မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူများအား လက်ရှိ အခြေအနေအရ ရောဂါထိန်းချုပ်နိုင်ရန် ART ဆေးဝါးများ အပြည့် အဝပေးနိုင်ခြင်း မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစောလွင်က ပြောသည်။
၎င်းက HIV ရောဂါဝေဒနာရှင် များအတွက် လိုအပ်သော ARTဆေးဝါးများကို နိုင်ငံတကာအလှူ ရှင်များ၏ အကူအညီဖြင့်သာ ပေးဝေနိုင်သော်လည်း ဆေးဝါးဈေးနှုန်းမှာ ကြီးမြင့်သည့်အပြင် ပြည်ပမှ ဝယ်ယူ တင်သွင်းရာ၌ အခက်အခဲ အချို့ရှိခြင်းကြောင့် လက်ရှိအနေ အထားအရ တစ်နိုင်ငံလုံးတွင် ART ဆေးပေးနိုင်မှုမှာ ၄ဝ ရာခိုင် နှုန်းသာရှိကြောင်း ပြောသည်။ ထို့အပြင် လက်ရှိပေးနေသော ART ဆေးမှာ လည်း ဆေးဝါးလို အပ်သည့်လူနာ အရေအတွက်များခြင်းကြောင့် အပြည့်အဝပေးနိုင်ခြင်း မရှိကြောင်း၊ သို့ရာတွင် ယခုအခါ HIV အပါအဝင် ရောဂါသုံးမျိုး တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Global Fund အဖွဲ့၏ အကူအညီများ ပြန်လည်ရရှိလာမှု၊ 3D Fund အဖွဲ့၏ ကူညီမှုနှင့် ကျန်းမာရေးဘတ်ဂျက်ငွေအား နိုင်ငံတော်မှ လေးဆတိုးမြှင့်ပေးမှုတို့ကြောင့် ၂ဝ၁၅ ခုနှစ်တွင် ART ဆေးဝါးအား တစ်နိုင်ငံလုံး၌ ၈ဝ ရာခိုင်နှုန်းအထိ ပေးနိုင်ရန် အသင့် ပြင်ဆင်ထားကြောင်း ၄င်းက ဆက်ပြောသည်။
”ပြင်ပအကူအညီတွေ ရလာတာကလည်း တစ်ပိုင်းပေါ့။ အခု ကျန်းမာရေး ကဏ္ဍအတွက် နိုင်ငံတော်က ဘတ်ဂျက်ငွေကို လေးဆတိုး ပေးလိုက်တော့ အရင်တုန်းက ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဘတ်ဂျက်ငွေထဲက HIV အတွက် သုံးတာ ၂ ရာခိုင်နှုန်းပဲ ရှိပေမယ့် အခု ၄ ရာခိုင်နှုန်းအထိ သုံးလို့ရ လာတယ်။ အဲဒါအပြင် HIV ရောဂါ သည်တွေအတွက်ကို ဝန်ကြီးဌာန အနေနဲ့ ပြည်ပကနေ ပထမဆုံးအ ကြိမ်ဝယ်ယူပြီး ပေးသွားဖို့ ရှိတယ်။ အရင်က ဝယ်တာက ကာလသား ရောဂါကုဆေးတွေပဲ ဝယ်တာများတယ်။
အခုမှ ART ဆေးကို ပထမ ဆုံးဝယ်ဖို့ စီစဉ်တာ” ဟု ၄င်းက ဆိုသည်။ ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်သော စာရင်းများအရ မြန်မာနိုင်ငံ၌ HIV ပိုးရှိသူ အရေအတွက်မှာ နှစ်သိန်းခန့်ရှိပြီး ARTဆေးကုသမှုခံယူရန် လိုအပ်သူအရေ အတွက်မှာ တစ်သိန်း လေးသောင်း ခန့်ရှိကြောင်း သိရသည်။
Popular - ၂ဝ၁၅ သို့ ရောက်မှသာ ART ဆေးဝါး ၈ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်မည်




