညီပြုစုစောင့်ရှောက် ပေးနေသူတွေ၊ ပညာပေး လုပ်ငန်းတွေမှာ ဆောင်ရွက်
နေသူတွေစတဲ့ ကဏ္ဍအသီးသီးက သူတွေ တက်ရောက် ခဲ့ကြတဲ့ ဒီနှီးနှောဖလှယ်ပွဲမှာ စာတမ်းတို၊
ရှည်ပေါင်း တသောင်း နီးပါး ဖတ်ကြား တင်သွင်း ခဲ့ကြပါတယ်။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊
မိုက်ကရိုဆော့ဖ် သူဌေး ဘီလ်ဂိတ် တို့ကလည်း တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ပါသေးတယ်။
“ကျွန်ုပ်တို့တွေ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ကောင်းကောင်းလည်း လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း
(ဒီရောဂါဆိုးကြီးကို) အရေးပေါ် တုန့်ပြန်နိုင်ခဲ့တဲ့ အခြေအနေကနေ လုံခြုံစိတ်ချရတဲ့ အခြေအနေ
ရောက်တဲ့အထိ ပြောင်းလဲ လုပ်ဆောင်နိုင်ဖို့ ယနေ့အချိန်အခါမှာ လိုအပ်နေပါတယ်လို့” ဘီလ်ကလင်တန်က
ပြောကြား ခဲ့ပါတယ်။

နိုင်ငံတကာ
အေအိုင်ဒီအက်(စ်) နှီးနှောဖလှယ်ပွဲကို ၁၉၈၅ ခုနှစ်မှ စတင်၍ ၁၉၉၄ ခုနှစ်အထိ တနှစ်တကြိမ်
ပြုလုပ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှ စတင်ကာ နှစ်နှစ်တကြိမ် ပြုလုပ်လာခဲ့တာ ယခုအကြိမ်ဟာ ၁၈
ကြိမ်မြောက် ဖြစ်ပါတယ်။ ၁၉ ကြိမ်မြောက် နှီးနှောဖလှယ်ပွဲကိုတော့ အမေရိကန်နိုင်ငံ ၀ါရှင်တန်
မြို့၌ ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ကိုးကား

http://blog.aids2010.org/post/2010/07/23/AIDS-2010-The-Numbers.aspx

http://www.aids2010.org/WebContent/File/AIDS2010_general_information_WEB.pdf,
Welcome Words(Page 4)

http://www.clintonfoundation.org/news/news-media/press-release-president-bill-clinton-recommits-to-achieving-universal-access-to-aids-prevention-and-treatment

http://en.wikipedia.org/wiki/International_AIDS_Conference

မေသူ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top