ပြဋ္ဌာန်းခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်ပေမယ့် ပြည့်တန်ဆာ လုပ်ငန်းကို အတိုင်းအတာ တခုအထိ ဟန့်တားနိုင်နေသေးတာကြောင့် ၁၉၄၉ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ မရှိသေးဘူးလို့ ပြည်ထဲရေး ၀န်ကြီးဌာန ရဲချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အန်အယ်လ်ဒီ ပါတီရဲ့ အမတ် ဒေါ်စန္ဒာမင်းက ၁၉၄၉ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေမှာ ပြစ်မှု ကျူးလွန်တာခြင်း အတူတူ လိင်ကို ရောင်းစားသူ အမျိုးသမီးတွေက ပြစ်မှုမြောက်ပြီး လိင်ကို ၀ယ်ယူသူ အမျိုးသား တွေကတော့ ပြစ်မှုမြောက်ခြင်း မရှိတဲ့ အတွက် ဥပဒေပြင်ဖို့ရှိ မရှိ၊ စားဝတ်နေရေး ခက်ခဲကျပ်တည်းလို့ အမျိုးသမီးတွေ ပြည့်တန်ဆာ ဖြစ်နေရတာ သိမသိ၊ ရဲတွေရဲ့ ဖမ်းဆီးပုံကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရတဲ့ အန္တရာယ် ရင်ဆိုင်ရတာ သိမသိ မေးမြန်းတဲ့ အပေါ်မှာ ရဲချုပ်က ခုလို ဖြေခဲ့တာပါ။
ရဲချုပ်ရဲ့ ဖြေကြားချက်အရ ၂၀၁၁ ခုနှစ်က ပြည့်တန်ဆာမှု ၂၀၀၀ နီးပါး ပဲရှိရာကနေ ၂၀၁၂ ခုနှစ်မှာတော့ ၃၂၀၀ ကျော် အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။




