17
May

၂၀၁၁ ခုနှစ်အတွင်း အေ့ဒ်စ်ရောဂါဖြင့် သေဆုံးသူ ၁၈၀၀၀ ကျော် ရှိခဲ့ကြောင်းသိရ

၂၀၁၁ ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် HIV/AIDS ကူး စက်ခံရသူ ခန့်မှန်း ၂၁၅၀၀၀ ရှိခဲ့ပြီး အဆိုပါလူဦးရေမှာ အသက် ၁၅ နှစ် အထက်လူဦးရေ၏ ၀ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့က Central Hotel တွင် ကျင်းပသော မြန်မာနိုင်ငံ HIV ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ရပ်ရွာအခြေပြုကွန်ရက် များနှင့် မူဝါဒဆိုင်ရာ ပုဂ္ဂိုလ်များ တွေ့ဆုံပွဲတွင် UNAIDS မှ ဒေါက်တာစိုးနိုင်က ဆိုပါသည်။

အဆိုပါ HIV ပိုးတွေ့ရှိရသော သူများ၌ တစ်သိန်းနှစ်သောင်းကျော် မှာ ART  ဆေးဝါးလိုအပ်နေသူများ ဖြစ်ပြီး ဆေးဝါးလိုအပ်သူများအနက် မှလေးသောင်း နီးပါးကို ART ဆေး ၀ါးပေးနိုင်ခဲ့ရာ ရှစ်သောင်းကျော်မှာ ART ဆေးဝါးရရှိရန်လိုအပ်နေသူ များဖြစ်ကြောင်း သိရသည်။

“ဆေးလိုအပ်သူတွေရဲ့ သုံးပုံတစ်ပုံပဲ ဆေးပေးနိုင်တယ်။ လိုအပ်သလောက် ဆေးမပေးနိုင်လို့ သေဆုံး သူတွေ ရှိနေပါတယ်”ဟု ဒေါက်တာ စိုးနိုင်က ဆိုပါ သည်။

၂၀၁၁ ခုနှစ်အတွင်း အိတ်ခ်ျအိုင်ဗွီပိုးအသစ် တွေ့ရှိသူဦးရေ ရှစ်ထောင်ကျော်ရှိခဲ့ပြီး  သေဆုံးသူ ခန့်မှန်း တစ်သောင်းရှစ်ထောင်ကျော် ရှိကြောင်းလည်း သိရသည်။

HIV ပိုးရှိသူများမှာ ART ဆေးဝါးကို CD4 ၃၅၀ အောက်ဖြစ်ပါက စတင်သောက်သုံးရမည် ဖြစ်သော်လည်း လက်ရှိတွင် ဆေးဝါးရရှိမှု အခက်အခဲကြောင့် CD4 ၁၅၀ အောက် ဝေဒနာရှင်များသာ ဆေးပေးနိုင်ကြောင်းနှင့် ဝေဒနာရှင်များမှာ ဆေးရရှိရေးအတွက် CD4 ၁၅၀ အောက် ရောက်အောင် ဖန်တီးပြုလုပ် မှုများကိုလည်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ဒေါ်ယိမ်းမျှော်က အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတွင်း HIV  ပိုးတွေ့ရှိရသူ များ၌ အမျိုးသမီး လိင်လုပ်သား များတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း (အမျိုးသမီး လိင်လုပ်သား ၁၀၀ ၌ ကိုးဦးမှာ HIV positive ရှိသူများ ဖြစ်)၊ လိင်တူဆက်ဆံသူများတွင် ခုနစ် ရာခိုင်နှုန်းကျော် (လိင်တူဆက်ဆံသူ ၁၀၀ ဦးတွင် ခုနစ်ဦးမှာ HIV positive ရှိသူများဖြစ်)၊ မူးယစ် ဆေးဝါး ထိုးသွင်းရာမှ ဖြစ်ပွားမှု ၂၁ ရာခိုင်နှုန်း (မူးယစ်ဆေးဝါးထိုးသွင်း သူ ၁၀၀ တွင် ၂၁ ဦးမှာ HIV positive ရှိသူများဖြစ်)၊ ကိုယ်ဝန်ဆောင်ရာမှ တစ်ဆင့်ဖြစ်ပွား မှုနှုန်းမှာ ၁ ရာခိုင်နှုန်းခန့် တွေ့ရှိရကြောင်းလည်း ဒေါက်တာစိုးနိုင်က ဆိုပါသည်။

မြန်မာနိုင်ငံတွင် တီဘီဝေဒနာရှင် ၁၀၀ ဦးတွင် ၁၀ ဦးမှာ HIV positive တွေ့ရှိရကြောင်းလည်း သိရသည်။

Eleven - ၂၀၁၁ ခုနှစ်အတွင်း အေ့ဒ်စ်ရောဂါဖြင့် သေဆုံးသူ ၁၈၀၀၀ ကျော် ရှိခဲ့ကြောင်းသိရ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top