မြန်မာနိုင်ငံအတွင်းရှိ HIV ကူးစက်ခံထားရပြီး ဆေးသောက်သုံးရန် လိုအပ်နေသူတိုင်း ၂၀၂၀ ခုနှစ်၌ ARV ဆေးရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း တာချီလိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထံမှ သိရှိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် အောင်မြတ်ခန်းမ၌ ဒီဇင်ဘာ(၄) ရက်နေ့က ကျင်းပခဲ့သည့် ကမ္ဘာ့ခုခံအားကျဆင့်သည့်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“NAP အနေနဲ့ သက်ဆိုင်ရာ INGO တွေ၊ လူမှုရေး အသင်းအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ ၂၀၂၀ မှာ ရောဂါပိုး ကူးစက်ခံထားရသူတိုင်း ARV ဆေးရရှိအောင် ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ခုခံအားကျရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာ (၃) ရပ်နဲ့အညီ HIV ကူးစက်ခံထားရတဲ့ မိသားစုဝင်တွေ ဆိုးကျိုးသက်ရောက်တာတွေ လျော့နည်းဖို့ ဆောင်ရွက်နေပါတယ်။” ဟု အဆိုပါ အခမ်အနား၌ တာချီလိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာမျိုးမင်းက ပြော သည်။
အဆိုပါ အခမ်းးအနားသို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ INGO များ၊ မြို့သူ/ သားများ၊ ကျောင်းသား/သူများ စုစုပေါင်း (၅၀၀) ခန့်နှင့် တာချီလိတ်မြို့ စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
“ကမ္ဘာပေါ်တွင် လူပေါင်း (၃၅) သန်းခန့် HIV ပိုးကူးစက်မှု ခံနေရပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၈၉ ခုနှစ်က စပြီး ခုခံအားကျရောဂါ တိုက်ဖျက်ရေးနေ့ကို ကျင်းပခဲ့ကြပြီး HIV ကူးစက်ခံထားရသူတွေကို ခွဲခြားမဆက်ဆံဖို့ ပိုးကူးစက်ခံရတဲ့သူတွေ ARV ဆေးပုံမှန်တိုက်ကျွေးမယ်ဆိုရင် သာမန်လူတွေလိုပဲ သက်တမ်းစေ့နေနိုင်ပါတယ်။ လူသားချင်း ကိုယ်ချင်းစာပြီး ဖေးမကူညီကြဖို့လိုပါတယ်။” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
တာချီလိတ်မြို့တွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ ခုခံအားကျရောဂါတိုက်ဖျက်ရေးနေ့အား ကျင်းပခဲ့ပြီး တာချီလိတ် မြို့တွင် HIV ကူးစက်ခံထားရသူ (၆၀၀) ကျော်ခန့်ရှိကြောင်း၊ Malteser International (NGO) မှ ကူးစက် ခံထားရသူပေါင်း (၃၀၀) ကျော်အားနှင့် National AIDS Program (NAP)မှလည်း လူ(၃၀၀)ကျော်ကို ထောက်ပံ့ပေးထားကြောင်း သိရသည်။
ကမ္ဘာ့ခုခံအားကျရောဂါ တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ ပန်ချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကာတွန်းဆုရ ကျောင်းသူ ကျောင်းသားများအား ဆုပေးအပ် ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားပြီးဆုံးခဲ့သည်။
မြစ်မခ - ၂၀၂၀ ခုနှဏ်၌ ARV ဆေးသောက်ရန် လိုအပ်သူတိုင်း ဆေးရရှိရေး ဆောင်ရွက်လျက်ရှိ




