မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း HIV ရောဂါဖြင့် လူပေါင်း ၁၅၀၀၀ အသက်ဆုံးရှုံးပြီး ၇၀၀၀ ကျော် ရောဂါကူးစက် ခံနေရကြောင်း ဇူလိုင် ၁၆ ရက်က Mount Pleasant ဟိုတယ်တွင် ပြုလုပ်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် HIV ဆိုင်ရာ လူမှုကွန်ရက် ပေါင်းစပ်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲတွင် သိရသည်။
မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး သောသူ ၁၅ နှစ်အထက် HIV ရောဂါ 0 (သုည) ဒသမ ၄၇ ရာခိုင်နှုန်း ကူးစက်ခံနေရပြီး လူဦးရေ သန်း ၆၀ ထဲမှ အမျိုးသမီးများ သုံးပုံတစ်ပုံ ရှိနိုင်ကြောင်း စစ်တမ်းများအရ သိရသည်။
MSI ဒေါက်တာ စစ်နိုင်က ''၂၀၁၃ ခုနှစ် အတွင်းမှာ အရွယ်ရောက်ပြီး ၁၅ နှစ်အထက် HIV ရောဂါ ကူးစက်ခံနေ ရပါတယ်။ ဒါက ကျွန်ပျူတာနဲ့ တွက်ချက်ပေးထားတာပါ။ ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ တွက်တဲ့ ပုံစံအတိုင်း တွက်တဲ့အခါ ဒီလောက်တော့ ဖြစ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ဆီမှာ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၃ အထိ ရှိခဲ့ဖူးပါတယ်။ ဒီနှစ်တော့ ထပ်ထပ်ပြီး ကျကျလာတာ ၁၈၉၀၀ ဦးလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ် ၂၀၁၃ ခုနှစ်မှာ HIV ရောဂါနဲ့ လူပေါင်း ၁၅၀၀၀ လောက် အသက်ဆုံးရှုံးပြီး ၇၀၀၀ လောက် ကူးစက်ခံထားရတယ်လို့ တွက်ချက် ခန့်မှန်းပါတယ်'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ HIV ရောဂါဖြစ်ပွားသော မြို့ကြီးများအလိုက် ရာခိုင်နှုန်းမှာ လားရှိုး ၄ ဒသမ ၇ ရာခိုင်နှုန်း၊ မန္တလေး ၅ ရာခိုင်နှုန်းနှင့် ရန်ကုန် ၂၀ ရာခိုင်နှုန်းကျော် ဖြစ်ပွားနေကြောင်း သိရပြီး ၂၀၁၂ ခုနှစ်တွင် HIV ရောဂါဖြစ်ပွားသော လူကြီး ၁၉၇၀၃၄ ဦး၊ ကလေး ၉၈၃၉ ဦး စုစုပေါင်း ၂၀၆၈၇၃ ဦးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ HIV ရောဂါ အမျိုးသား၊ အမျိုးသမီးဖြစ်ပွားမှု ရာခိုင်နှုန်းမှာ အမျိုးသမီး ပြည့်တန်ဆာ တစ်ရာတွင် ၇ ဒသမ ၁ ရာခိုင်နှုန်း၊ အမျိုးသားချင်း ချစ်ခင်စုံမက်ကိစ္စ ၈ ဒသမ ၉ ရာခိုင်နှုန်း၊ ဆေးထိုးအပ်နှင့် မူးယစ်ဆေးဝါး သုံးစွဲသောသူ ၁၈ ဒသမ ၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ်တွင် လူဦးရေ ၇၀၀၀ ကူးစက်ခံရပြီး ၅၀၀၀ ဦး အသက်ဆုံးရှုံးရကြောင်း သိရသည်။
Eleven Media Group - ၂၀၁၃ ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ HIV ရောဂါဖြင့် လူပေါင်း ၁၅၀၀၀ အသက် ဆုံးရှုံး၍ ၇၀၀၀ ကျော် ရောဂါ ကူးစက်ခံရ




