ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ
(၂ဝဝ၉)ခုနှစ် ဒီဇင်ဘာလ တစ်ရက်နေ့ကို ကိုယ်ခံစွမ်းအားကျ AIDS
ရောဂါနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ရောဂါအမည် ရှင်းလင်းချက် အကျယ်ချဲ့၍ ပြောရပါမည်ဆိုပါက AIDS (Aequired Immuno Deiciency
Syndrome) ဆိုသည်မှာ ကိုယ်ခံစွမ်းအားများ ကျဆင်းခဲ့ပါ၍ ရောဂါဟူသမျှ
မကာကွယ် နိုင်ဘဲ ရောဂါပေါင်းစုံတို့ ခံစားနေရပါသော ရောဂါ၊ ဤရောဂါကိုဖြစ်စေသော
ရောဂါပိုး ဗိုက်ရပ်(စ်) HIV
(Human Immuno Deficiency Vrius)။ဤ ရောဂါကို ရှာဖွေတွေ့ ရှိခဲ့သော နှစ်ပတ်လည်နေ့ကို
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ယခုကျင်းပခြင်း ဖြစ်ပါသည်။
ယခုနှစ် ဆောင်ပုဒ်
ယခုနှစ်၏ ဤနေ့ဆောင်ပုဒ်မှာ ''အေအိုင်ဒီအက်(စ်)
တိုက်ဖျက်ဖို့၊ ခွဲခြားမှုကို ရှောင်ကြဉ်လို့ အားလုံးပူးပေါင်း ဆောင်ရွက်စို့'' ဟု
ဆုံးဖြတ်ခေါ်ဆို ရေးသားကြေညာခဲ့ပြီး ဖြစ်ပါသည်။ ဤဆောင်ပုဒ်၏ အဓိပ္ပာယ်မှာ AIDS
ဝေဒနာရှင်တို့ကို ခွဲခြားရှောင်ကြဉ်မနေကြပါပဲ ဤရောဂါကာကွယ်ရေး ကုသပြုစု စောင့်ရှောက်ရေးအတွက်
စုပေါင်းကြိုးစားဆောင်ရွက် နေထိုင်စားသောက် သွားကြပါစို့ဟု အဓိပ္ပာယ် ရကြောင်းပါခင်ဗျာ။
ယခုနှစ်ဆောင်ပုဒ်နှင့်အညီ
ဤရောဂါအခြေခံ အကြောင်းအရာတို့ကို ကျွန်တော်ကြိုးစား ရေးသားလိုက်ပါရစေ၊ ရောဂါအကြောင်းအရာ
ကူးစက်ပုံကူးစက်နည်း မကူးစက်ပုံ မကူးစက်နည်း ရောဂါလက္ခဏာ ရောဂါကာကွယ်ရေး
ရောဂါကုသရေးတို့ကို စုပေါင်း၍ ဆောင်ပုဒ်ပြုလုပ်ထားဟန် တူပါသည်။ ဆောင်ပုဒ်ကို
ဦးတည်ပြောရမည်ဆိုပါက။ ''ခုခံအားကျဆင်းမှုရောဂါ
(အေအိုင်ဒီအက်စ်) လူနာများအား ပြုစုစောင့်ရှောက် နေရသည့် အတူနေမိသားစုများ အနေနှင့် မိမိတို့အား ဤရောဂါကူးစက်ခံရမည့် အန္တရာယ်ကို အထူးစိုးရိမ် ကြောက်လန့်ခြင်းကြောင့်
လူနာအားပြုစုရန် ဝန်လေးနေတတ်ကြပါသည်။
AIDS ရောဂါသည်
သာမန်ဆက်ဆံမှုများကြောင့် ကူးစက်လေ့မရှိပါ။ ထို့ကြောင့် ကြိုတင်ကာကွယ်မှုများ
ပြုလုပ်ပြီး လူနာအား ပြုစုစောင့်ရှောက်ပါလျှင် စောင့်ရှောက်သူများအနေဖြင့် မိမိအား
ရောဂါမကူးစက်နိုင်ပါ။ ရောဂါကင်းစွာ ပြုစုစောင့်ရှောက်ရာ ရောက်ပါသည်။
(၁၉၈၁)ခုနှစ်မှစ၍ အေအိုင်ဒီအက်စ် ရောဂါကို စတင်တွေ့ရှိခဲ့သော်လည်း လူနာကို
သာမန်ကြိုတင်ကာကွယ်မှုရယူပြီး အိမ်တွင်ပြုစုခြင်းနှင့် အခြား သာမန် လူမှုရေးဆက်ဆံမှုများ
ပြုလုပ်ခြင်းတို့ဖြင့် လူနာမှပြုစုသူသို့ ကူစက်ခဲ့သည့် သာဓကများ မရှိခဲ့ပါ။
ကမ္ဘာတစ်ဝှမ်းလုံးမှ အတွေ့အကြုံတို့ကို ကိုးကားရေးနေဟန် တူပါသည်။ အေအိုင်ဒီအက်စ် လူနာများကို
ယင်း၏နေအိမ်တွင်
ပြုစုကုသပေးခြင်းဖြင့် ထိုသူ၏ နောက်ဆုံးအချိန်များတွင် စိတ်ချမ်းမြေ့စွာ
နေထိုင်သွားနိုင်ရန် အတွက် ဆောင်ရွက်ပေးနိုင်သည်။ စေတနာအပြည့်အဝဖြင့်
မခွဲမခြားမရှောင်မကြဉ် ကူညီစောင့်ရှောက်ရာ ရောက်ပါသည်။ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များကို
ဆေးရုံတွင် အမြဲထားရှိပြီး ဆေးဝါးကုသ ရန်မလိုပါ။
အလွန်ဖျားနာချိန်(သို့မဟုတ်)
လိုအပ်သည့်အချိန်၌သာ ဆေးရုံတင်ပြီး လိုအပ်သော ဆေးဝါးကုသခြင်းကို ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
ကျန်အချိန်များတွင် မိမိနေအိမ်တွင်ပင် သာမန်လူတစ်ဦးကဲ့သို့ နေထိုင်သွားရန် ဖြစ်ပါသည်။
အေအိုင်ဒီအက်စ် လူနာတစ်ဦးသည် ဆေးရုံတက်လိုက်၊ ဆင်းလိုက်နှင့်အကြိမ် ပေါင်းများစွာ
ပြုလုပ်ရန် လိုတတ်ပါသည်။ ဤအခြေအနေကို မိသားစုများ အထူး သဘောပေါက်နားလည်ရန်
လိုအပ်ပါသည်။
သာမန်လုပ်ဆောင်မှုတို့ဖြင့်
မကူးစက်ပါ အိပ်ခ်ျအိုင်ဗွီပိုးသည် ခန္ဓာကိုယ်ပြင်ပတွင် ကြာရှည်စွာ အသက်ရှင် ရပ်တည်မနေနိုင်ပါသဖြင့်
လျင်မြန်စွာ သေကြေပျက်စီးနိုင်သဖြင့် အောက်ပါနည်းလမ်းများဖြင့် မကူးစက် နိုင်ကြောင်း
WHO မှ
ကြေငြာထားပါသည်။ -
-
ပန်းကန်ခွက်ယောက်များ အတူသုံးစွဲခြင်း၊
- ဝေဒနာရှင်နှင့်
အတူနေထိုင်စားသောက်ခြင်း၊
- ရောဂါပိုးရှိသူနှင့်
အတူတကွရေ ကူးခြင်း၊
- အိမ်သာအတူအသုံးပြုခြင်း၊ အတူကုလားထိုင်သုံးခြင်း၊
- ဖက်ရမ်းလက်ဆွဲနှုတ်ဆက်ခြင်း၊
အလုပ်အကိုင်အတူလုပ်ကိုင်ခြင်း၊
- ချောင်းဆိုးခြင်း - နှာချေခြင်း၊ တံတွေးထွေးခြင်း၊
- ခြင်နှင့် အခြားပိုးမွှားများ
ကိုက်ခြင်း တို့ကြောင့် မကူးစက်နိုင်ကြောင်း WHO မှ ကြေ ညာချက်ဖြစ်ပါသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အဖြစ်များနေသောနိုင်ငံများမှ အတွေ့အကြုံများအရ
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုကို သာမန်အခြေအနေများဖြစ်သော မိသားစုများ
အတူတကွနေထိုင်ခြင်း၊ အလုပ်ဌာနများတွင် အတူတကွအလုပ် လုပ်ခြင်း၊ ကျောင်းများတွင်
အတူတကွစာသင်ကြားခြင်း၊ လူမမာအား ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း တို့ကြောင့်
ရောဂါပိုးကူးစက်ခံရခြင်းကို မတွေ့ရှိရပါ။ နှစ်သိမ့်ဆွေးနွေး ပညာပေးသူ Counsellor
အေအိုင်ဒီအက်စ် ဝေဒနာရှင်တစ်ဦးသည် ခန္ဓာကိုယ်မကျန်းမာခြင်း၊ စိမ်မချမ်းသာခြင်းတို့
မကြာခဏ ကြုံတွေ့ရတတ်ပါသည်။
အထူးသဖြင့် စနစ်တကျကုသမခံရလျှင် ဖြစ်စေ၊ မိသားစုနှင့် ပတ်ဝန်းကျင်၏
ကြင်နာမှုကို မရရှိလျှင်ဖြစ်စေ ကိုယ်စိတ်နှစ်ပါးလုံး ပိုမိုခံစားရတတ်ပါသည်။
ထိုအခါမျိုးတွင် နှစ်သိမ့်ဆွေးနွေး ပညာပေးသူ Counsellor နှင့် တိုင်ပင်ဆွေးနွေးပါက စိတ်ဝေဒနာများ
လျော့ပါးပြီး လုပ်ဆောင်သင့်သည်များကို ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
လူနာနှင့် ပတ်သက်သော နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းကို လူနာအတွက်သာ မဟုတ်ဘဲ
လူနာ၏ ဇနီး/ခင်ပွန်း၊ မိသားစုနှင့်၊ အနီးကပ်ဆက်ဆံသူ မိတ်ဆွေအသိုင်း
အဝိုင်းများအတွက်ပါ ပြုလုပ် ပေးနိုင်ပါသည်။ နှစ်သိမ့်ဆွေးနွေး ပညာပေးသူသည် လူနာ၏
ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများ ပေါက်ကြားမှုမရှိအောင် ထိန်းသိမ်းထားရမည်
ဖြစ်သောကြောင့် လူနာနှင့် မိသားစုယုံကြည်အားကိုး နိုင်သောသူဖြစ်ပါသည်။
လူမှုရေးဆက်ဆံမှုများ (Social
Contact) မိတ်ဆွေများထံ သွားရောက် လည်ပတ်ခြင်း၊ မိတ်ဆွေများကို
အိမ်လည်လာစေခြင်းစသည့် လူမှုရေး ဆက်ဆံမှုများကို ပြုလုပ်နိုင်ပါသည်။
ဟန့်တားရန်မလိုပေ။ မိတ်ဆွေများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်ခြင်း၊ စကားပြောခြင်း၊
အတူတူ ထိုင်ခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ။ အများစီးသည့်ကား အတူတူတက်နိုင်
စီးနိုင်ပါသည်။ ကလေးသူငယ်ဖြစ်ပါက ကျောင်းအတူတူ တက်၍စာသင်နိုင်ပါသည်။ လူကြီးဖြစ်က အလုပ်အတူတူ
လုပ်နိုင်ပါသည်။ ပြုစုစောင့်ရှောက် ပေးသူများအနေနှင့် သတိပြုရန် တာဝန်နှစ်ရပ်ရှိပါသည်။
(၁) မိမိကိုယ်တိုင် ရောဂါကူးစက်မှုမရှိအောင် ကာကွယ်ရန်နှင့်
(၂) ပြုစုစောင့်ရှောက်ပေးနေစဉ် ကာလတွင် လူနာအား သာမန်ဖျားနာခြင်းမျိုး
ဖြစ်နိုင်သည့် ရောဂါများ (အအေးမိ၊ တုပ်ကွေး၊ ဝမ်းလျှော) မဖြစ်စေရန်
ပြုစုစောင့်ရှောက်၍ ကာကွယ်မှုပေးရန် ဖြစ်ပါသည်။
ဤသို့ ကာကွယ်ရခြင်းမှာ သာမန်ဖျားနာမှုများဖြစ် ခြင်းသည်လျှင်ပင် ဤလူနာများအတွက်
ကိုယ်ခံအား ပိုမိုကျဆင်းစေပြီး အန္တရာယ်ရှိသောကြောင့် ဖြစ်ပါသည်။ WHO ကမ္ဘာ့ကျန်းမာရေး
အဖွဲ့၏ စေတနာ ဤရောဂါခံစားနေရသူမှ အခြားသူတစ်ဦးသို့ သာမန်နေ့စဉ် လူမှုရေးအရ
ဆက်ဆံခြင်း၊ ပြုစုကုသ စောင့်ရှောက်ခြင်းဖြင့် ရောဂါပိုးမကူးစက်နိုင်ပါ။
ထို့ကြောင့် ရောဂါခံစား နေရသူများနှင့် မိသားစုများအား ဝိုင်းပယ်ခြင်း၊
ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ အလုပ်မှထုတ်ပစ်ခြင်း စသည်တို့ကို မပြုလုပ်မိစေရန် အလွန်အရေးကြီးပါသည်။
ထို့ကြောင့် ယခုအခါ ရောဂါခံစားနေရသူများကို လိုအပ်သော ဆေးဝါးများဖြင့်
ကုသပေးခြင်းနှင့် စိတ်ဓာတ်ရေးရာ၊ လူမှုရေးရာ ပြုစုစောင့်ရှောက်ပေးပြီး လုပ်ငန်းများ
ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ လက်တွဲပြီး ကူညီစောင့်ရှောက်သွားရပါမည်။
သို့ပါ၍ နောက်ဆုံး အကြံပြုလိုသည်မှာ....
(၁) ပြည်သူလူထုအား HIV/AIDS
နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာ ရရှိစေပြီး အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခံနေရသူများနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ လူနာများနှင့် မိသားစုများကို
ခွဲခြားနှိမ့်ချမှုမရှိစေရ။
(၂) ပြည်သူလူထုအား အေအိုင်ဒီအက်စ် လူနာများအတွက် အိမ်တွင်းပြုစုစောင့်
ရှောက်နည်းများ တတ်မြောက်အောင် သွန်သင်ပြောကြား ဗဟုသုတပွားများကြစေရန်။
(၃) ကိုယ်ထူကိုယ်ထစနစ် (Self
Reliance) ဖြင့် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်း ပါဝင်ပြီး
အေအိုင်ဒီအက်စ် လူနာများအား ပြုစုစောင့်ရှောက်ရေး ဆောင်ရွက်နိုင်စေရန် ဟူသော
ရည်ရွယ်ချက် များဖြင့် ဆောင်ရွက်လျက်ရှိရာ မိသားစုများ၊ ဆွေမျိုးများ၊
မိတ်ဆွေများ၊ အိမ်နီးချင်းများ စသည့် ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီမှုဖြင့်
တတ်နိုင်သမျှ စဉ်ဆက်မပြတ် ပံ့ပိုးလုပ်ဆောင် ပေးသွားကြပါရန် တိုက်တွန်းအပ်ပါသည်။
ဤအချက်အလက်တို့မှာ AIDS
ကိုယ်ခံစွမ်းအားကျ ရောဂါအတွက် ယခုနှစ် WHO
ဆောင်ပုဒ်၏ ဦးတည်ချက်တို့ဖြစ်ကြောင်းပါ။
လျှပ်တစ်ပြက် -
၂၀၀၉ ခုနှစ်
ခုခံစွမ်းအားကျရောဂါနေ့




